Saturday, November 13, 2010

ဘုရားသုံးဆူမြို့ ပုံမှန်အခြေအနေပြန်မရောက်သေး

မင်းထက်အောင်၊ ကောင်းဝါ

ယခုရက်ပိုင်းအတွင်း ဘုရားသုံးဆူမြို့ခံများ ထိုင်းနယ်မြေသို့ ထွက်ပြေးခဲ့ကြရပြီး ပြန်လည်အေးဆေးပြီဟု ယူဆကြသည့်အတွက် ယမန်နေ့၌ မိမိနေအိမ်အသီးသီးသို့ ပြန်လည်ရောက်ရှိကြသော်လည်း ယခင်ပုံမှန်အခြေအနေသို့ ပြန်လည်မရောက်ရှိသေးဟု သိရသည်။

“သတိထားနေရပါတယ် တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုပြီး စိုးရိမ်နေရပါတယ်၊ စိတ်ချရတဲ့အခြေအနေ မဟုတ်သေးပါဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

ထိုင်းနယ်မြေသို့ဝင်ရောက်ခိုလှုံကြသော အဆိုပါဒုက္ခသည်များအားလုံးသည် ယမန်နေ့တွင် ဘုရားသုံးဆူမြို့သို့ပြန်လည်ရောက်ရှိခဲ့သော်လည်း မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ဂျပန်ရေတွင်းရွာနှင့် အနီးတဝိုက်တွင် ဘုရားသုံးဆူမှစစ်ပြေးဒုက္ခသည်တစ်ထောင်နီးပါးခန့် ကျန်ရှိနေသေးကြောင်း မွန်ပြည်သစ်ပါတီမှအရာရှိတစ်ဦးက ဆက်သွယ်ပြောကြားခဲ့သည်။

“လူမနေတဲ့အိမ်တွေကို ဘုရားသုံးဆူအာဏာပိုင်တွေ သိမ်းလိုက်မယ်လို့သတင်းထွက်နေတော့ အိမ်ထောင်ဦးစီးတွေ ကိုယ့်အိမ်ကိုယ်ပြန်နေပြရတယ်၊ မိသားစုတွေအားလုံး အိမ်ပြန်မရဲသေးပါဘူး” ဟု အဆိုပါအရာရှိက ပြောသည်။

နိုဝင်ဘာလ(၇) ရက်နေ့ရွေးကောက်ပွဲအပြီး နောက်တစ်နေ့တွင် ဒီကေဘီအေတပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့ကို သိမ်းပိုက်ခဲ့ရာတွင် အစိုးရရုံးအဆောက်အဦးအချို့ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် မြို့ပေါ်နှင့်အနီးအနားဒေသတဝိုက်တွင်လည်း လက်နက်ကြီးငယ်ဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည့်အတွက် မြို့ခံတစ်သောင်းကျော် ထိုင်းနယ်မြေသို့ စစ်ပြေးဒုက္ခသည်အဖြစ် ဝင်ရောက်ခိုလှုံခဲ့ကြရခြင်း ဖြစ်သည်။

၎င်အပြင် လက်နက်ကြီးများပစ်ခတ်မှုကြောင့် အရပ်သား(၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အနက် (၉)နှစ်အရွယ်မိန်းခလေးငယ်တစ်ဦး သေဆုံးခဲ့ရသည့်အဖြစ်အပျက်များတွင် မြန်မာစစ်အစိုးရ လက်နက်ကြီးကျည်ဆံဖြစ်သည်ဟု စစ်ရေးစောင့်ကြည့်သူများက သုံးသပ်ကြသည်။

ထိခိုက်သူအများစုမှာ မြန်မာပိုင်လက်နက်များတွင်အဖြစ်များပြီး ထိုင်းနယ်မြေသို့ မြန်မာလက်နက်ကြီးတစ်လုံး ကျွံကျပေါက်ကွဲခဲ့စဉ် မြန်မာနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံထိုင်းအာဏာပိုင်များထံက သိရသည်။

အဆိုပါစစ်ပြေးဒုက္ခသည်များသည် ထိုင်းနယ်မြေဘုရားသုံးဆူဘုရားကုန်း၊ ဂွတ်ချ (မီးသွေးဖို)၊ စံခလပူရီမြို့နှင့် မွန်ပြည်သစ်ထိန်းချုပ်ရာ ဂျပန်ရေတွင်းဧရိယာများသို့ ထွက်ပြေးဝင်ရောက်လာခြင်းဖြစ်သည်ဟု ဒုက္ခသည်ကူညီရေးအဖွဲ့များထံမှ သိရှိရသည်။

ယခုအခါ ပြည်တွင်းမှမြန်မာစစ်အစိုးရ စစ်ကူတပ်များလာရောက်နေသည့်သတင်း ထွက်ပေါ်နေသည့်အတွက် တိုက်ပွဲကြီးများ ထပ်မံဖြစ်ပေါ်လာမည်ကို ဒေသခံများစိုးရိမ်နေကြရသည်ဟု မြို့ခံများအကြားပြောဆိုမှုများ ဖြစ်ပေါ်နေသည်။

အနန်းကွင်းရွာနှင့် ဘုရားသုံးဆူတောင်ကြားရှိ သေမင်းတမန်ရထားလမ်းမတလျှောက် တချို့နေရာ၌ ယနေ့တွင် မြန်မာစစ်အစိုးရတပ်ဖွဲ့နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့အကြား တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုချက်မရရှိခဲ့ပေ။

အနန်းကွင်းရွာရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၃) ရှေ့တန်းစစ်ဗျူဟာလက်အောက်ခံတပ်များ ဘုရားသုံးဆူမြို့သို့ ခြေလျှင်ခရီးဖြင့် ချီတက်နေရသဖြင့် ခရီးမတွင်ဖြစ်နေသည်။

ယခုအခါ ဒီကေဘီအေတပ်ဖွဲ့ဝင်များလည်း ဘုရားသုံးဆူမြို့ပြင် ပတ်လည်အနီးတဝိုက်၌ အင်အားတိုးမြှင့်ချထားသည်ဟုလည်း သိရသည်။

မြို့စောင့်တပ်ဖြစ်သည့် ခလရ(၂၈၃) ရဲဘော်များ မြို့ပေါ်တွင်နေရာရယူထားခြင်းမရှိဟု ဒေသခံများ ပြောဆိုနေကြပြီး စခန်းအခိုင်အမာတည်ဆောက်ထားသည့် တပ်ကုန်းအတွင်း၌ အခိုင်အမာနေရာယူထားရသဖြင့် စားနပ်ရိက္ခာပြဿနာများ အခက်ကြုံနေရကြောင်း စုံစမ်းသိရှိရသည်။

လွန်ခဲ့သည့်နိုဝင်ဘာ(၈) ရက်နေ့ မြဝတီမြို့ကို ဒီကေဘီအေတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီးနာရီပိုင်းအတွင်း၌ ဒေသရှိဒီကေဘီအေတပ်ဖွဲ့များသည်လည်း ဘုရားသုံးဆူမြို့ကို အလစ်အငိုက် ရုတ်တရက်သိမ်းပိုက် ခဲ့ခြင်းဖြစ်သည်။

ထို့အတူမြဝတီမြို့သည်လည်း ယခုအခါပုံမှန်အခြေအနေပြန်မရောက်သေးဟု ဒေသခံများကဖုန်းဖြင့် အကြောင်းကြားခဲ့ကြသည်။

No comments: