Wednesday, November 3, 2010

တန့်ယန်းမြို့နယ်အုပ်စုအချို့ မဲရုံစောင့်သူများအား ချက်ကျွေးရန် ကျေးလက်ရွာသားများ ဆင့်ဆိုခံရ

သျှမ်းသံတော်ဆင့်

တန့်ယန်းမြို့ဗျူဟာမှူး ဗိုလ်မှူးခိုင်ဇော်က တန့်ယန်းမြို့နယ် မိုင်းကောင်အုပ်စုနှင့် ပါကျန်အုပ်စု ဒေသခံများအား မိုင်း ကောင်အုပ်စုမှ မဲရုံလေးရုံ တာဝန်ကျလုပ်သားများ အားလုံးကို ထမင်းဟင်းချက် ကျွေးရန် အမိန့်ပေးညွှန်ကြားခဲ့သည်ဟု သျှမ်းပြည်အရှေ့ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

“တန့်ယန်းမြို့ မိုင်းကောင်အုပ်စုဘက်မှာ မဲရုံ ၄ ရုံ ထားမယ်လေ။ ခလရ ၃၃ တပ်ထဲမှာတရုံ။ မိုင်းကောင် အုပ်စုမှာ တရုံ။ ပါကျန် အုပ်စုမှာ တရုံ။ နားယန်းရွာမှာ တရုံ။နိုဝင်ဘာ ၇ ရက် ရွေးကောက်တဲ့နေ့ကျရင် အဲဒီမဲရုံက ၀န်ထမ်းတွေအားလုံးကို မိုင်းကောင်နဲ့ ပါကျန်အုပ်စုက တာဝန်ယူချက်ပြုတ်ကျွေးမွေးရမယ်။ ဆန်ဆီဆား ကအစ ဟင်းသီးဟင်းရွက် အသားငါးအား လုံးလဲ တခါထဲ ယူလာရမယ် ၁၃ နပ်စာကျွေးရမယ်လို့ပြောတယ်။ ရွေးကောက်ပွဲ ကော်မရှင်က တပြားမှမကူဘူးလို့ပြော တာဘဲ” မိုင်းကောင် ဒေသခံတဦးကပြောသည်။

(သို့သော် မြို့နယ်တိုင်း၏ မဲရုံတိုင်းအား တရုံလျှင် ရွေးကောက်ပွဲကော်မရှင်က ကျပ်ငွေ ၁၀ သိန်း ကူညီထောက်ပံ့သည်ဟု သျှမ်းလူ့အခွင့် အရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ဖူးသည်။)

ပြည်သူ့စစ်နှင့် လှုပ်ရှားရေးအဖွဲ့များအားလည်း မဲရုံလုံခြုံရေးအတွက် တာဝန်ယူရန် ဗျူဟာမှူးက ညွှန်ကြားခဲ့သည်ဟု လည်း သိရ၏။

သျှမ်းပြည်တပ်မတော် အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှ နမ့်လောင်းအုပ်စုကိုမူ စစ်အစိုးရ အာဏာပိုင်တို့ ဆင့်ခေါ်မဲပေးခိုင်းခြင်းမရှိဟုလည်း တပ်မဟာ ၁ မိသားစုဝင်တဦးက ပြော၏။

မိုင်းကောင်အုပ်စု ၂၅ ရွာ (တရွာပျှမ်းမျှ ၃၀ အိမ်ထောင်)၊ပါကျန်အုပ်စု ၃၀ ရွာ (တရွာပျှမ်းမျှ ၂၅ အိမ်ထောင်) တောင်ဟျိုး အုပ်စု ၁၀ ရွာ (တရွာ ပျှမ်းမျှ ၂၅ အိမ်ထောင်) အတွင်း အသက် ၁၈ နှစ်အထက် မဲပေးပိုင်ခွင့်ရှိသူမှာလူဦးရေအားလုံး၏ ၃၀ % မှ ၄၀ % အထိသာရှိသည်ဟု သိရ၏။ သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း မြို့တွင် ၁၀ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၄၉ ခုရှိသည်။

တန့်ယန်းမြို့၌ ၀င်ရောက်ယှဉ်ပြိုင်မည့်နိုင်ငံရေးပါတီ ၄ ခုမှာ USDP , SNDP , WNDP, NUP တို့ဖြစ်ကြသည်။

No comments: