Tuesday, November 9, 2010

မြ၀တီကို စစ်အစိုးရ ပြန်လည်ထိန်းချုပ်

ဧရာဝတီ Tuesday, 09 November

ကရင်ပြည်နယ် မြ၀တီမြို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများကို စစ်အစိုးရ တပ်များက ယနေ့ ပြန်လည် ရယူထားပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

နှစ်ဘက် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များကို ထိခိုက်မှုကြောင့် စစ်အစိုးရတပ်များက မြ၀တီမြို့ပေါ်ရှိ DKBA တပ်များ၏ လက်ထဲမှ ပြန်လည် သိမ်းယူထားခြင်း ဖြစ်ကြောင်း ဧရာဝတီ သတင်း ထောက်က ပြောဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ် ခေါ် (နှုတ်ခမ်းမွေး) ကလည်း မြ၀တီမြို့ထဲတွင် ရှိသော ၎င်း၏ တပ်ဖွဲ့ကို ပြန်လည် ထွက်ခွာရန် ညွန် ကြားထားကြောင်း သိရှိရသည်။

သို့သော် စစ်အစိုးရနှင့် DKBA တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များ ယနေ့ လှေဖြင့် ပြန်ပို့နေကြောင်း၊ ကျန်ရှိနေသေးသော ဒုက္ခ သည်များကိုမှု ထိုင်း-မြန်မာ နယ်စပ် မဲဆောက် မြို့နယ်အတွင်း ဆက်လက် လက်ခံထားဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာ အာဏာပိုင်များက မြ၀တီမြို့ကို ထိန်းချုပ်ထားနိုင်ပြီဟု ပြောကြားခဲ့သော်လည်း ယနေ့ နံနက် အထိ သောင်ရင်းမြစ် (Moei River)ကို ဖြတ်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာနေဆဲ ဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်လာသူတဦးက“ဒီကနေ့ မနက်ပိုင်းအထိ အခြေအနေကတော့ ကျနော်တို့အတွက် လုံခြုံမှု မရှိသေးဘူး၊ ထိုင်းလုံခြုံရေး တပ်တွေကလည်း မြန်မာဘက်ကနေ နောက်ထပ် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထပ်ပြီး လက်မခံတော့ ဘူး”ဟု ဆိုသည်။

အလားတူ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင်လည်း စစ်အစိုးရတပ်နှင့်DKBAတပ်ဖွဲ့ဝင်များ ယနေ့ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ရာ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသူ လူဦးရေ သောင်းနှင့်ချီရှိကြောင်း သိရသည်။

“စစ်အစိုးရက မြို့ထဲကို ပစ်တာ လက်နက်ကြီး အလုံး ၄၀ ကျော်ရှိပြီ၊ ကွဲတာရှိ မကွဲတာလဲရှိ၊ ဖြစ်တာကတော့ အရပ်သား တွေပဲ ထိတယ်၊ အရပ်သားတွေ ဒဏ်ရာရတာကတော့ ၁၀ ယောက်လောက်ရှိပြီ”ဟု မြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

ဒဏ်ရာရရှိသူများသည် တိုင်တရာ ဘုန်းကြီးကျောင်း အနီးပတ်ဝန်ကျင်နှင့် တောင်ဝိုင်းအရပ်မှ ဒေသခံများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့်နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့နယ်တွင်လည်း ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

No comments: