Monday, April 11, 2011

မြက်ခြောက်ကို ဗုံးမှတ်ပါလို့

အောင်မြတ်စိုး | တနင်္လာနေ့၊ ဧပြီလ ၁၁ ရက် ၂၀၁၁

ရန်ကုန် ပုဇွန်တောင်ဈေး၌ ပိုင်ရှင်မဲ့ မြက်ခြောက်ထုပ်အား ဗုံးဟု ထင်မှတ်မှားကာ အထိတ်တလန့်ဖြစ်မှု တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သည်။

ဧပြီလ ၁ဝ ရက်နေ့ မနက် ၁၁ နာရီခန့်တွင် ပုဇွန်တောင်ဈေး ကွမ်းယာဆိုင်၌ အထုပ်တထုပ်အား လူတဦးက ခဏထားခဲ့မည်ဆိုကာ အပ်နှံသွားခဲ့ပြီး ညနေ ၆ နာရီအထိ လာမယူသဖြင့် ဆိုင်ရှင်က ရဲကို အကြောင်းကြားခဲ့သည်။

ရဲများ ရောက်ရှိလာပြီးနောက် ဆိုင်ဝန်းကျင်ကို ဘောင်ခတ် ပိတ်ဆို့လိုက်ပြီး၊ ဗုံးစစ်ဆေးရေး အဖွဲ့ကို စောင့်နေခဲ့ကာ လမ်းများကိုလည်း ပိတ်ဆို့ထားခဲ့သည်။

ည ၇ နာရီခန့်တွင် စစ်ဆေးရေးအဖွဲ့ ရောက်လာပြီး အဆိုပါ ကဒ်ထူပုံးကို ဖြည်၍ စစ်ဆေးကြည့်ရာ ပလပ်စတစ်တိပ်နှင့် ပတ်ထားသည့် မြက်ခြောက်ထုပ် ဖြစ်နေကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားမှုကို စောင့်ကြည့်နေခဲ့သူ လူငယ်တဦးက “ရယ်စရာကြီး ဖြစ်သွားတာပေါ့ဗျာ၊ လမ်းတွေကားတွေ ပိတ်တော့ လူတွေ တော်တော် လန့်သွားကြတယ်။ လမ်းပိတ်လိုက်တော့ ရေကျော်လမ်းမဘက်က ပတ်သွားရတယ်လေ” ဟု ပြောသည်။

ပုံမှန်အားဖြင့် ဈေးအတွင်းပိုင်းမှာ ညနေ ၅ နာရီဆို ပိတ်သော်လည်း အပြင်တွင် ရောင်းချနေသော ပျံကျဈေးတန်းမှာ ညနေ ၈ နာရီခန့်အထိ ဖွင့်လှစ်တတ်သည်။ သို့အတွက် အဆိုပါ ဗုံးလန့်ချိန်တွင် ဈေးသူဈေးသားများဖြင့် စည်ကားလျက် ရှိနေခဲ့သည်။

No comments: