မဇ္ဈိမသတင်းဌာန
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမပေးက မကြာခင်အချိန်အတွင်း အဖြေထွက်တော့မှာပါ။ မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဟာ လွန်ခဲ့တဲ့ နှစ် ၂ဝ အတွင်း အချိန်အများစုကို နေအိမ်အချုပ်နဲ့ ဖြတ်သန်းခဲ့ရပါတယ်။
ရွေးကောက်ပွဲအပြီး တပတ်မတိုင်ခင် နိုဝင်ဘာလ ၁၃ ရက် မှာ ပြစ်ဒဏ်ရက် ပြည့်တော့မှာ ဖြစ်ပါတယ်။
မဖိတ်ခေါ်ဘဲ အိမ်ထဲရေကူးဝင်လာတဲ့ အမေရိကန်နိုင်ငံသားကို ဧည့်ခံလို့ နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်မှုနဲ့ ၂ဝဝ၈ ခုနှစ်မှာ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမိန့်နဲ့ ၁ နှစ်ခွဲကို နေအိမ် အထိန်းသိမ်းခံရစဉ်၊ ကောင်းကောင်းနေရင် လွှတ်ပေးမယ်လို့ ဆိုပါတယ်။
ဒီကြားထဲ ပြစ်မှုမတွေ့ရတာကြောင့် သူ့ကို လွတ်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေက ထောက်ခံသူတွေကြားမှာ တိုးလာနေပါတယ်။
၁ဝ နှစ်နီးပါး မတွေ့ရတဲ့ ဒေါ်စုရဲ့ သားငယ် ကိုထိန်လင်းကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတယ်ဆိုတဲ့ သတင်းကလည်း မျှော်လင့်ချက်တွေကို မီးထိုးပေးနေပါတယ်။
ဒါ့အပြင် ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို အခု နိုဝင်ဘာလမှာ ပြန်လွှတ်ပေးမယ်လို့ ဒီနှစ်ဆန်းတုန်းက ပြောခဲ့ဖူးပါတယ်။
လွတ်မလွတ် သတင်းဟာ နိုင်ငံတကာကလည်း စိတ်ဝင်တစားရှိနေပြီး၊ သတင်းပိတ်ဆို့မှုမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာနိုင်ငံထဲကို အချိန်မီ သွားရောက်နိုင်ကြဖို့ ကြိုးပမ်းနေခဲ့ကြပါတယ်။
အနှုတ်လက္ခဏာပြတဲ့ တချက်ကတော့ နေအိမ်ပြစ်ဒဏ် အထူးအယူခံ ဒေါ်အောင်ဆန်းစုကြည် လျှောက်ထားတာကို နေပြည်တော် တရားရုံးချုပ်က မနေ့တုန်းက ပယ်ချလိုက်တာပါ။
ဒါပေမဲ့ ဒီနေ့မနက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်တွေ မျှော်လင့်တကြီးနဲ့ ရန်ကုန် ပါတီရုံးချုပ်ရှေ့မှာ စောင့်ဆိုင်းနေတာ ရာချီရှိတယ်လို့ ပါတီဘက်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် ဘာတွေလုပ်မလဲ၊ မြန်မာ့နိုင်ငံရေး အခြေအနေက ဘာတွေများ ပြောင်းမလဲ ဆိုတာကတော့ မြန်မာ့အရေး လေ့လာသူတွေအတွက် အဓိက မေးခွန်းဖြစ်နေပါတယ်။
စစ်အစိုးရဥပဒေအရ နိုင်ငံရေးပါတီ မဟုတ်တော့တဲ့ အဖွဲ့အစည်းကို ပြန်လည်စုစည်းပြီး၊ လူထုအကျိုးပြု လူမှုရေးလုပ်ငန်းတွေ အာရုံစိုက်လုပ်မယ်လို့ ယူဆချက်တွေလည်း ရှိနေပါတယ်။
မကျန်းမာတဲ့ မိခင်ကို ပြုစုဖို့ ၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပါတီ အာဏာရှင် အစိုးရကို တော်လှန်အုံကြွမှုနဲ့ ကြုံကြိုက်ပြီး လူထုခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ၁၉၉ဝ ပြည့် ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဲအပြတ်အသတ်နဲ့ အနိုင်ရချိန်မှာ သူကတော့ နေအိမ်အကျယ်ချုပ် ကျခံနေခဲ့ရပါပြီ။ ဒါပေမဲ့ စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို ဥပေက္ခာပြုပြီး၊ အာဏာလွှဲမပေးဘဲ ညောင်နှစ်ပင်အရပ်မှာ အခြေခံ ဥပဒေရေးဆွဲရေး ညီလာခံ လုပ်ခဲ့ပါတယ်။
ပထမပိုင်းမှာ ပါဝင်ခဲ့တဲ့ အန်အယ်ဒီဟာ အုပ်ချုပ်ရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို အသေအချာ အာမခံထားပြီး ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ရေးဆွဲခိုင်းတာကြောင့် နုတ်ထွက်ခဲ့ပါတယ်။ ကမ္ဘာ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်ုးစုကြည်ကိုတော့ နေအိမ်အကျယ်ချုပ်မှာ ထားလိုက်၊ ခဏလွှတ်လိုက်နဲ့ လုပ်ထားပါတယ်။
အကျယ်ချုပ်က လွတ်နေတဲ့ ၂ဝဝ၃ ခု မေလ ၃ဝ ရက် ည၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ စည်းရုံးရေးခရီး လှည့်နေတုန်း စစ်အစိုးရက အသေအချာ စီမံပြီး တုတ်တွေ၊ ဓားတွေ ကိုင်ဆောင်ထားတဲ့ လူမိုက်တွေနဲ့ တိုက်ခိုက်ခိုင်းလို့ အန်အယ်ဒီ အဖွဲ့ဝင်တွေ သေကြဒဏ်ရာရခဲ့ပါတယ်။ စစ်အစိုးရက ၄ ဦးသေတယ်လို့ ပြောခဲ့ပေမယ့်၊ အန်အယ်ဒီဘက်က အနည်းဆုံး ၆ဝ လောက်သေတယ်လို့ ဆိုခဲ့ပါတယ်။ ထုံးစံအတိုင်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးတွေ မရှိခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးဟာ နေအိမ်အကျယ်ချုပ် ထပ်ကျခဲ့ရပါတယ်။ ဦးတင်ဦးရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်တော့ ပြန်လွှတ်ပေးခဲ့ပြီး၊ မကြာသေးခင်ကပဲ စင်္ကာပူမှာ ဆေးကုသခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မှာလည်း နှလုံးရောဂါ၊ အစာအိမ်၊ ရေဓာတ်ခမ်းခြောက်တဲ့ ရောဂါတွေ ရှိနေပြီး ဒီနှစ် ဧပြီလတုန်းက စိုးရိမ်ဖွယ် နှလုံးရောဂါ အခြေအနေကြောင့် ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ် ကုသခံခဲ့ရပါသေးတယ်။
မဲလိမ်မဲညစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ခဲ့ပါတယ်။ အန်အယ်ဒီက ပဲ့ထွက်သွားတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကတော့ ၁၆၃ နေရာ ဝင်ပြိုင်ရာမှာ တဆယ်ရာခိုင်နှုန်းလောက် အနိုင်ရတယ်လို့ အစောပိုင်းသတင်းတွေက ဆိုပါတယ်။
No comments:
Post a Comment