Thursday, November 4, 2010

ရသေ့တောင် မယက ဥက္ကဌမှ မိမိသဘောဖြင့် ၀န်ထမ်း ကြိုတင်မဲ ကောက်ယူ

နိရဉ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယက ဥက္ကဌသည် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် မသိဘဲ ၀န်ထမ်းများအား ကြိုတင်မဲ ကောက်ယူ နေကြောင်း သတင်း ရရှိသည်။

ထိုသို့ ၀န်ထမ်းများအား ကြိုတင်မဲ ကောက်ယူနေကြောင်းကို ကြားသိ ရသဖြင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှမောင်သိန်းက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကို သွားရောက် မေးမြန်းရာ ယခုကဲ့သို့ ပြောကြောင်း သူက ပြောသည်။

“ ကျွန်တော်က မြို့နယ် မယက ရုံးကို သွားပီး ရွေးကောက်ပွဲ ကော်မရှင်ကို သွားမေးတယ်။ အခု ကြိုတင်မဲ ကောက်တာဟာ ဘာသဘောလဲ ဆိုတော့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ဒီကိစ္စကို မြို့နယ် မယက ဥက္ကဌ ဦးအောင်မျိုးမြင့် ပြုလုပ်နေတာ ဖြစ်တယ်။ သူတို့လည်း မသိဘူး။ ဒါ့ပြင် ဘာမှ မတတ်နိုင်ဘူးဆိုပြီး ပြောပါတယ်။”

ဝန်ထမ်းများကြိုတင်မဲကို နိုဝင်္ဘာလ ၁ ရက်နေ့မှ စတင် ကောက်ခံနေပြီး ရသေ့တောင်မြို့ပေါ်မှ နီးစပ်ရာ နီးစပ်ရာ ၀န်ထမ်းများကို ခေါ်ယူပြီး ကြိုတင်မဲ ကောက်ခံနေခြင်း ဖြစ်သည်။

“ တချို့ဝန်ထမ်းတွေက မဲရုံစောင့် တာဝန်လည်း မပါဘူး။ သူတို့ကိုလည်း ကြိုတင်မဲ ကောက်ယူတယ်။ ပီးရင် ကြံ့ဖွတ်ပါတီကို မဲထည့်ခိုင်း တယ်လို့ လည်း သိရတယ်။ ၀န်ထမ်းတွေက အလုပ်ပြုတ်မှာကို ကြောက်တဲ့ အတွက် ကြံ့ဖွတ်ပါတီကိုသာ မဲထည့်ခဲ့ရတယ်လို့ ကျွန်တော်ကို ပြောကြပါတယ်” ဟုသူက ပြောသည်။

အလားတူ ပေါက်တောမြို့နယ်တွင်လည်း ၀န်ထမ်းများကို ကြိုတင်မဲ ကောက်ယူနေပြီး အများစု ၀န်ထမ်းများမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကိုသာ မဲထည့်ခဲ့ကြရသည်ဟု သိရသည်။

နဖအ စစ်အစိုးရမှ ယခုလာမည့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရား မျှတမူ ရှိစေရမည်ဟု ပြောထားသော်လည်း ရွေးကောက်ပွဲ မကျင်းပမှီကပင် သက်ဆိုင်ရာ အာဏာာပိုင်များက မဲကလိမ်ကကျစ် ပြုလုပ်နေသဖြင့် ပြည်သူများ အနေဖြင့် လာမည့် ရွေးကောက်ပွဲ အပေါ် လုံးဝ အယုံအကြည် မရှိ ဖြစ်နေကြောင်း သိရသည်။

No comments: