Monday, April 11, 2011

ဘိုကလေးတွင် လေဆင်နှာမောင်း တိုက်

သန်းထိုက်ဦး Monday, 11 April 2011

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ပျဉ်မိုးကြီး ကျေးရွာအုပ်စုတွင် ယမန်နေ့ ညနေ ၄ နာရီခန့်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၂၀ ခန့် ပျက်စီး ဆုံးရှုံးသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လေဆင်နှာမောင်း ဒဏ်ခံခဲ့ရသည့် ပျဉ်မိုးကြီး ကျေးရွာမှာ ဘိုကလေးမြို့နယ်မှ ၁၅ မိုင်ခန့် အကွာတွင် တည်ရှိသည်။

“လေဆင်နှာမောင်း ၀င်တိုက်လို့ အိမ်ခြေ ၂၀ လောက် ခေါင်မိုးတွေ ဘာတွေ လန်ပြီးတော့ ပျက်စီးသွားတယ်၊ နောက်ပြီး တော့ စာသင်ကျောင်းလေးလည်း အမိုးလန်ကုန်တယ်”ဟု ဘိုကလေးမြို့ဒေသခံ ကိုဘန်ကူးက ဧရာဝတီသို့ ပြောသည်။

လေဆင်နှာမောင်း တိုက်ခတ်ပြီးနောက်ပိုင်း ဒေသဆိုင်ရာအာဏာပိုင် အပါအ၀င် ရဲ နှင့် ပညာရေးမှူးတို့က အခင်းဖြစ်ပွားရာ ဒေ သသို့ သွားရောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိမရှိကို မသိရှိရသေးပေ။ လေဆင်နှာမောင်းဒဏ် ခံခဲ့ ရ သော ကျေးရွာတွင် ဒေသခံအများစုက လယ်ယာလုပ်ငန်းနှင့် ကျပန်း လုပ်ငန်း များကို လုပ်ကိုင်နေသူများ ဖြစ်ကြောင်း သိရ သည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မတ်လ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်း ခရမ်းမြို့နယ် အေးရွာ တွင် အိမ်ခြေ ၁၆လုံး၊ မြောက်ဒဂုံမြို့နယ်တွင် အိမ်ခြေ ၉၄ လုံး၊ တောင်ဒဂုံ မြို့နယ်တွင် အိမ်ခြေ ၃၈ လုံးနှင့် ဧရာဝတီတိုင်း သရက်ချောင်းကျေးရွာတွင် အိမ်ခြေ ၂၀ ခန့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်ဟု မတ်လ ၁၄ ရက်နေ့ထုတ် အစိုးရ သတင်းစာများ တွင် ဖော်ပြခဲ့သည်။

No comments: