Saturday, November 19, 2011

သန်း​ရွှေ အလွန် (၇)

မင်းလွင်

ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေဟာ ၂၀၁၁ မတ်လ ၃၀ ရက်မှာ မြန်မာ့​တပ်မ​တော် အကြီး​အကဲဖြစ်တဲ့​ ကာကွယ်​ရေး​ဦး​စီး​ချုပ်ရာထူး​ကို ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ထံ တရား​ဝင် လွှဲ​ပြောင်း​ခဲ့​ပါတယ်။

ကာကွယ်​ရေး​ဦး​စီး​ချုပ်အသစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ တချို့​သော မြင်သာထင်သာတဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​တွေကို မြန်မာတပ်မ​တော်ထဲမှာ လုပ်​နေတာနဲ့​ ပတ်သက်ပြီး​ တင်ပြ​ပေး​သွား​ပါမယ်။

ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ် ဖြစ်ပြီး​တာနဲ့​ မကြာခင်ဆိုသလိုပဲ အသက် ၅၅ နှစ်ရှိပြီး​ဖြစ်တဲ့​ အရာရှိနဲ့​ အခြား​အဆင့်​စစ်သည် တပ်မ​တော်သား​တိုင်း​ဟာ စစ်တပ်က​နေ နုတ်ထွက်ခွင့်​ တင်နိုင်တယ်ဆိုပြီး​ တပ်ရင်း​တပ်ဖွဲ့​အသီး​သီး​ကို တရား​ဝင်​ကြေး​နန်း​နဲ့​ ညွှန်ကြား​ခဲ့​ပါတယ်။ ဒါဟာ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်အ​နေနဲ့​ ထူး​ခြား​တဲ့​ လုပ်​ဆောင်ချက်တခုကို စတင်လုပ်​ဆောင်တာလို့​လည်း​ ​ပြောလို့​ရပါတယ်။

အရင် အာဏာရှင်​ဟောင်း​ ဦး​နေဝင်း​လက်ထက်နဲ့​ စစ်အာဏာရှင်​ဟောင်း​ ဦး​သန်း​ရွှေ လက်ထက်တို့​မှာ အရာရှိအဆင့်​အ​နေနဲ့​ တပ်မ​တော်က​နေ အရှင်ထွက် ထွက်ခွင့်​မရဘဲ အ​သေထွက်ပဲ ထွက်လို့​ရတယ်လို့​ ​ပြောတဲ့​ ဆိုရိုး​စကား​ရှိပါတယ်။ သ​ဘောက​တော့​ တိုက်ပွဲမှာကျဆုံး​တဲ့​သူ၊​ ​နောက်ပြီး​တော့​ ကျန်း​မာ​ရေး​ချို့​တဲ့​ပြီး​ စစ်မှုမထမ်း​နိုင်​တော့​တဲ့​ အရာရှိ​တွေကို​တော့​ နုတ်ထွက်ခွင့်​ပြုခဲ့​ပေမယ့်​ ကျန်အရာရှိ​တွေကို​တော့​ အသက် ၆၀ ​ကျော်အထိ တပ်မ​တော်ထဲမှာ အမှုထမ်း​ရပြီး​ အာဏာရှင်​တွေ မျက်မုန်း​ကျိုး​တဲ့​အခါမှ တပ်က​နေ ထုတ်ပစ်တာမျိုး​ လုပ်ခဲ့​ပါတယ်။ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင် လက်ထက်ကျမှ မြန်မာတပ်မ​တော်မှာ အသက် ၅၅ နှစ်​ကျော် အရာရှိ​တွေနဲ့​ အခြား​အဆင့်​ အကြပ်စစ်သည်​တွေကို တပ်မ​တော် စစ်စည်း​ကမ်း​နဲ့​အညီ လုပ်​ဆောင်​နေတယ်လို့​ ပြည်တွင်း​ပြည်ပက တပ်မ​တော်သား​ အရာရှိ​တွေက ​ပြောဆိုကြပါတယ်။

တကယ်​တော့​ မြန်မာ့​တပ်မ​တော်မှာ နဂိုမူလကတည်း​က တပ်မ​တော်က​နေပြီး​ နုတ်ထွက်ခွင့်​နဲ့​ ပတ်သက်ပြီး​ ဥပ​ဒေပြဋ္ဌာန်း​ပြီး​သား​ ရှိခဲ့​ပါတယ်။ အခြား​အဆင့်​ ရဲ​ဘော်က​နေ အရာခံဗိုလ်အထိက အသက် ၅၅ နှစ်အထိ သက်ပြည့်​ပင်စင် ယူနိုင်တယ်လို့​ ရှိခဲ့​ပါတယ်။ အရာရှိအဆင့်​ဆိုရင်​တော့​ ဗိုလ်ကြီး​ဆိုရင်လည်း​ အသက် ၅၅ နှစ်အထိကို သက်ပြည့်​ပင်စင်​ပေး​တာပါ။ ဗိုလ်ကြီး​အဆင့်​အထက် အရာရှိ​တွေ ဖြစ်တဲ့​ ဗိုလ်မှူး​က​နေ ဗိုလ်ချုပ်အထိက အသက် ၆၀ အထိ တပ်မ​တော်ဥပ​ဒေ (ကပ ၇၀/ ဂင ၆၆) ဆိုပြီး​ တပ်မ​တော်ဖွဲ့​စည်း​ပုံက ပြဋ္ဌာန်း​ပြီး​သား​ ရှိခဲ့​ပါတယ်။ ဒါ​ပေမယ့်​ အာဏာရှင်​ဟောင်း​ ဦး​နေဝင်း​လက်ထက်ကစလို့​ အင်း​အား​ပြုန်း​တီး​တာကို အ​ကြောင်း​ပြပြီး​တော့​ တပ်မ​တော်က​နေ ​ဆေး​ခွင့်​ကလွဲလို့​ ဘာထွက်ခွင့်​မှမ​ပေး​ဘဲ ထား​ခဲ့​တာပါ။ ​ဆေး​ခွင့်​နဲ့​ ကျန်း​မာ​ရေး​ ​ဆေး​အဆင့်​နိမ့်​လိုဖြစ်တဲ့​ တပ်မ​တော်သား​တွေကိုပဲ ထွက်ခွင့်​ပေး​တာနဲ့​ ပတ်သက်ပြီး​ တပ်မ​တော် အရာရှိ​ဟောင်း​ ဗိုလ်မှူး​အောင်လင်း​ထွဋ်က အခုလို သုံး​သပ်​ပြောဆိုပါတယ်။

“ဦး​နေဝင်း​ခေတ်​ပေါ့​။ တပ်မ​တော်မှာ အင်အား​ပြုန်း​တီး​မှု​တွေ များ​တယ်ဆိုပြီး​ ​ဆေး​ခွင့်​ကလွဲပြီး​ အ​ကောင်း​အ​နေနဲ့​ ထွက်လို့​မရဘူး​။ ​ဆေး​ကျလို့​ ထွက်ချင်ထွက် ရူး​လို့​ ထွက်ချင်ထွက်၊​ တပ်​ပြေး​ပေါ့​၊​ ​ထောင်ကျပြီး​မှ ထွက်ချင်ထွက်၊​ တပ်မ​တော်မှာ အဲဒီလိုထွက်တာပဲ ရှိခဲ့​တယ်။ တပ်ထဲမှာ ထွက်ခွင့်​မ​ပေး​ရဘူး​ဆိုတဲ့​ဟာက တရား​ဝင်.. ဥပ​ဒေအရ ထွက်ခွင့်​ပေး​ရ​သော်ငြား​လည်း​ ကျ​နော်တို့​ဆိုရင် အနည်း​ဆုံး​ တပ်မ​တော်မှာ ၁၀ နှစ် စစ်မှုထမ်း​ပါ့​မယ်ဆိုပြီး​ လက်မှတ်ထိုး​ရတယ်။ ကိုယ့်​သ​ဘောနဲ့​ ကိုယ် ထွက်ချင်တယ်ဆိုရင် ဥပ​ဒေအရဆိုရင် ထွက်လို့​ရတယ်။ အလား​တူ ရဲ​ဘော​တွေ အခြား​အဆင့်​တွေလည်း​ အဲဒီအတိုင်း​ပါပဲ။ ​နောက်ပိုင်း​ကျ​တော့​ လက်မှတ်ထိုး​တာလည်း​ မရှိ​တော့​ဘူး​။ အဲဒီ ဥပ​ဒေကလည်း​ ​မှေး​မှိန်ကုန်ပြီး​ ဘယ်​ရောက်လို့​ ​ရောက်မှန်း​မသိဘဲ ဘယ်သူ့​မှ မသိကြ​တော့​ဘူး​ အ​နေအထား​မျိုး​က​နေ တပ်မ​တော်ရဲ့​ နည်း​ဥပ​ဒေအတိုင်း​ ပြန်ပြီး​တော့​ အ​ကောင်အထည် ​ဖော်​ပေး​သလား​ဆိုတဲ့​ အ​နေအထား​ပေါ့​လေ အ​ကောင်း​မြင်တဲ့​ဘက်က​နေ တွက်တာပါ။”

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်​နေ့​ ​နောက်ပိုင်း​ အရပ်သား​အသွင်​ဆောင်တဲ့​ စစ်တပ်​ထောက်ခံတဲ့​ အစိုး​ရတတ်လာပြီး​တဲ့​ ​နောက်ပိုင်း​မှာ အရပ်ဘက်အုပ်ချုပ်​ရေး​နဲ့​ စစ်တပ်အုပ်ချုပ်​ရေး​ဆိုပြီး​တော့​ အုပ်ချုပ်​ရေး​နှစ်ပိုင်း​ ဖြစ်လာခဲ့​ပါတယ်။

တပ်မ​တော်အရာရှိ​ဟောင်း​တွေနဲ့​ စစ်တပ်​လေ့​လာသူ​တွေ အဆိုအရ စစ်တပ်က တိုင်း​ပြည်အာဏာ ချုပ်ကိုင်မှုက​နေ စွန့်​ခွာလာ​နေတာ​တွေကို ​တွေ့​ရပြီး​တော့​ တပ်မ​တော်က ဗိုလ်ချုပ်​ဟောင်း​တွေ ပါဝင်တဲ့​ အရပ်သား​အစိုး​ရကို လုပ်ပိုင်ခွင့်​တွေ ပိုပြီး​ပေး​လာတာ​တွေကို ​တွေ့​ရပါတယ်။ အဲဒီအတွက်လည်း​ စစ်တပ်အ​ခြေအ​နေက အရင်က​လောက် လိုအပ်ချင်မှ လိုအပ်​တော့​မှာ ဖြစ်တဲ့​အတွက် ပိုလာနိုင်တဲ့​ အရာရှိဦး​ရေကို အသက် ကန့်​သတ်ချက်နဲ့​ လုပ်ငန်း​တာဝန်က​နေ အနား​ပေး​တာလည်း​ ဖြစ်နိုင်တယ်လို့​ သုံး​သပ်ကြပါတယ်။

ထိုင်း​-မြန်မာနယ်စပ်က မြန်မာစစ်တပ်နဲ့​ ပတ်သက်ပြီး​ ​လေ့​လာ​နေတဲ့​ ကို​ကျော်ကိုကလည်း​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် လုပ်​ဆောင်​နေတာ​တွေကို အခုလို ခန့်​မှန်း​သုံး​သပ်ထား​တာ ရှိပါတယ်။

“အရင် ကြား​ဖူး​သ​လောက်ဆိုရင် ဝန်ကြီး​ချုပ် ချွန်လိပိုင် လက်ထက် ထိုင်း​နိုင်ငံမှာ ကာကွယ်​ရေး​ အသုံး​စရိတ်​တွေ ​လျှော့​တဲ့​အခါမှာ အရာရှိ​တွေကို ရာထူး​တက်တာ​တွေ​နှေး​အောင် အရင်တုန်း​က ၄ နှစ်ဆိုရင် အခုဆိုရင် ၆ နှစ် ၇ နှစ် ဖြစ်သွား​နိုင်တယ်​ပေါ့​။ ထိပ်ပိုင်း​ရောက်သွား​ရင်လည်း​ အနား​ပေး​မှု​တွေက ပိုမြန်​အောင်​ပေါ့​။ စစ်တပ်ရဲ့​ ဘတ်ဂျက်​တွေ​လျှော့​တဲ့​ကာလ​တွေမှာ လုပ်ခဲ့​တဲ့​ အ​တွေ့​အကြုံ​တွေ ကြား​ဖူး​တာ ရှိတယ်။ အခု ၅၅ နှစ်ကလည်း​ ကျန်တဲ့​ အ​ကြောင်း​အချက်​တွေ အများ​ကြီး​ ဖြစ်နိုင်တယ်။ အဲဒီထဲကမှ ဖြစ်နိုင်​ခြေတခုက​တော့​ စစ်တပ်​ကျော​ထောက်​နောက်ခံပြုတဲ့​ အရပ်သား​ အစိုး​ရကို အုပ်ချုပ်​ရေး​အာဏာဆိုတဲ့​ လမ်း​ကြောင်း​အောက်မှာ သွား​မယ်။ သူတို့​ဘက်ကကျ​တော့​ ကာကွယ်​ရေး​ ကိစ္စအတွက် သွား​မယ်ဆိုတဲ့​ စည်း​တခုကို သွား​ဖို့​အတွက် စစ်တပ်အ​နေနဲ့​ အကူး​အ​ပြောင်း​တခုကို လုပ်​နေတယ်။ အဲဒီအတွက် အသက် ၅၅ နှစ်မှာ အနား​ယူခြင်း​ကို ​လျှောက်နိုင်တယ်။ စသဖြင့်​ပေါ့​ ဒါမျိုး​တွေလည်း​ ​ပေါ်ထွက်လာတာ​ပေါ့​။ ဒီလိုမျိုး​တော့​ ခန့်​မှန်း​ကြည့်​နိုင်တယ် ထင်ပါတယ်။”

ဗိုလ်ချုပ်ကြီး​မင်း​ ​အောင်လှိုင်က အသက် ၅၅ နှစ်ပြည့်​ တပ်မ​တော်သား​တွေကို တပ်ကထွက်ခွင့်​ တင်နိုင်တယ်ဆိုတာကို အ​ကောင်း​မြင်ကြတာ​တွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်​ရေး​ဦး​စီး​ချုပ်အသစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ တပ်ကို သန့်​ရှင်း​အောင် လုပ်ဖို့​အတွက် စစ်တပ်ရဲ့​ စစ်စည်း​ကမ်း​ကို အရင်ဦး​ဆုံး​ ကိုင်တွယ်​နေတာ ဖြစ်နိုင်တယ်လို့​လည်း​ ဗိုလ်မှူး​ ​အောင်လင်း​ထွဋ်က အခုလို သုံး​သပ်ပါတယ်။

“တပ်​တွေက မတရား​ကို တိုး​ချဲ့​ထား​တာဗျ။ ဒါ​တွေက အကုန်လုံး​သိပါတယ်။ တပ်ရင်း​တရင်း​ကို ကျ​နော်တို့​ခေတ်တုန်း​က လူ ၇၀၀ ​လောက် ရှိတဲ့​ တပ်ရင်း​က အခုက လူ ၂၀၀ ပတ်ဝန်း​ကျင်​လောက်ပဲ ရှိတယ်။ သုံး​ပုံနှစ်ပုံ​လောက်​တောင် မရှိ​တော့​ဘူး​။ တဝက်​အောက်ကို ကျသွား​တဲ့​ အ​နေအထား​ရှိ​တော့​ အနည်း​ဆုံး​ ပြန်ပြီး​တော့​ အ​ခြေအ​နေအရ တပ်ရဲ့​အသုံး​စရိတ်က အရမ်း​များ​နေ​တော့​ တပ်ကို ချုံ့​လိုက်တဲ့​သ​ဘော၊​ ဝိတ်​လျော့​တဲ့​အ​နေအထား​မျိုး​ လုပ်​ကောင်း​လည်း​ လုပ်နိုင်တယ်။ ထွက်ခိုင်း​တဲ့​ဟာကလည်း​ မ​နေချင်တဲ့​သူ ထွက်ဆိုတဲ့​ သ​ဘောမျိုး​ကို။ ဒါမှ သန့်​သွာမယ်ဗျာ။ တခု​တော့​ ရှိတယ်။ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် ​ခြေလှမ်း​က​တော့​ တပ်ကို​တော့​ စည်း​ကမ်း​ပိုင်း​မှာ စကိုင်လိမ့်​လို့​ ကျ​နော်ထင်တယ်။ ရှင်း​စရာ ရှိတာ ရှင်း​ပြီး​ရင် သူ ကိုင်လိမ့်​မယ် ထင်တာပဲ။”

တပ်မ​တော်သား​တွေဟာ တာဝန်က​နေ နုတ်ထွက်ခွင့်​ကို အခြား​ဝန်ထမ်း​တွေလိုမျိုး​ သက်ပြည့်​နဲ့​ လုပ်သက်ပြည့်​ အခွင့်​အ​ရေး​တွေ ပြန်ရ​တော့​မှာလား​လို့​လည်း​ သုံး​သပ်ကြပါတယ်။ အရင်က စစ်တပ်ဟာ သူ့​ဝန်ထမ်း​တွေကို ပြန်​ပေး​ဆွဲသလိုမျိုး​ အသက်ပြည့်​ပြီး​ လုပ်သက်ပြည့်​မီပြီး​တာ​တောင်မှပဲ စစ်တပ်က​နေ ထွက်ခွင့်​မရခဲ့​တာ​တွေ ရှိခဲ့​ပါတယ်။ စစ်တပ်ထဲမှာလည်း​ အ​ကြောင်း​အမျိုး​မျိုး​ကြောင့်​ ရာထူး​မတက်တဲ့​သူ​တွေ ရှိသလို ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့​ အခြား​ဘာသာဝင်​တွေဟာ တပ်မ​တော်ထဲမှာ ရာထူး​မတက်၊​ ထွက်ခွင့်​မရဘဲ ရှိ​နေပါတယ်။ လူမျိုး​ရေး​အရလည်း​ မြန်မာမဟုတ်တဲ့​ အခြား​ တိုင်း​ရင်း​သား​တွေကိုလည်း​ မြန်မာတပ်မ​တော်ထဲမှာ ထိပ်ပိုင်း​အဆင့်​အထိ မ​ရောက်ဘဲ၊​ ထွက်ခွင့်​လည်း​မရ ဖြစ်​နေကြတာပါ။

အဲဒီလို ဘာသာ​ရေး​အတွက် ​သော်လည်း​ကောင်း​၊​ လူမျိုး​ရေး​အတွက် ​သော်လည်း​ကောင်း​ တပ်မ​တော်ထဲမှာ ရာထူး​မတက်၊​ ထွက်ခွင့်​မရခဲ့​တဲ့​သူ​တွေဟာ အများ​ကြီး​ နစ်နာ​နေကြပါတယ်။ အခုလို ကာကွယ်​ရေး​ဦး​စီး​ချုပ်အသစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်က​နေ တပ်မ​တော်စည်း​ကမ်း​နဲ့​အညီ နုတ်ထွက်ခွင့်​ပြုမယ် ဆိုတာဟာ တပ်မ​တော်အတွက် ​ကောင်း​လာနိုင်တယ်လို့​လည်း​ ဗိုလ်မှူး​စိုင်း​သိန်း​ဝင်း​က အခုလို ​ပြောဆို သုံး​သပ်ပါတယ်။

“အနား​ယူသင့်​တဲ့​သူက မယူဘူး​။ မယူသင့်​တဲ့​လူကိုလည်း​ လဲ​စေချင်ရင် စွတ်အတင်း​ ယူခိုင်း​။ အဲလိုမျိုး​ ကျွန်း​မှီး​ကိုင်း​မှီ ဖြစ်​နေတာမျိုး​မြင်ရတယ်။ အခုဟာက ပိုပြီး​တော့​ အရင်ကထက်စာရင် ​ကောင်း​လာတဲ့​အ​နေအထား​မျိုး​ ရှိလာတယ်လို့​ ​ပြောရမှာ​ပေါ့​။ အသက် ၅၅ နှစ်ပြည့်​ရင် ထွက်ခွင့်​ မရတဲ့​သူ​တွေအတွက်။ ရဲ​ဘော်​တွေအတွက်​တော့​ ​ကောင်း​တဲ့​အ​ခြေအ​နေ ဖြစ်လာနိုင်ပါတယ်။”

No comments: