လားရှိုးမြို့နယ်၌ ကျေးရွာအုပ်စုအချို့မှ မဲပုံးများ အကုန်မရောက်သေးသော်လည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် လောင်း လွှတ်တော် ၃ ရပ်စလုံး အနိုင်ရသည်ဟုကြေငြာကာ အခြား ပါတီကိုယ်စားလှယ်များ ရှုံးနိမ့်ကြောင်းမြို့နယ် ကော်မရှင်ရုံး၌ လက်မှတ်ရေးထိုးခိုင်းသည်ဟု စုံစမ်းသိရှိရ၏။“ ၇ ရက်နေ့ညနေပိုင်း မဲတွေကိုရေတွက်တော့ ကျားဖြူပါတီ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ က စိုင်းခမ်းလိုင်က မဲနှစ် သောင်းနီးပါးရတယ်။ ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော် ဒေါက်တာစိုင်းမောက်ခမ်းက မဲ ရာချီလောက် ဘဲရတယ်။ ရပ် ကွက်တခုက မဲရုံတရုံမှာ သူ ၇၁ မဲဘဲရတယ်။ တိုင်းမှူးဟောင်းအောင်သန်းထွတ်က သူ့ကိုယ်စား တကူးတက ရွေးထားတဲ့လူ ဆိုတော့ စိုင်းမောက်ခမ်း ရှုံးလို့မဖြစ်ဘူးလေ။ ဆိုတော့ ၈ ရက်နေ့မွန်းလွှဲပိုင်းမှာ စိုင်းခမ်းလိုင် ရှုံးကြောင်း မြို့နယ်အီးစီတွေ က လက်မှတ်သွားထိုးခိုင်းတယ်။ မနေ့က မဲအပြတ်အသတ်နဲ့သူနိုင်ပေမယ့် ဒီနေ့တော့ပြောင်းပြန်ဖြစ်သွားပြီဆိုတာလဲသိတယ်။ သို့ပေမယ့် မတတ်နိုင်ဘူးလေ။ စိုင်းခမ်းလိုင်လဲ လက်မှတ်ထိုး ပေးလိုက်ရတယ်” - ဟု လားရှိုးမှ ကျားဖြူပါတီ ကိုယ် စားလှယ်လောင်းတဦးကပြောသည်။
လားရှိုးမြို့နယ်အတွင်း လက်လှမ်းမီသမျှ မဲပုံးများ၏ ရလဒ်ကို မသမာနည်းသုံးပြီး ကြံ့ခိုင်ရေးပါတီအမျိုးသား လွှတ်တော် အနိုင်ရကြောင်း မြို့နယ်ကော်မရှင်က အတည်ပြုကြေငြာလိုက်ခြင်းဖြစ်သည်ဟု ကျားဖြူပါတီ ကိုယ်စားလှယ်လောင်း တဦးကပြောပြသည်။
စိုင်းခမ်းလိုင် လက်မှတ်ထိုးသွားစဉ်တွေ့ရှိသော မဲရလဒ်မှာ စိုင်းမောက်ခမ်း အတွက် ၄၃၆၄၁ မဲ (ကြိုတင်မဲ ၁၀၁၄၀) ဖြစ်ပြီး စိုင်းခမ်းလိုင် ၂၉၁၃၂ မဲ ( ကြိုတင်မဲ ၂၇၁ ) အဖြစ် ပြင်ထားသည်ကိုတွေ့ရကြောင်း ၎င်းက ဆက်ပြောပြသည်။
SNDP အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းခမ်းလိုင်နှင့် USDP ကိုယ်စားလှယ်လောင်း စိုင်းမောက်ခမ်း တို့၏ အဖြစ်ကို လားရှိုးအခြေစိုက် SNLD ပါတီဝင်ဟောင်းတဦးက မသမာမှုကြောင့် ရွှေနီ (ခမ်းလိုင်)က ရွှေပန်း (မောက်ခမ်း) ကိုရှုံးရပြီဟု တင်စားပြောဆိုသည်။
လားရှိုးမြို့နယ်ကြံ့ခိုင်ရေးပါတီ အနိုင်ရရေးအတွက် ၄င်းတို့ဗဟိုက အသုံးစရိတ် ကျပ်သိန်း ၁၀၀၀ ကျော် ခွင့်ပြုပေးပို့ခဲ့ ကြောင်း မြို့နယ်ကော်မရှင်နှင့် နီးစပ်သူတဦးက ဤကဲ့သို့ဆက် ပြောပြသည်။
“ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းကြူက ကျပ်သိန်း ၁၀၀ ရတယ်။ ပြည်သူ့လွှတ်တော်က စိုင်းမြင့်အေးလဲ ကျပ် သိန်း ၁၀၀ ရတယ်။ စိုင်းမောက်ခမ်းက သူတို့ နှစ်ယောက်ထက် ၄-၅ ဆ သိန်း ၄၀၀ ကျော်ရတယ်ဆိုဘဲ။ CDMA ဖုန်းနဲ့ကဒ် ၁၀ ခုရတယ်။ သူနေတဲ့ ရပ်ကွက် ဥက္ကဌကိုတောင် ၁ စုံပေးတယ်။ ကာလပေါက်ဈေး တစုံတန်ဖိုး ကျပ် ၆ သိန်းခွဲလောက် ရှိတယ်” ဟု ဆိုသည်။
ထို့ပြင် မဲရုံတာဝန်ကျသူများအားလည်း ပိုက်ဆံပေးရန် ရပ်ကွက်ဥက္ကဌထံ ပေးထားသေးသည်ဟု သိရ၏။ ရပ်ကွက် ၆ မဲရုံ တာဝန်ကျသူများ တယောက် ကျပ် ၁၀၀၀ ၊ ရပ်ကွက် ၅ မဲရုံ ၇ ရုံအတွက် တရုံလျှင်လူ ၂၀ လောက်ရှိရာတယောက် ကျပ် ၃၀၀၀ ပေးသည်ဟုဆို၏။ လားရှိုးမြို့တွင် စုစုပေါင်း မဲရုံ ၁၁၅ ရုံရှိသည်။
ထိုသို့ ကြံ့ဖွံ့ပါတီ ကော်မရှင်နှင့် ဒေသခံအာဏာပိုင်များ၏ မဲဝယ်မှု၊ ဒေသခံလူထုနှင့် အခြားသောနိုင်ငံရေးပါတီများ ဖိအား ပေးခံရမှုအပြင်၊ ကြိုတင်မဲမသမာမှုများကြောင့် လားရှိုးမြို့နယ်အဆင့် လွှတ်တော် ၃ ရပ်စလုံး ကြံ့ခိုင်ရေးပါတီ အနိုင်ရသွား ခြင်းဖြစ်သည်ဟု ဒေသခံအကဲခတ်တဦးက သတင်းပေးပို့သည်။
No comments:
Post a Comment