Sunday, November 13, 2011

လူ့​အခွင့်​အ​ရေး​ တိုက်ပွဲဝင်ပုဂ္ဂိုလ်များ​ အပိုင်း​ (၁၃)

ခင်​မောင်စိုး

နိုဘယ်လ် ငြိမ်း​ချမ်း​ရေး ​ဆုကို တရုတ် နိုင်ငံသား​ စာ​ရေး ​ဆရာ လူ​ရှောင်ဘိုအား​ ​ပေး​အပ် ချီး​မြှင့်​ လိုက်သည် ဆိုတဲ့​ သတင်း​ ၂၀၁၀ ခုနှစ် ​အောက်တိုဘာ ၈ ရက်မှာ ထွက်​ပေါ်လာ တဲ့​အခါ တရုတ် အစိုး​ရက အဲသည် သတင်း​ကို တရုတ် နိုင်ငံ အတွင်း​ မဖြန့်​ချိ မထုတ်လွှင့်​နိုင်​အောင် အကြီး​ အကျယ် ပိတ်ပင်ခဲ့​ပါတယ်။ အဆင့်​မြင့်​ ဟိုတယ် ကြီး​များ​မှာ အမြဲပြသ ​နေတဲ့​ စီအန်အန်၊​ ဘီဘီစီ ရုပ်မြင် သံကြား​ လိုင်း​တွေ​တောင် အဲသည်​နေ့​က အပိတ် ခံခဲ့​ရ ပါတယ်။

တရုတ် အစိုး​ရရဲ့​ စီစီတီဗီ ရုပ်မြင် သံကြား​ သတင်း​ မှာလည်း​ ငြိမ်း​ချမ်း​ရေး​ နိုဘယ်လ်ဆု သတင်း​ကို မ​ဖော်ပြ ခဲ့​ပါဘူး​။ တရုတ် ဝန်ကြီး​ချုပ် ဝမ်ကြား​ပေါင်ရဲ့​ ဥ​ရောပ ခရီး​စဉ် သတင်း​၊​ တရုတ် အစိုး​ရရဲ့​ ဆယ့်​တကြိမ်​မြောက် ငါး​နှစ် စီမံကိန်း​ သတင်း​၊​ စပိန်နိုင်ငံမှာ ဖန်ပြွန်သ​န္ဓေတည် တဲ့​ နည်း​ပညာနဲ့​ ပင်ဒါ ဝက်ဝံ​လေး​ နှစ်​ကောင်ကို ​မွေး​တဲ့​ သတင်း​ စတာ​တွေပဲ ပါခဲ့​ ပါတယ်။ တယ်လီဖုန်း ​က​နေ အဲသည် နိုဘယ်လ်ဆု သတင်း​ကို မက်​ဆေ့​ ပို့​လို့​တောင် မရခဲ့​ ပါဘူး​။

နိုဘယ်လ်ဆု ချီး​မြှင့်​ခံရတဲ့​ လူ​ရှောင်ဘိုရဲ့​ ဇနီး​ကိုလည်း​ ကမ္ဘာ့​သတင်း​ဌာန​တွေက ​တွေ့​လို့​မရ​အောင် အစိုး​ရက ပိတ်ပင်တား​ဆီး​ခဲ့​ပါတယ်။ သူ့​အိမ်က​နေ တခြား​ကို ​ခေါ်​ဆောင်ပြီး​ မီဒီယာ​တွေနဲ့​မ​တွေ့​နိုင်​အောင် လုပ်ခဲ့​ပါတယ်။

တရုတ်အစိုး​ရအဖို့​တော့​ သည် နိုဘယ်လ်ငြိမ်း​ချမ်း​ရေး​ဆုဟာ သူ့​အ​ပေါ် အရှက်ခွဲတဲ့​ ဆုတခုဖြစ်​နေပါတယ်။ ဒါ​ကြောင့်​ သည်သတင်း​ကို အသဲအသန် ပိတ်ပင်တား​ဆီး​နေခဲ့​တာပါ။ ဘာ​ကြောင့်​လဲဆို​တော့​ အဲသည်ဆုဟာ တရုတ်နိုင်ငံအတွင်း​ လူ့​အခွင့်​အ​ရေး​များ​ ရရှိဖို့​ ​ဆောင်ရွက်ရင်း​ တရုတ်အစိုး​ရရဲ့​ ဖမ်း​ဆီး​ထောင်ချ ခံ​နေရသူကို ​ပေး​လိုက်တဲ့​အတွက် ဖြစ်ပါတယ်။ ဆုချီး​မြှင့်​ခံရတဲ့​ လူ​ရှောင်ဘိုဟာ အဲသည်အချိန်မှာ ​ထောင်ထဲ ​ရောက်​နေပါတယ်။

လူ​ရှောင်ဘိုဟာ တရုတ်နိုင်ငံမှာ လူသိအများ​ဆုံး​ လူ့​အခွင့်​အ​ရေး​ တိုက်ပွဲဝင်သူတဦး​ ဖြစ်ပါတယ်။ သူဟာ ထင်ရှား​တဲ့​ စာ​ရေး​ဆရာ၊​ စာ​ပေ​ဝေဖန်​ရေး​ဆရာ တဦး​လည်း​ ဖြစ်ပါတယ်။

လူ​ရှောင်ဘိုကို ပညာတတ် မိဘနှစ်ပါး​က ၁၉၅၅ ခုနှစ်မှာ ​မွေး​ပါတယ်။ ၁၉၇၇ ခုနှစ်မှာ တက္ကသိုလ်​ရောက်ပြီး​ တရုတ်စာ​ပေအဓိကကို ယူပါတယ်။ တက္ကသိုလ်တက်​နေစဉ်မှာ ​ကျောင်း​နေဖက် သူငယ်ချင်း​ ​ခြောက်​ယောက်နဲ့​ပေါင်း​ပြီး​ အပြစ်မဲ့​နှလုံး​သား​များ​ အမည်နဲ့​ကဗျာဆရာအုပ်စုတခုကို ဖွဲ့​စည်း​ခဲ့​ပါတယ်။ ၁၉၈၂ ခုနှစ်မှာ ဝိဇ္ဇာဘွဲ့​ကိုရပြီး​ ဘီဂျင်း​နော်မယ်တက္ကသိုလ်ရဲ့​ တရုတ်စာ​ပေဌာနမှာ သု​တေသီလုပ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ မဟာဝိဇ္ဇာဘွဲ့​ကို ရပြီး​ အဲသည် ဌာနမှာပဲ ဆရာ ပြန်လုပ်ပါတယ်။

၁၉၈၆ ခုနှစ်မှာ ပါရဂူဘွဲ့​အတွက် စတင်​လေ့​လာပါတယ်။ တချိန်တည်း​မှာပဲ စာ​ပေ​ဝေဖန်​ရေး​ ​ဆောင်း​ပါး​တွေကို မဂ္ဂဇင်း​တွေမှာ စတင်​ရေး​သား​ပါတယ်။ သူ​ရေး​တဲ့​ စာ​ပေ​ဝေဖန်​ရေး​ ​ဆောင်း​ပါး​တွေဟာ သမား​ရိုး​ကျ အယူအဆ​တွေအ​ပေါ် ပြင်း​ပြင်း​ထန်ထန် ​ဝေဖန်တိုက်ခိုက်တဲ့​အတွက် နာမည်ကြီး​ပါတယ်။ သူ့​ကိုလည်း​ စာ​ပေနယ်မှာ မြင်း​မဲလို့​ အမည်​ပေး​ကြပါတယ်။ စာ​ပေနယ်မှာ​ရော အယူအဆ သ​ဘောတရား​နယ်ပယ်မှာပါ လူ​ရှောင်ဘိုရဲ့​ ​ဝေဖန်​ရေး​ဆောင်း​ပါး​တွေဟာ အလွန်အဆိပ်ပြင်း​တဲ့​အတွက် လူ​ရှောင်ဘို​သွေး​လှန့်​ချက် ( လူ​ရှောင်ဘို ​ရှော့​က်) လို့​တောင် စကား​လုံး​ ​ပေါ်လာခဲ့​ပါတယ်။

၁၉၈၇ ခုနှစ်မှာ သူ့​ရဲ့​ လုံး​ချင်း​စာအုပ် ထွက်လာပါတယ်။ ​ရွေး​ချယ်မှုကို ​ဝေဖန်ခြင်း​- လူဇီ​ဟောင်နဲ့​ဆွေး​နွေး​ခန်း​ ဆိုတဲ့​ စာ​ပေ​ဝေဖန်​ရေး​ စာအုပ် ဖြစ်ပါတယ်။ သည်စာအုပ်ဟာ တရုတ်နိုင်ငံမှာ ​ရောင်း​အ​ကောင်း​ဆုံး​ စာအုပ်တအုပ် ဖြစ်ခဲ့​ပါတယ်။ သည်စာအုပ်ထဲမှာ တရုတ်နိုင်ငံရဲ့​ ကွန်ဖျူး​ရှပ်ဓ​လေ့​ထုံး​စံ အစဉ်အလာ​တွေအ​ပေါ် ​ဝေဖန်ထား​ပြီး​ အဲသည်အချိန်က ဩဇာတက်​နေတဲ့​ သ​ဘောတရား​ရေး​ဆရာ လူဇီ​ဟောင်ကို လုံး​ဝ စိန်​ခေါ် တိုက်ခိုက်ထား​ပါတယ်။

၁၉၈၈ ခုနှစ်မှာ ပါရဂူဘွဲ့​ကို ရပါတယ်။ ပါရဂူဘွဲ့​ရပြီး​နောက် တက္ကသိုလ်မှာ ကထိက ဆက်လုပ်ပါတယ်။ ​အော်စလိုတက္ကသိုလ်၊​ ဟာဝိုင်အီ တက္ကသိုလ်၊​ ကိုလမ်ဘီယာတက္ကသိုလ် စတဲ့​ နိုင်ငံရပ်ခြား​ တက္ကသိုလ်​တွေမှာ ဧည့်​ ပါ​မောက္ခ ပညာရှင်အဖြစ် သွား​ရောက်ခဲ့​ပါတယ်။ သည်လိုနဲ့​ တိန်အန်မင် ​ကျောင်း​သား​အ​ရေး​အခင်း​ ကြီး​ပေါ်တဲ့​ ၁၉၈၉ ခုနှစ်မှာ လူ​ရှောင်ဘိုလည်း​ တရုတ်ပြည်ကို ပြန်လာခဲ့​ပါတယ်။

ဒေါက်တာလူ​ရှောင်ဘိုဟာ ၁၉၈၉ ခုနှစ် ဧပြီလ ၂၇ ရက်မှာ ဖြစ်ပွား​တဲ့​ တိန်အန်မင်​ကျောင်း​သား​အ​ရေး​အခင်း​ကြီး​မှာ ပါဝင်ဖို့​ ​ဘေဂျင်း​နေအိမ်ကို ပြန်လာခဲ့​ပါတယ်။ ​ကျောင်း​သား​များ​က တိန်အန်မင်ရင်ပြင်ကို လက်မလွှတ်တမ်း​ သိမ်း​ထား​ပြီး​ အစိုး​ရကို အာခံ​နေတဲ့​အချိန်၊​ တရုတ်စစ်တပ်ကလည်း​ မာရှယ်​လောထုတ်ပြီး​ ​ကျောင်း​သား​တွေကို အကြမ်း​ဖက် ဖြိုခွင်း​တော့​မယ့်​အချိန်မှာ လူ​ရှောင်ဘိုဟာ လူ​လေး​ဦး​ ပါဝင်တဲ့​ အစာငတ်ခံ ဆန္ဒပြမှုကို ဇွန်လ ၂ ရက်​နေ့​မှာ လုပ်​ဆောင်ပါတယ်။

တချိန်တည်း​မှာပဲ ပူး​တွဲ​ကြေညာချက်တခုကိုလည်း​ ထုတ်ပြန်လိုက်ပါတယ်။ အဲသည် ​ကြေညာချက်ထဲမှာ ​ကျောင်း​သား​တွေကို​ရော အစိုး​ရဘက်ကိုပါ တဖက်နဲ့​တဖက် ရန်သူလို မြင်​နေတဲ့​ လူတန်း​စား​တိုက်ပွဲ သ​ဘောတရား​ကို စွန့်​လွှတ်ပြီး​ ​ဆွေး​နွေး​ပွဲလုပ်ပြီး​ ညှိနှိုင်း​ဖို့​ တိုက်တွန်း​လိုက်ပါတယ်။

အစိုး​ရက ​နောက်ရက် ဇွန်လ ၃ ရက်မှာ တိန်အန်မင်ရင်ပြင်ကို ပြန်လည်သိမ်း​ပိုက်ဖို့​အတွက် ​ကျောင်း​သား​တွေကို ဖြိုခွဲပါတယ်။ ဒါ​ကြောင့်​ လူ​ရှောင်ဘိုရဲ့​ ​ကြေညာချက်ဟာ ​နောက်ကျသလို​တော့​ ဖြစ်သွား​ပါတယ်။ ဒါ​ပေမယ့်​ လူ​ရှောင်ဘိုဟာ အစိုး​ရဘက်နဲ့​ကျောင်း​သား​အဖွဲ့​တွေကို ညှိနှိုင်း​ပြီး​ ​ကျောင်း​သား​ ​ထောင်​ပေါင်း​များ​စွာကို တိန်အန်မင်ရင်ပြင် အတွင်း​က​နေ ငြိမ်း​ချမ်း​စွာ ထွက်ခွာသွား​နိုင်​အောင် စီစဉ်​ပေး​နိုင်ခဲ့​ပါတယ်။ ဒါ​ကြောင့်​ တရုတ်အစိုး​ရက တိန်အန်မင်ရင်ပြင်ကို ပြန်လည်သိမ်း​ယူဖို့​အတွက် ​ကျောင်း​သား​တွေကို အကြမ်း​ဖက်နှိမ်နင်း​ သတ်ဖြတ်ရာမှာ ​ကျောင်း​သား​တွေ ​ထောင်​ပေါင်း​များ​စွာ ​သေ​ဘေး​က လွတ်သွား​နိုင်ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ လူ​ရှောင်ဘိုက​တော့​ ဇွန်လ ၆ ရက်​နေ့​မှာ အထိန်း​သိမ်း​ ခံလိုက်ရပါတယ်။ အကျဉ်း​ထောင်အတွင်း​မှာ သုံး​လ​နေပြီး​ လူ​ရှောင်ဘို ပြန်လွတ်လာပါတယ်။ ဒါ​ပေမယ့်​ တက္ကသိုလ်​ကျောင်း​ ဆရာအလုပ်က ထုတ်ပစ်တာ ခံလိုက်ရပါတယ်။ အစိုး​ရမီဒီယာ​တွေက သူ့​ကို ​ခွေး​ရူး​လို့​ အမည်တပ်ပြီး​ ပြင်း​ ပြင်း​ထန်ထန် တိုက်ခိုက်ပါတယ်။ အစိုး​ရအဖွဲ့​ကို ဖြုတ်ချဖို့​ ​ကျောင်း​သား​တွေကို အသုံး​ချခဲ့​တယ်လို့​လည်း​ စွပ်စွဲပါတယ်။ သူ့​စာအုပ်​တွေအား​လုံး​ကို ပိတ်ပင်လိုက်ပါတယ်။ အထိန်း​သိမ်း​ခံရရာက လွတ်​မြောက်ပြီး​ မကြာခင်မှာ သူ့​အိမ် ​ထောင်​ရေး​ ပြိုကွဲသွား​ပြီး​ ဇနီး​နဲ့​သား​က အ​မေရိကန်ပြည်​ထောင်စုကို ​ပြောင်း​ရွှေ့​သွား​ပါတယ်။

အစိုး​ရက ထုတ်​ဝေခွင့်​ကို ပိတ်ထား​ပေမယ့်​ လူ​ရှောင်ဘိုဟာ စာကို​တော့​ ဆက်​ရေး​နေခဲ့​ပါတယ်။ သည်အချိန်မှာ သူအဓိက ​ရေး​တာက လူ့​အခွင့်​အ​ရေး​နဲ့​ နိုင်ငံ​ရေး​အ​ကြောင်း​အရာများ​ ဖြစ်ပါတယ်။ ၁၉၉၂ မှာ သူ့​ရဲ့​ စာအုပ်အသစ်ကို တိုင်ဝမ်မှာ ထုတ်​ဝေပါတယ်။ ကပ်ဆိုး​မှ ကျန်ရစ်သူရဲ့​ တကိုယ်​တော်​ပြောစကား​များ​ လို့​အမည်​ပေး​ထား​တဲ့​ စာအုပ်ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် တိန်အန်မင်အ​ရေး​အခင်း​နဲ့​ပတ်သက်တဲ့​ သူ့​ရဲ့​ ဝန်ခံချက်​တွေ ​ဝေဖန်သုံး​သပ်ချက်​တွေ အ​ကြောင်း​ပါ။ အငြင်း​ပွား​စရာ စာအုပ်တအုပ် ဖြစ်ပါတယ်။

၁၉၉၅ ခုနှစ် ​မေလ ၁၈ ရက်မှာ လူ​ရှောင်ဘိုကို ရဲက ​ခေါ်ယူထိန်း​သိမ်း​ပြန်ပါတယ်။ တိန်အန်မင်အ​ရေး​အခင်း​အ​ကြောင်း​ အစိုး​ရက စစ်​ဆေး​ရေး​ကော်မရှင်တခု ဖွဲ့​စည်း​ဖို့​ တိုက်တွန်း​တဲ့​စာ​ကြောင့်​ ထိန်း​သိမ်း​တာပါ။ ၉ လကြာ ထိန်း​သိမ်း​ခံရပါတယ်။ ၁၉၉၆ ​ဖေ​ဖော်ဝါရီမှာ ပြန်လွတ်ပါတယ်။ ဒါ​ပေမယ့်​ အဲသည်နှစ် ​အောက်တိုဘာမှာ ပြန်အထိန်း​သိမ်း​ ခံရပြန်ပါတယ်။ တရုတ်နဲ့​ထိုင်ဝမ် ငြိမ်း​ချမ်း​စွာ ပြန်လည်​ပေါင်း​စည်း​ရေး​အတွက် ​ကြေညာချက်စာ​ကြောင့်​ ဖြစ်ပါတယ်။ အလုပ်ကြမ်း​နဲ့​ထောင်ဒဏ်သုံး​နှစ် အပြစ်ဒဏ်ချတာ ခံရပြန်ပါတယ်။

၁၉၉၉ ခုနှစ်မှာ ပြန်လွတ်လာ​ပေမယ့်​ လူ​ရှောင်ဘိုဟာ လွတ်လွတ်လပ်လပ်​တော့​ သွား​လာလှုပ်ရှား​လို့​မရ​တော့​ပါဘူး​။ သူ့​နေအိမ်နား​မှာ ​ထောက်လှမ်း​ရေး​အ​စောင့်​တွေ ချထား​ပါတယ်။ သူ့​တယ်လီဖုန်း​လိုင်း​ကို ဖြတ်နား​ထောင်ပါတယ်။ အင်တာနက်လိုင်း​တွေကို ​စောင့်​ကြည့်​ပါတယ်။

၂၀၀၀ ခုနှစ်အတွင်း​မှာ လူ​ရှောင်ဘိုဟာ စာအုပ် သုံး​အုပ်ထုတ်​ဝေပါတယ်။ ထိုင်ဝမ်မှာ တအုပ်၊​ ​ဟောင်​ကောင်မှာ တအုပ်၊​ တရုတ်ပြည်မကြီး​မှာ တအုပ် ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ တရုတ်ပြည်ရဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု အစီရင်ခံစာ ကို စတင်​ရေး​ပါတယ်။ တရုတ်အစိုး​ရက သိသွား​ပြီး​ ကွန်ပျူတာ​တွေ စာရွက်စာတမ်း​ အ​ထောက်အထား​မှတ်တမ်း​တွေနဲ့​ ​ပေး​စာ​တွေကို သိမ်း​ယူသွား​ပါတယ်။ အစိုး​ရက လူ​ရှောင်ဘိုကို တင်း​တင်း​ကျပ်ကျပ် ​စောင့်​ကြည့်​နေပါတယ်။ အ​ရေး​ကြီး​တဲ့​နေ့​ရက်​တွေဆိုရင် ​နေအိမ်အကျယ်ချုပ်သ​ဘောမျိုး​ ထား​ပါတယ်။

လူ​ရှောင်ဘိုဟာ ချာတာသုညရှစ် ဆိုတဲ့​ ​ကြေညာစာတမ်း​ကို ​ရေး​သား​ရာမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှား​ပါတယ်။ ပညာရှင်သုံး​ရာ လက်မှတ်​ရေး​ထိုး​ထား​တဲ့​ အဲသည် ချာတာသုညရှစ် စာတန်း​ကို ကုလသမဂ္ဂရဲ့​ လူ့​အခွင့်​အ​ရေး​ ​ကြေညာစာတန်း​ကြီး​ အနှစ်​ခြောက်ဆယ်ပြည့်​တဲ့​နေ့​ ၂၀၀၈ ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်​ဝေဖြန့်​ချိလိုက်ပါတယ်။ သည်​ကြေညာစာတန်း​က တရုတ်ပြည်မှာ လူ့​အခွင့်​အ​ရေး​များ​ အပြည့်​အဝ ရရှိဖို့​တောင်း​ဆိုထား​တဲ့​ ​ကြေညာစာတန်း​ဖြစ်ပါတယ်။

ဒါ​ပေမယ့်​ လူ​ရှောင်ဘိုဟာ ချာတာသုညရှစ်​ကြေညာစာတမ်း​ မဖြန့်​ဝေခင် နှစ်ရက်အလို ဒီဇင်ဘာ ၈ ရက်ညမှာ အဖမ်း​ခံရပါတယ်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှာ ​ထောင်ဒဏ် ၁၁ နှစ် အချခံရပါတယ်။ ​ထောင်ထဲမှာ ​နေရင်း​ ၂၀၁၀ ခုနှစ်မှာ ငြိမ်း​ချမ်း​ရေး​နိုဘယ်လ်ဆုကို ချီး​မြှင့်​ခံရတာပါ။

လူ​ရှောင်ဘို ​ပြောတဲ့​ စကား​လေး​တခွန်း​ကို ​ဝေငှချင်ပါတယ်။

လွတ်လပ်စွာ ထုတ်​ဖော်​ပြောဆို​ရေး​သား​ခွင့်​ဟာ လူ့​အခွင့်​အ​ရေး​ရဲ့​ အ​ခြေခံဖြစ်သလို လူသား​ဆန်မှုရဲ့​ အရင်း​အမြစ်လည်း​ဖြစ်ပြီး​ အမှန် တရား​ရဲ့​ မိခင်လည်း​ ဖြစ်ပါတယ်တဲ့​။

No comments: