၂၀၁၁ မတ်လကုန်မှာ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်လိုက်ပြီး စစ်ခေါင်း ဆောင်တွေဟာ ရွေးကောက်ပွဲကတဆင့် အရပ် သားအစိုးရအသွင်ကို ပြောင်းလဲခဲ့ပါတယ်။ တချိန် တည်းမှာပဲ စက်မှုလုပ်ငန်းနဲ့ နည်းပညာပိုင်းမှာ နောက်ကျကျန်ရစ်ခဲ့တဲ့ တိုင်းပြည်ကို အိမ်နီးချင်း နိုင်ငံတွေရဲ့ စီးပွားရေးအောင်မြင်မှု လမ်းကြောင်းနောက် အမီလိုက်ဖို့ ခြေလှမ်း စပြင်လာပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းမှာ “စိုက်ပျိုးရေးနဲ့ ချမ်းသာကြွယ်ဝတဲ့နိုင်ငံ ဖြစ်မလာနိုင်တဲ့အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ၊ ချမ်းသာကြွယ်ဝတဲ့နိုင်ငံ၊ အလုပ်အကိုင်တွေ ပေါများပြီး လူတဦးချင်းဝင်ငွေ တိုးပွားတဲ့နိုင်ငံ ဖြစ်အောင် စက်မှုနိုင်ငံထူထောင်ရပါမယ်” လို့ ထည့် သွင်းပြောကြားသွားခဲ့ပါတယ်။
နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ စက်မှုကဏ္ဍဖွံ့ဖြိုးမှုဟာ အခရာကျပါတယ်။ ကမ္ဘာ့အနောက်ခြမ်း နိုင်ငံတွေ ကြီးပွားချမ်းသာလာခြင်းရဲ့ အဓိကအကြောင်းရင်းဟာ စက်မှုကဏ္ဍဖွံ့ဖြိုးအောင် လုပ်နိုင်ခဲ့လို့ ဖြစ်ပါတယ်။
အာရှနိုင်ငံတွေဟာလည်း အနောက်နိုင်ငံတွေကို အတုယူပြီး အထူးစက်မှုဇုန်တွေကို အပြိုင်းအ ရိုင်း ထူထောင်ပါတယ်။ သည်အခါမှာ အနောက်နိုင်ငံများကလည်း အာရှရဲ့ စက်မှုဇုန်စီမံကိန်းများ အတွင်းကို အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံလာကြပါတယ်။ သည်နည်းနဲ့ အာရှနိုင်ငံတချို့ဟာ စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြပြီး ၁၉၈၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းနဲ့ ၁၉၉၀ ပြည့်လွန် နှစ်များ အစောပိုင်း ကြားကာလမှာ စီးပွားရေး စန်းထခဲ့ပါတယ်။
အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ သည်လိုနည်းနဲ့ ကြီးပွားချမ်းသာခဲ့တာ ဖြစ်ပါတယ်။
ဒေသတွင်းနိုင်ငံတွေ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးပမ်းနေ ချိန်မှာ မြန်မာနိုင်ငံဟာ ၁၉၈၈ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့ပေမယ့် အခွင့်ကောင်းကို အမိအ ရ မဆုပ်ကိုင်နိုင်ခဲ့ပါဘူး။ ပြည်တွင်းနိုင်ငံရေး ဝဲဂယက်ထဲက ရုန်းမထွက်နိုင်ဘဲ စစ်အုပ်ချုပ်ရေးအောက် မှာပဲ နေခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုနောက်မှာ နှစ်ပေါင်းအစိတ်လောက် နောက်ကျခဲ့ပါတယ်။
ဒါကြောင့် သမ္မတဦးသိန်းစိန်ဟာလည်း စက်မှုကဏ္ဍ ဖွံ့ဖြိုးအောင်လုပ်ဖို့အရေးကြီးတယ်ဆိုပြီး သူ့မိန့်ခွန်းထဲမှာ ထည့်ပြောသွားတာပါ။ သည်လိုထည့်ပြောနိုင်ဖို့ သမ္မတဦးသိန်းစိန်အစိုးရမှာ စီမံကိန်း ကြီးတွေ ရှိနေပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံမှာလို အထူးစီးပွားရေးဇုန်တွေ၊ စက်မှုဇုန်တွေ တည်ဆောက်ဖို့ စီမံကိန်းကြီးများ ဖြစ်ပါတယ်။
သည်လို စက်မှုနိုင်ငံအဖြစ် ပြောင်းလဲဖို့အတွက် စီမံကိန်းတွေ ချထားရာမှာ ထားဝယ် အထူးစီး ပွားရေးဇုန် စီမံကိန်းဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ဒေသတွင်းနဲ့ ကမ္ဘာ့စီးပွားရေး အဝန်း အဝိုင်းထဲ ပြန်လည်ဝင်ဆန့်နိုင်ရေး၊ တိုင်းပြည်ရဲ့ ပြည်ပပို့ကုန်တန်ဖိုး မြှင့်တင်နိုင်ရေးအတွက် မဟာဗျူ ဟာကျတဲ့ ခြေလှမ်းတရပ်အဖြစ် ရေးဆွဲခဲ့တဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေမယ့် ထွက်ရပ်လမ်းတခုအဖြစ် သမ္မတဦးသိန်းစိန်အစိုးရက မျှော်လင့်ထားပုံရပါတယ်။
အရင် စစ်အစိုးရလက်ထက်ကတည်းက ထိုင်းနိုင်ငံရဲ့အကူအညီနဲ့ ပထမဆုံး နိုင်ငံတကာအ ဆင့် အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းတခုကို တနင်္သာရီကမ်းရိုးတန်းမြို့တော် ထားဝယ်မြို့မှာ ထူထောင်ဖို့ ၂၀၀၈ ခုနှစ်မှာ နှစ်နိုင်ငံ သဘောတူညီခဲ့ပါတယ်။
ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်နေ့မှာ မြန်မာစစ်အစိုးရ ဟာ ထိုင်းနိုင်ငံရဲ့အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်တဲ့ Italian-Thai Development Public Company Ltd. (ITD) ကို ထားဝယ်မြို့အနီး မောင်းမကန်ကမ်းခြေတ လျှောက် မြေဧရိယာ စတုရန်းကီလိုမီတာ ၂၅၀ ကို နှစ် ၆၀ ဂရမ်စာချုပ်နဲ့ ငှားရမ်းလိုက်ပါတယ်။ပြည်တွင်းသတင်းဂျာနယ်တချို့မှာလည်း ထားဝယ်ဟာ ဒုတိယစင်္ကာပူ ဖြစ်လာနိုင်တယ်လို့ ရေးသားလာကြပါတယ်။
ဒါပေမယ့် ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်တည်ဆောက်မှုတွေကြောင့် ထားဝယ်ရဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးသွားမယ့်အရေး၊ ရေမြေသယံဇာတတွေ ကုန်ခန်းသွားမယ့်အရေးနဲ့ ရိုးရာယဉ် ကျေးမှုတွေ တိမ်ကောပပျောက်သွားမယ့် အရေးတွေဟာ အလွန်စိုးရိမ်စရာကောင်းနေပါတယ်။
နိုင်ငံရဲ့စီးပွားရေးစီမံကိန်းတွေထဲမှာ အကြီးဆုံးစီမံကိန်းကြီးတခု ဖြစ်လာမယ့် စတုရန်းကီလိုမီ တာ ၂၅၀ ရှိတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ဟာ မောင်းမကန် ကမ်းခြေကနေ ထားဝယ်မြစ် အနောက်ခြမ်းအထိ ကျယ်ပြန့်ပါတယ်။
သည်ဒေသမှာ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ငါးဖမ်းလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်း ကျောင်း နေထိုင်ကြတဲ့ လူဦးရေ ၃ သောင်းကျော်ရှိတဲ့ ကျေးရွာပေါင်း ၁၉ ရွာ ရှိပါတယ်။ စီမံကိန်း အကောင်အထည်ဖော်မှု အချိန်ကာလ အပိုင်းအခြားအပေါ် မူတည်ပြီး အဲသည်ရွာတွေအားလုံး ပြောင်းရွှေ့ပေးရမှာ ဖြစ်ပါတယ်။
မက်ခရိုစီးပွားရေးအကျိုးအမြတ် (Macroeconomic Benefit) များအတွက် ထားဝယ်ဒေသကို စိုက်ပျိုးရေး အခြေခံကနေ စက်မှုအခြေခံ လူ့အဖွဲ့အစည်းအသွင် လုံးဝပြောင်းလဲရေး စီမံကိန်းဟာ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတခုလုံးကို ပြောင်းလဲပစ်လိုက်မှာ ဧကန်မုချ ဖြစ်ပါတယ်။ သည် အပြောင်းအလဲဟာ ကောင်းကျိုးပေးမှာလား ဆိုးကျိုးပေးမှာလား ဆိုတာကိုလည်း သေသေချာချာ တွက်ဆဖို့လိုပါတယ်။
တိုင်းပြည်စီးပွားရေးတိုးတတ်ဖို့ အစိုးရတွေ ပထမဆုံးစဉ်းစားကြလေ့ရှိတဲ့အချက်က နိုင်ငံရဲ့ အမျိုးသား အသားတင်ထုတ်ကုန် (GDP) တိုးတက်မြင့်မားရေးဖြစ်ပြီး စက်မှုကဏ္ဍဟာ GDP တိုးတတ် ရေးအတွက် အဓိကအခန်းကဏ္ဍ ဖြစ်နေပါတယ်။
မြန်မာအစိုးရအနေနဲ့လည်း တိုင်းပြည်ရဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက် လုပ်ဆောင် တဲ့အနေနဲ့ ထားဝယ် အထူးစက်မှုဇုန်မှာ နိုင်ငံတကာကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံပြီး စက်ရုံ ကြီးတွေ တည်ဆောက်၊ ပြည်ပကို စက်မှုကုန်ပစ္စည်းတွေတင်ပို့ပြီး GDP တိုးတတ်အောင်ဆောင်ရွက်ဖို့ ပြင်ဆင်လာတာ တွေ့ရပါတယ်။
စီးပွားရေးသီအိုရီတွေအရလည်း စက်မှုကဏ္ဍဖွံ့ဖြိုးလာတာနဲ့အမျှ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးနိုင်တဲ့အတွက် အလုပ်လက်မဲ့နှုန်း ကျဆင်းလာမှာဖြစ်သလို တဦးချင်းဝင်ငွေလည်း တိုးတက်လာပြီး ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်တယ်လို့ ယူဆချက်ရှိပါတယ်။ တဖက်မှာလည်း ဝင်ငွေ မြင့်တက်လာတဲ့အတွက် လူလတ်တန်းစားအလွှာ တိုးပွားလာခြင်း၊ လူနေမှုအဆင့် မြင့်မားလာခြင်း စတဲ့ကောင်းကျိုးတွေ ဆက်တိုက် ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း တွက်ဆကြပါတယ်။
ဒီနေရာမှာ ဖွံ့ဖြိုးမှုဆိုတာကို ဘယ်လိုနားလည်သလဲဆိုတဲ့အချက်က အရေးကြီးလာပါတယ်။ စီးပွားရေးတိုးတက်မှု (Economic Growth) နဲ့ ဖွံ့ဖြိုးမှု (Development) ကို မကြာခဏ ရောထွေးနေ တတ်ပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က “လူသားဖွံ့ဖြိုးမှုသည် ပန်းတိုင်ဖြစ်ပြီး စီးပွားရေး တိုးတက်မှု ဆိုသည်မှာ ထိုပန်းတိုင်ကို ရောက်အောင် သွားရာတွင် သုံးရမည့် နည်းလမ်းဖြစ်တယ်” လို့ ဖွင့်ဆိုထားပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ “Beyond Economic Growth: Meeting the Challenges of Global Development” အစီရင်ခံစာမှာ “စီးပွားရေးတိုးတက်မှုသည် နိုင်ငံတခု၏ ဥစ္စာဓနကို တိုးပွားစေပြီး ဆင်းရဲမွဲတေမှု လျော့ကျရေးအတွက် အလားအလာကောင်းတခုလည်း ဖြစ်သကဲ့သို့ အခြား လူမှုပြဿနာများကို ဖြေရှင်းနိုင်မည့် အခြေအနေကောင်းတခုလည်း ဖြစ်သော်လည်း လူသားဖွံ့ဖြိုးမှုအ တွက် ဖြစ်မလာတတ်သည်ကို သမိုင်း၏သင်ခန်းစာများက ပြသနေသည်။ စီးပွားရေးတိုးတက်မှုကို ရယူရာတွင် ကြီးမားသည့် မညီမျှမှုများ၊ မြင့်မားသည့် အလုပ်လက်မဲ့ဖြစ်မှုများ၊ ဒီမိုကရေစီ လွတ်လပ်မှု အားနည်းသွားခြင်းများ၊ ယဉ်ကျေးမှု အသွင်သဏ္ဍာန် ပျောက်ဆုံးသွားခြင်းများနှင့် နောက်မျိုးဆက် သစ်များ ရှင်သန်ဖွံ့ဖြိုးရန် လိုအပ်သည့် သဘာဝသယံဇာတ အရင်းအမြစ်များကို အလွန်အကျွံ ထုတ် ယူသုံးစွဲပစ်ခြင်းများသာ ဖြစ်လာသည်” လို့ ဖော်ပြထားပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ သတိပေးချက်တွေဟာ မြန်မာနိုင်ငံအတွက် အလေးအနက် သတိပြုစရာပါ။ စစ်အစိုးရ အုပ်စိုးခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်းမှာ သယံဇာတ ထုတ်ယူမှုကို အခြေခံတဲ့ စီးပွားရေးပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် နှစ်ပေါင်းရာနဲ့ချီ ပြုစုထိန်းသိမ်းထားခဲ့တဲ့ နိုင်ငံရဲ့အ ဖိုးတန် သစ်တောတွေ ပြုန်းတီးခဲ့ပါတယ်။ ကမ္ဘာကျော် ပတ္တမြားနဲ့ ကျောက်စိမ်း ထွက်ရှိရာဒေသတွေ၊ ရှားပါးသတ္တုတွေ တူးဖော်ထုတ်လုပ်ရာ ဒေသတွေမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ခံစားနေ ရပါပြီ။ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရောင်းချမှုကနေ နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရခဲ့ပေမယ့် သည်ငွေဟာ ပြည်သူလူထုအတွက် မဖြစ်ခဲ့ပါဘူး။
သည်လို သင်ခန်းစာတွေကို ယူပြီး အစိုးရသစ်အနေနဲ့ ထားဝယ် အထူးစက်မှုဇုန်ကို စီးပွားရေး အကျိုးအမြတ် သက်သက်အတွက် တည်ဆောက်တာမျိုး မဖြစ်သင့်ပါဘူး။ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုး တိုးတက်ရေး (Sustainable Development) ရရှိဖို့ ဘက်စုံ စဉ်းစားသင့်ပါတယ်။
ဒီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေအပေါ်သက်ရောက်လာနိုင်တဲ့ ကောင်းကျိုးဆိုးပြစ်တွေ၊ အထူးစီးပွားရေးဇုန်တွေကြောင့် ပေါ်ပေါက်လာနိုင်တဲ့ လတ်တလောနဲ့ ရေရှည် ကောင်းကျိုးဆိုးပြစ် တွေကို လေ့လာသိရှိထားဖို့ အလွန်အရေးကြီးပါတယ်။
ထားဝယ် အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံရဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ အကူအညီနဲ့ တည်ဆောက်မှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံမှာ စက်မှုဇုန်တွေကြောင့် ထိုင်းပြည်သူတွေ ဘယ်လို အကျိုးအပြစ် ခံစားနေရသလဲဆိုတာကို မြန်မာပြည်သူတွေ လေ့လာသိရှိထားဖို့ အရေးကြီးပါတယ်။
တရုတ်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေကကော ဘယ်လိုကောင်းကျိုးတွေကို ပေးပြီး ဘယ်လိုဆိုးကျိုးတွေကို ဖန်တီးနေသလဲ စတဲ့အချက်တွေကို သိထားဖို့အရေးကြီးပါတယ်။
နောက်တပတ်မှာတော့ ထားဝယ် အထူးစီးပွားရေးဇုန်ကြောင့် အကြီးအကျယ် အပြောင်းအလဲ ဖြစ်ရမယ့် ထားဝယ် မောင်းမကန် ကမ်းခြေဒေသက လူမှုဘဝရုပ်ပုံလွှာများအကြောင်း တင်ဆက်ပေးပါမယ်။
No comments:
Post a Comment