Tuesday, November 9, 2010

မြဝတီတိုက်ပွဲအတွင်း သတင်းထောက်တဦး ဒဏ်ရာပြင်းထန်စွာရရှိ

ခင်ဦးသာ Tuesday, 09 November 2010

မြ၀တီမြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း သတင်းယူနေသည့် ပြည်တွင်း ဂျာနယ် သတင်းထောက် တဦးသည် ယနေ့နံနက်ပိုင်းက ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်အခြေစိုက် မှုခင်းရှုထောင့် ဂျာနယ်မှ သတင်းထောက် ကိုသိန်းထွန်း (၃၉) နှစ်သည် မြ၀တီမြို့ အမှတ် ၄ ရပ်ကွက် ရယက ရုံးအနီး၌ နံနက် ၆ နာရီ ၀န်းကျင်တွင် သေနတ် ထိမှန်သွားကာ ဒဏ်ရာ ပြင်းထန်သဖြင့် မြ၀တီဆေးရုံ အရေးပေါ် ခွဲစိတ်ခန်းသို့ ပို့ဆောင် ထားကြောင်း မျက်မြင်ဒေသခံ တဦးက ပြောဆိုသည်။

“သူက တိုက်ပွဲသတင်း ယူနေရင်း ဖြစ်သွားတာပါ။ သေနတ်ဒဏ်ရာက အတော်ပြင်းတယ်၊ အခြေအနေက သိပ်ပြီးတော့ မျှော်လင့်ချက် မရှိဘူး” ဟု ဆက်ပြောသည်။

မြ၀တီ အမှတ် ၄ ရပ်ကွက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးသံဒိုင်၏ ဖခင်ကိုလည်း DKBA တပ်ဖွဲ့ဝင် တချို့က နိုဝင်ဘာလ ၈ ရက်နေ့တွင် အိမ်ပေါ် တက်ရောက် ပစ်ခတ်ခဲ့ရာ ဒဏ်ရာလေးချက်ဖြင့် ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း သိရသည်။

“မနေ့က နေ့လယ် ၁၁ နာရီလောက်မှာလည်း မြို့ထဲမှာ ဆိုက်ကားနင်းနေတဲ့ သူတဦးရယ်၊ အသက် ၄၀ အရွယ် နာမည် မသိရသေးတဲ့သူ တဦးရယ် သေသွားခဲ့ပါတယ်။ အခု မြ၀တီဆေးရုံမှာ ၂၉ ဦး တင်ထားတာလဲ ဒဏ်ရာတွေ ပြင်းတယ်” ဟု မြို့ခံ တဦးက ပြောပြသည်။

ထို ၂၉ ဦးထဲတွင် အမျိုးသမီး ဦးရေ များကြောင်းလည်း သိရသည်။

ယခုအခါ မြ၀တီမြို့ပေါ်တွင် နအဖ စစ်တပ်၏ ဘားအံအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၂၂) က လုံခြုံရေးတာဝန် ယူထားကြောင်း သတင်းရရှိသည်။

တိုက်ပွဲသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ဖြစ်ပွား ခဲ့ပြီး ဖြစ်ပွားရခြင်း အကြောင်းရင်းမှာ နအဖ စစ်အစိုးရ၏ ရွေးကောက်ပွဲ မတရားမှု များကို မကျေနပ် သောကြောင့်ဟု သိရသည်။

No comments: