Saturday, November 6, 2010

မြစ်ကြီးနား ဆရာ/ ဆရာမများလည်း ကြိုတင်မဲထည့်ရ

သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ ကျောင်းများ၌ ဆရာ ဆရာမ၀န်ထမ်းအားလုံး သက်ဆိုင်ရာကျောင်းများအလိုက် ယနေ့ ကြိုတင်မဲပေးကြကြောင်း သိရသည်။

ကျောင်းများ၌ ယနေ့နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ မဲပေးချိန်သတ်မှတ်ထားပြီး အချို့ကျောင်းများတွင် ကြိုက်နှစ်သက်ရာပါတီကို လွတ်လပ်စွာ မဲပေးခွင့်ရကြောင်း ကျောင်းဆရာတစ်ဦး၏ မိသားစုဝင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကျွန်မတို့ကျောင်းမှာတော့ မဲရုံထားပေးတယ် လွတ်လွတ်လပ်လပ်မဲပေးလို့ရတယ်။ သူတို့ဘာမှ မလုပ်ပါဘူး။ ကြိုတင်မဲပေးပါဆိုတော့ ပေးပြီးပြန်ခဲ့ကြတယ် မဲပုံးက ၄ ပုံးထားတယ်” ဟု မိသားစုဝင်က ဆိုသည်။

ယနေ့ကြိုတင်မဲပေးရာတွင် အဆိုပါ ကျောင်းဆရာနှင့်နီးစပ်သည့် ဆရာဆရာမများက အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကိုမဲပေးခဲ့သည်ဟု ဆိုသည်။

“တချို့ဆရာမ ၂ ယောက် ၃ယောက်ကတော့ NDF က ဦးမာခားကို ကြိုတင်ဖောက်ခံမဲထည့်ပေးခဲ့တယ်။ ကျန်တဲ့ဟာတွေကတော့ အဖိုးကြီးတွေဖြစ်လို့ မထည့်ပေးနိုင်ဘူးတဲ့” ဟု ဆိုသည်။

ယနေ့ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များ၌ တစ်အိမ်တစ်ယောက်ခေါ်ယူ၍ မဲအစမ်းထည့်ခိုင်းခဲ့ပြီး မနက်ဖြန် ၆၊ ၁၁၊ ၁၀ တွင် ၀န်ထမ်း အားလုံး ကြိုတင်မဲပေးရမည်ဟု သိရသည်။

မြစ်ကြီးနားမြို့တွင် သျှမ်းကျားဖြူပါတီ အပါအ၀င် ကြံ့ဖွံ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ တစည နှင့် ကြံ့ဖွံ့ပါတီ၏ မဟာမိတ်ဖြစ်သော စည်းလုံးညီညွတ်သောဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) တို့ ယှဉ်ပြိုင်ကြကြောင်း သိရသည်။

No comments: