Tuesday, November 9, 2010

မင်းတပ်မြို့မှာ ကြိုတင်မဲကြောင့် ကြံ့ဖွံ့အားသာ

ခိုနုမ်းထုန် သတင်း၊ ၀၉ နိုဝင်ဘာ ၂၀၁၀

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ်လွှတ်တော်သုံးခုစလုံးတွင် စစ်အစိုးရကျောထောက်နောက်ခံပြုထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြိုတင်မဲကြောင့် အနိုင်ရထားတယ်လို့ သိရသည်။

“အဓိကကတော့ လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်တာပေါ့..”ဟု မင်းတပ်မြို့ ချင်းအမျိုးသားပါတီ ဥက္ကဌက ပြောသည်။

“ကြိုတင်မဲကအရမ်းများနေတယ်…ထောင်ဂဏန်းကျော်တယ်လေ…အဲဒီကြိုတင်မဲအားလုံးက သူတို့(ကြံ့ဖွံ့) ပါတီလက်ထဲ ရောက်ကုန်တယ်လေ.. ပြီးတော့ ကြိုတင်မဲတွေတော်တော်များများက အဖုံးမပိတ်ဘူးဖြစ်နေတယ်” ဟု ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘခ်ထောင်းက ပြောသည်။

ယခုလို ကြံ့ဖွံ့ပါတီရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ အမျိုးသားနိုင်ငံရေးအဖွဲချုပ်(ပြည်ထောင်စုမြန်မာနိုင်ငံ) တို့ လေးပါတီသဘောတူလက်မှတ်ထိုးပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံ စာရေးတင်ပြမည်ဟု မင်းတပ်မြို့ ချင်းအမျိုးသားပါတီ ဥက္ကဌ ကပြောပါသည်။

မင်းတပ်မြို့နယ်တွင် ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်(ပြည်ထောင်စုမြန်မာနိုင်ငံ) (UMFNP) ပါတီတို့ဝင် ရောက်ယှဉ် ပြိုင်ကြသည်။

အလားတူ ချင်းပြည်နယ်အထက်ပိုင်း တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် ကြံ့ဖွံ့ပါတီက ထိပ်ဆုံးကနေ ဦးဆောင်နေသည်ဟုလည်း သိရသည်။

No comments: