နရီလင်းလက် Saturday, 06 November
နအဖ စစ်အစိုးရက ၎င်းတို့ ကျောထောက် နောက်ခံ ပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အတွက် ကြိုတင်မဲများစွာ ရယူခြင်းအပါအ၀င် နည်းလမ်းပေါင်းစုံဖြင့် တိုင်းပြည် အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ရန် စီစဉ်ပြီးဖြစ်သည်ဟု ရွေးကောက်ပွဲ လေ့လာသုံးသပ်သူများက ပြောဆိုလိုက်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခုကျင်းပမည့် ရွေးကောက်ပွဲ အနိုင်ရရှိရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲ အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး အစီအစဉ်များ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေပြည်တော်လေးလပတ် အစည်းအဝေးများနှင့် ကြံ့ဖွံ့ပါတီ အစည်းအဝေးများတွင် ဗိုလ်ချုပ်မှူးကြီးသည် ရွေးကောက်ပွဲတွင် အနည်းဆုံး ၈၅ ရာခိုင်နှုန်းဖြင့် နိုင်ရမည်ဟု ၂၀၀၈ အခြေခံဥပဒေ မရေးဆွဲမီကတည်းက ပြောဆိုမှုများလည်းရှိခဲ့ကြောင်း နီးစပ်သူများက ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် မဲဆန္ဒနယ်မြေပေါင်းများစွာတွင် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် ရာခိုင်နှုန်း ၈၀ ကျော် အနိုင်ရခဲ့သောကြောင့် အဆိုပါ ရာခိုင်နှုန်းထက် ကျော်လွန်၍ အနိုင်ရရှိရန် စီစဉ်ခြင်းဖြစ် ကြောင်းလည်း ကြံ့ဖွံ့အသိုင်းအ၀ိုင်းက ပြောသည်။
၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော်တွင် စစ်တပ်မှ ၂၅ ရာခိုင်နှုန်း ယူထားခြင်း၊ ကြံ့ဖွံ့ပါတီ၏ ကြိုတင်မဲရယူမှုမှ မဲ ၃၀ ရာခိုင် နှုန်းခန့် ရရှိပြီး ဖြစ်ခြင်းတို့ကြောင့် ရွေးကောက်ပွဲအောင်နိုင်ပြီး စစ်အစိုးရ အာဏာဆက်လက် ချုပ်ကိုင်ရန် သေချာနေကြောင်း လေ့လာသူများက ပြောသည်။
အဆိုပါ ၃၀ ရာခိုင်နှုန်းသည် ကြိုတင်ကောက်ခံခြင်းအပြင် ကိုယ်စားပြု မဲထည့်ခိုင်းခြင်းတို့မှ ရယူနေခြင်းဖြစ်ကြောင်း သိရ သည်။
မြန်မာတနိုင်ငံတဝန်း မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် လူဦးရေ ၂၉ သန်းရှိသည်ဟု ဆိုသည်။
ကြံ့ဖွံ့ပါတီဝင်အင်အားသည် ၁၆ သန်းမှ ၁၈ သန်း ကြားတွင်ရှိပြီး ကြံ့ဖွံ့ပါတီက ရာနှုန်းပြည့် အနိုင်ရမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင်လည်း ကြံ့ဖွံ့ပါတီ အထွေအထွေ အတွင်းရေးမှူး ဦးဌေးဦး က ပြောခဲ့သည်။
ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် မဲဆန္ဒနယ် ၅၄ နေရာတွင် ကြံ့ဖွံ့ပါတီမှ မဲဆန္ဒနယ် ၅၂ နေရာ၌ အလိုလျောက် အနိုင်ရရှိ ထားကြောင်းလည်း ၎င်းက ပြောဆိုသည်။
ကြံ့ဖွံ့ပါတီသည် တခြားနိုင်ငံရေးပါတီများ ယှဉ်ပြိုင်ရန် ခက်ခဲသည့် နယ်မြေများကို အဓိကထား ယှဉ်ပြိုင်သည့် နည်းလမ်း အသုံးပြုကာ မဲဆန္ဒနယ် ၄၀ ကျော်တွင် အနိုင်ရှိနေသည်။
“ရန်ကုန်တိုင်းလို နေရာထဲမှာတောင် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာ ကိုယ်စားလှယ်လောင်းက တယောက်ပဲ ရှိတယ်။ မန္တလေးတိုင်း သပိတ်ကျင်း မဲဆန္ဒနယ် အမှတ် (၁)၊ (၂) မှာ ကြံ့ဖွံ့ကလွဲပြီး မရှိဘူး။ ဒီလိုနဲ့ ပြိုင်ဘက်မရှိ လွှတ်တော် အမတ်နေရာ ယူလာတာ ကြံ့ဖွံ့က အများဆုံးပဲ” ဟု ရွေးကောက်ပွဲလေ့လာသူတဦးက ပြောသည်။
မဲဆန္ဒနယ် ၁၁၇၁ နေရာတွင် ကြံ့ဖွံ့ပါတီမှ မဲဆန္ဒနယ် ၁၁၁၂၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ မဲဆန္ဒနယ် ၉၉၉၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ မဲဆန္ဒနယ် ၁၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်သောကြောင့် ကြံ့ဖွံ့ပါတီ သည် မဲဆန္ဒနယ် အများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်အစိုးရ အာဏာပိုင်များသည် အငြိမ်းစားဗိုလ်ချုပ်များ၊ ဌာနဆိုင်ရာ အရာရှိများ၊ ဌာနမှူးများကို ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်စေပြီး အစိုးရ၀န်ထမ်းများထံမှ ကြိုတင်မဲကောက်ခံခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။
ထို့ကဲ့သို့ ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် နည်းလမ်းမျိုးစုံအသုံးပြု၍ နိုင်ငံအနှံ့အပြားတွင် အဓမ္မ မဲထည့် ခိုင်းခြင်းများလည်း ရှိသည်။
စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ် အမှတ် ၅ ဌာနချုပ်မှူး (ကစထ မှူး) ဗိုလ်ချုပ် တင်ငွေ၊ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း၊ မြို့တော်ဝန် ဦးအောင်သိန်းလင်း တို့သည် စက်မှုဇုန်များအား လှည့်လည်ကြည့်ရှုစဉ်တွင် ကြံ့ဖွံ့ပါတီကို မဲထည့်ရန် ပြောသွားကြောင်း လှိုင်သာယာစက်မှုဇုန်မှ စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။
စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၀၇၁ ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၈၂ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment