“ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ၊ ချမ်းသာပါစေ” “အမေစု” စသော လူထု၏ ကြွေးကြော်သံ၊ လက်ခုပ်တီးသံတို့က ရွှေဂုံတိုင် လမ်းမ တလျှောက်လုံး မြည်ဟီးပျံ့လွင့် တက်လာသည်ကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးချုပ်သို့ ရောက်လာပြီ ဆိုသည်ကို သိလိုက်ရသည်။ကြွေးကြွော်သံကို စဉ်ဆက်မပြတ်ကြားနေရသကဲ့သို့ ကားရှေ့တွင် လူများနှင့်ပိတ်နေသောကြောင့် ဒေါ်အောင်ဆန်းစုကြည် ကားထဲ ကနေ ထွက်မရကြောင်း သတင်းစကား ကြားနေရသည်။
ရုံးရှေ့နှင့် ရုံးအနီးမှာရှိနေသော ပြည်သူလူထုမှာ မနက် ၁၀ နာရီကတည်းကပင် အပြည့်ဖြစ်နေခဲ့ပြီး ၁၁ နာရီကျော်သည်နှင့် လူအုပ် ကြီးမှာ သောင်းနှင့်ချီ အထိ ဖြစ်လာသည်။
ရုံးအပေါ်ထပ်၊ အစည်းဝေးခန်းမ အတွင်းမှာလည်း နိုင်ငံခြား သံတမန်များ တဖွဲဖွဲရောက်လာကြကာ မနက် ၁၁ နာရီခွဲတွင် လူ ၅၀ ၀န်းကျင်ခန့် အစည်းဝေးပြုလုပ်နိုင်သော ခန်းမအတွင်း အပြည့်ဖြစ်နေခဲ့ပြီ။
ရုံးအပေါ်ထပ်မှာလည်း သူတို့ချစ်သော သူတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရေးအတွက် ဗဟို အလုပ်အမှုဆောင် များနှင့် ဗဟိုအမျိုးသမီးအဖွဲ့ဝင်တချို့ရှိနေသည်။ ဗဟို အမျိုးသမီးအဖွဲ့မှာ မနက် ၆ နာရီ မထိုးခင်ကတည်းက ရုံးသို့ ရောက် လာကြ ပြီး ပြင်ဆင်နေကြသူများ ဖြစ်သည်။
“လူတွေက ပြည့်ကြပ်နေပြီ၊ ကားထဲက ဘယ်လိုမှ ထွက်မရဘူး”ဟု NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးက အပေါ်ထပ်မှ အောက်ထပ်ကို ဆင်း ပြီး ရုံးရှေ့ကိုမျှော်ကြည့်ခဲ့ရာ လူထုက မျက်စိတဆုံးဖြစ်နေပြီ ဖြစ်ကြောင်း ပြောဆိုရင်း ကားတွင်းမှ ဒေါ်အောင်ဆန်းစုကြည်အတွက် စိတ်ပူပင်လျက် ရှိသည်။
“သူကတော့ မပြောတတ်ဘူး၊ လူတွေနဲ့ ပိတ်နေလို့ သူတို့ကား ရွှေဂုံတိုင်မီးပွိုင့် ကျော်ကတည်းက ရွေ့တရွေ့ဖြစ်နေပြီလို့ ကြားရ ကတည်းက စိတ်ပူနေရတာ” ဟု ဦးတင်ဦးက ပြောဆိုသည်။
ဦးတင်ဦးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒီပဲယင်း ခရီစဉ်သို့ လိုက်ပါခဲ့သူဖြစ်ပြီး ဒီပဲယင်း တိုက်ခိုက်မှုကို ကြုံလိုက်ရကတည်း က ဒေါ်အောင်ဆန်းစုကြည် အတွက် အမြဲစိတ်ပူပင် နေခဲ့ရကြောင်း ပြောသည်။
ပြည်သူချစ်သော ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူလူထုဖြင့် ပြည့်ကျပ်နေသော ရုံးရှေ့မှာတင် မိနစ် ၄၀ နီးပါးခန့်အထိ ကား အတွင်းမှာ ပိတ်မိနေခဲ့သည်။
ရုံး အပေါ်ထပ်သို့ လှေကားပေါ်မှ တက်လာသော ဒေါ်အောင်ဆန်းစုကြည်မှာ ပိတ်ဖောက် ဇာအင်္ကျီ နက်ပြာရောင် နှင့် မြန်မာ ဆန် ဆန် ချိတ်လုံချည် နက်ပြာနုရောင်ကို တွဲဖက် ၀တ်ဆင်ထားပြီး နောက်တွဲဆံထုံး လျော့လျော့ဘေးတွင် နှင်းဆီပန်း ပန်းရောင်နှင့်
အ၀ါရောင် တို့ကို ရောစပ်ပြီး ဝေနေအောင် ပန်ထားသည်။
ပြုံးပြီး တက်လာသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လှေကားထိပ်မှာရပ်စောင့်နေသော ဘီဘီစီ သတင်း ဋ္ဌာနမှ သတင်းထောက်က စီးကြို နှုတ်ဆက်သည်။ သူ့နောက်မှာ ရပ်နေကြသော သတင်းထောက်များကလည်း ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ကြသည်။
သူ့အတွက် ပြင်ဆင်ထားသော အခန်းတွင်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်သည်နှင့် ဗဟို အမျိုးသမီး အဖွဲ့မှ ဒေါ်အေးအေးမာ က အသင့်ပြင်ထားသော ဇွန်ပန်းကုံးကို စွပ်သည်။
ဒေါ်အောင်ဆန်းစုကြည်က အစည်းဝေးခန်းမတွင်းမှာ သံတမန်များရောက်နေပြီဟု သိသိချင်း မနားတော့ဘဲ အစည်းဝေးခန်းမ ဆီသို့ လျှောက်သွားလေသည်။ ထိုအချိန်က ၁၁ နာရီ မိနစ် ၂၀ ၀န်းကျင်ခန့် ဖြစ်သည်။
ရွှေဂုံတိုင်လမ်းမကြီးပေါ်သို့ ဒေါ်အောင်ဆန်းစုကြည်၏ ခန်းဆီး နံရံကွက်တုန်းကလေးများကနေ လှမ်းကြည့်လိုက်ရာ လူထုမှာ မျက်စိ တဆုံး၊ လမ်းမပေါ်မှာ အပြည့် ၊ ကျောက်ဆည် ဓမ္မာရုံထဲမှာလည်း အပြည့်၊ ရုံးရှေ့တည့်တည့် ရွှေတိဂုံ ဘုရားကုန်းပေါ်မှ သစ်ပင်တွေပေါ်မှာလည်း လူတွေ၊ ဘေးပတ်ပတ်လည်က အဆောက်အဦးတွေပေါ်မှာလည်း လူတွေ။
ရုံးအောက်ထပ်မှာလည်း သတင်းထောက်တွေ အခန်းပြည့်ရောက်နေကြပြီ ဖြစ်ကြောင်း၊ ရုံးရှေ့မှာလည်း လူထုက ညှပ်ထပ် နေကြပြီ ဖြစ်ကြောင်း သိရသည်၊
“အဘ ရုံးရှေ့တံခါးကိုတော့ ပိတ်လိုက်မှ ဖြစ်တော့မယ်၊ လူထုက ရုံးထဲထို ပြိုဆင်းလာနေပြီ၊ ရှေ့မှာ လူငယ်တွေ လက်ချင်း ချိတ်ပြီး တားထားတာ ဘယ်လိုမှ မနိုင်တော့ဘူး၊ သံတမန်တွေ ပြန်ထွက်ဖို့တောင် ခက်နေပြီ။ ထွက်ပေါက်လမ်း မရှိတော့ ဘူး”ဟု NLD လူငယ် အဖွဲ့ဝင် တဦးက ဦးတင်ဦး ထံသို့ သတင်း လာပို့သည်။
သံတမန်များနှင့် မိနစ် ၃၀ ကျော် တွေ့ဆုံပြီးနောက် အစည်းအဝေးခန်းမှ ပြန်ထွက်လာသော ဒေါ်အောင်ဆန်းစုကြည် ကို သံတမန် တချို့က သီးသန့်တွေ့ဆုံကြသေးသည်။
“မင်းတို့ ခေါင်းဆောင်က သိပ်တော်တယ်နော်၊ မင်းမှာတို့ သူလို ခေါင်းဆောင်မျိုး ရှိတဲ့အတွက် ဂုဏ်ယူတယ်”ဟု ချက် နိုင်ငံမှ လာရောက်ခဲ့သော သံတမန်တဦးက NLD အဖွဲ့ဝင် တချို့ကို ပြောသည်။
ထိုစကားသံနှင့်အတူ နိုင်ငံခြားသား သံတမန်များက ဒေါ်အောင်ဆန်းစုကြည်အား အင်မတန် လေးစားချစ်ခင်ကြသည်ကို မြင်တွေ့ နေရသောကြောင့်၊ ရင်ထဲမှာ ဂုဏ်ယူခြင်း၊ ၀မ်းသာခြင်းတို့ဖြင့် “ဒါ ငါတို့ ခေါင်းဆောင်”ဟူသော အတွေးက ရင်ထဲကို ၀င်လာသည်။
နေ့လယ် ၁၂ နာရီ ၀န်းကျင်မှာတော့ လူထုနှင့် စကားပြောရန်အတွက် ထွက်သွားသော ဒေါ်အောင်ဆန်းစုကြည်၏ ခြေလှမ်းကို ဗဟို အမျိုးသမီးအဖွဲ့မှ ဒေါ်မေ၀င်းမြင့်က နောက်ကနေပြေးပြီး လိုက်ရသည်ကို တွေ့ရသည်။
ရုံးရှေ့သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ပြီဆိုသည်နှင့် လူထုမှာ အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်ကာ “အမေစု” ဟု အော်ခေါ် သံ၊
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”ဟူသော ကြွေးကြော်သံ လက်ခုပ်တီးသံတို့ဖြင့် ဆူညံသွားတော့သည်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း စပြောသည့် အချိန်မှာတော့ အားလုံးငြိမ်သွားကြပြီး“စည်းကမ်းရှိပါ၊ ရှေ့ကနေ ထိုင်ကြပါ” ဟူသော
အသံ တချို့တလေကိုသာ ကြားရတော့သည်။
ဒေါ်အောင်ဆန်းစုကြည်ပြောသော မိန့်ခွန်းတွင် အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေး လုပ်ဆောင်သွားမည်ဟု ထည့်သွင်းပြော ကြားသွားသည်။
“ကျမက အမျိုးသားရင်ကြားစေ့ရေးကို အမြဲတမ်း ယုံကြည်နေတယ်၊ ဒီနည်းကို ကျမတို့သွားရမယ် ဆိုတာကို ယုံကြည်တယ်၊ အခု ကျမကို ထောက်ခံနေတဲ့ လူတွေ ရှေ့မှာ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ၊ ကျမကို ထိန်းသိမ်းခဲ့တဲ့ လူတွေအပေါ်မှာလည်း ဘာ အာဃာတ စိတ်မှ မထားဘူး၊ ကျမ ယုံကြည်တာက လူ့အခွင့်အရေးကို ယုံကြည်တယ်၊ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်တယ်၊
အဲဒါတွေ အတွက် ကျမ အမြဲတမ်း ရုန်းကန်သွားမှာပဲ”ဟု
ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်ပြီး သူတဦးတည်း ပြောနေရ ခြင်းသည် ဒီမိုကရေစီ မဆန်ကြောင်း၊ လူထုထဲမှ လူတချို့ကိုလည်း သူ့အားပြောချင်သည်ကို ပြောစေလိုကြောင်း ပြောခွင့်ပြုခဲ့သည် ကို တွေ့ရသည်။
မွန်းလွဲ ၁ နာရီအချိန်မှာတော့ ရုံးအောက်ထပ်၊ ခန်းမထဲတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မည်ဟု ကြားသိ ထားကြသောကြောင့် ပြည်တွင်း ပြည်ပ သတင်းထောက် ဦးရေ ရာဂဏန်း ရှိပြီး ရုံး အောက်ထပ်ပြည့်သွားသည်ကို တွေ့မြင်ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သတင်းထောက်များနှင့် အမေးအဖြေများပြုလုပ်ခဲ့ပြီး ညနေ ၃ နာရီ ၀န်းကျင်တွင် ရေဝေး သုသာန် သို့ NLD ဗဟို အလုပ်အမှုဆောင် ဦးလွင် ၏ ဇနီး သင်္ဂြိုဟ်သည်ကို လိုက်ပို့ရန်အတွက် ရုံးမှ ထွက်ခွာ သွားခဲ့သည်။
လူအုပ်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ကားနောက်မှ တရွေ့ရွေ့လိုက်ပါသွားကြပါသည်။
No comments:
Post a Comment