ကချင်ပြည်နယ်တွင် မနေ့က ကျင်းပသည့် ရွေးကောက်ပွဲ၌ စစ်အစိုးရ ကျောထောက်နောက်ခံ ကြံ့ဖွံ့ပါတီမှ ကြိုတင်မဲများ မသမာမှုဖြင့် မဲအသာရ ယူနေသည်။ဖားကန့်မြို့နယ်မှာ ဆန္ဒမဲထည့်ပြီးချိန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကိုယ်စားလှယ်ဒေါ်ဘောက်ဂျာမှ အနိုင်ရသော်လည်း ကြိုတင်မဲကြောင့် ကြံ့ဖွံ့ပါတီမှ ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်က အနိုင်ရသွားသည့်နေရာ များနေသည်။
NDFပါတီသည် ကားမိုင်းမြို့နယ်ခွဲ၊ ဆမ်းကြွယ်ကျေးရွာ၌ ပြည်သူ့လွှတ်တော်ဆန္ဒမဲတွင် အနိုင်ရသော်လည်း ကြိုတင်မဲကြောင့်ရှုံးခဲ့ရသည်ဟု မဲရုံစောင့်ဝန်ထမ်းများကပြောသည်။
“ကြိုတင်မဲကြောင့်ပဲ နိုင်ရင်နိုင်မှာပါ၊ ဒီတိုင်းဆိုရင်တော့မနိုင်ပါဘူး၊ အခုခြစ်ထားတဲ့ ကြိုတင်မဲတွေက တစ်ပုံစံတည်းခြစ်ထားတာတွေပါ၊ ပြီးတော့ ကြံ့ခိုင်ရေးမှာပဲ တစ်ပုံစံတည်းပဲ ခြစ်တယ်၊ သူတို့ပြောတော့ နာမကျန်းတဲ့ဆေးရုံက လူနာတွေ၊ အချုပ်ခန်းက လူနာတွေ၊ ဒါပေမယ့် ခြစ်ပုံခြစ်နည်းက တစ်ပုံစံတည်းပဲ။” ဟု ဖားကန့်မြို့နယ် NDF ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဘောက်ဂျာပြောသည်။
အခြားသောကျောက်စိမ်းမှော် ဂတ်ချန်ရန်တွင် NDF ၅၃၁ မဲ၊ ကြံ့ဖွံ့ပါတီ ၃၈ မဲ၊ ကျားဖြူက ၅ မဲ၊ ဒွမ်ဘန်မှော်တွင် NDFမှ ၇၃၇ မဲ၊ ကြံ့ဖွံ့ပါတီမှ ၁၃၉၊ ကျားဖြူက ၄၇ မဲတို့ဖြင့် ၎င်းမှော် ၂ ခု တွင် NDFပါတီမှ အပြတ်အသတ်အနိုင်ရနေသည်။
ဖားကန့်မြို့နယ်တွင် လူဦးရေ တစ်ထောင်ကျော်ရှိသည့် ကုမ္မဏီများ၌ မဲပုံးသီးသန့် (၁၇) ခုထားရှိသောကြောင့် ကြံ့ဖွံ့ပါတီမှ အနိုင်ရနေသည်။ ပတ္တာမြားကုမ္မဏီ၊ ရတနာကြာဖြူကုမ္မဏီတို့တွင် ကြံ့ဖွံ့ပါတီက ထက်ဝက်ခန့်အနိုင်ရသွားခဲ့သည်။ မြန်မာတကောင်းကုမ္မဏီတွင် ကုမ္ပဏီပိုင်ရှင်ကိုယ်တိုင် ကြံ့ဖွံ့ပါတီအား ဆန္ဒမဲထည့်ပေးလိုက်သည်။
“ကြိုတင်မဲက ဘာဖြစ်လဲဆိုတော့ ဒီကျတော်တို့ ဖားကန့်မြို့နယ်မှာရှိတဲ့ အုန်းမြင့်ကတော့ သူတစ်ယောက်ထဲပဲ စည်းရုံးလိုက်တယ်၊ ကုမ္မဏီတွေကို စည်းရုံးလိုက်တယ်၊ တစ်ဖက်မှာလည်း နိုင်ငံအစိုးရတွေကို စည်းရုံးလိုက်ပြီး၊ အလုပ်လုပ်စားတဲ့ အလုပ်သမားတွေက အခု ဒီခြင်္သေ့ကို ထောက်ခံကြတာဖြစ်တယ်၊”ဟု ဆိုင်းတောင် NDFပါတီစည်းရုံးရေးမှုးပြောသည်။
မြစ်ကြီးနားမြို့နယ်တွင်လည်း ကြံ့ဖွံ့ပါတီမှ ကြိုတင်မဲကောက်ခံထားတာကြောင့် စိုးရိမ်နေရကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ပြည်နယ်လွတ်တော်အတွက်ယှဉ်ပြိုင်သူ ဦးကမန်းဒူနော က “တစ်နိုင်ငံလုံးပဲ ကြိုတင်မဲကောက်တာ၊ ဒီမှာက ငါတို့ ဒီကော်လိပ်ကျောင်းတို့မှာ၊ သူနာပြုကျောင်းတွေမှာ၊ ဆရာအတက်သင်ကျောင်းတွေမှာ၊ အဲက ကြိုတင်မဲတွေထည့်တာက သိန်းဇောကိုပဲ ပေးကြတာ၊ ကြိုတင်မဲမှာပဲ စိုးရိမ်စရာရှိတယ်၊ ” ဟုပြောသည်။
ယခုကချင်ပြည်နယ်ရွေးကောက်ပွဲ အကြောင်းကို မှတ်တမ်းစုဆောင်းနေသည့် ရှေ့နေ ဦးမြင့်သွင် က “NDFနှင့်ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ အပြန်အလှန်မှာ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီးတော့ ကြံ့ခိုင်ရေးတွေက အသာစီးရပါတယ်၊ အားလုံးနီးပါးပဲ၊ မဲရုံတစ်ချို့ ပြည်သူကပေးတဲ့ မဲနဲ့ အနိုင်ယူနေရင်တောင် ကြိုတင်မဲနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက သာသွားလိုက်နဲ့ အပြန်အလှန်တွေ ဖြစ်နေကြတယ် ခင်ဗျ။” ဟု ပြောသည်။
ကြိုတင်မဲများတွင် တစ်ချို့မဲရုံမှုးလက်မှတ်များ ထည့်ထားသည့်ကိစ္စ၊ ကော်မရှင်ဥက္ကဋ္ဌတံဆိပ်မပါသည့် ကိစ္စများ၊ ချိပ်မကပ်ထားသည့်ကိစ္စများ၊ ချိတ်မကပ်သည့်ကြိုတင်မဲများသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမဲများဖြစ်နေပြီး၊ ချိတ်ပိတ်ထားသည့် မဲများမှာ ခမောက်NDFပါတီပိုများနေသည့်အကြောင်း မှတ်တမ်းများမှတ်နေရသည်ဟု ရှေ့နေမှ ပြောသည်။
ဆက်လက်၍ ကြိုတင်မဲများအား ဥပဒေအရ ဆက်လုပ်သွားမည်ဖြစ်ကြောင်း “ကျတော်တို့ဥပဒေမှာ ရှိပြီးသားပါ၊ ရွေးကောက်ပွဲ ဥပဒေနဲ့ နည်းဥပဒေမှာ ဒီရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်နဲ့ပတ်သက်ပြီး ကျတော်တို့ ကန့်ကွက်နိုင်တာတွေ၊ တရားမနဲ့ပတ်သက်ပြီး ကျတော်တို့တွေ တရားစွဲဆိုနိုင်တာတွေ၊ အဲပေါ်မှာ ကျတော်တို့မဲဆွယ်တဲ့နေရာနဲ့ အထောက်ထားတွေ ကျတော်တို့ရအောင်ယူထားဖို့လိုတာပေါ့၊ ဒုတိယနေရာရရင်၊ ပထမနေရာက ဥပဒေအချက်နဲ့ မညီလို့ရှိရင်၊ အပြန်အလှန် အပြောင်းအလဲတာတွေလည်း ဖြစ်သွားနိုင်ပါတယ်၊ ဒါမဲ့ အဖြေတွေ အကုန်သိပြီးမှ လုပ်ရမယ့်ကိစ္စဖြစ်နေလို့ပါ” ဟု ရှေ့နေ ဦးမြင့်သွင်မှပြောသည်။
ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကချင်ပြည်နယ်တိုင်းမှူးဟောင်း ဦးအုန်းမြင့်၊ အမျိုးသားဒီမိုကရေစီအင်အားစုမှ ယုဇန ကုမ္ပဏီမြေအဓမ္မသိမ်းနေခြင်းကို အသိမ်းခံတောင်သူများ ဘက်မှရပ်တည်ပြီး တရားစွဲသူ ဒေါဘောက်ဂျာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ ဦးမောင်မောင်အေးတို့ ယှဉ်ပြိုင်ကြသည်။
No comments:
Post a Comment