Tuesday, November 8, 2011

ရှမ်း-ကချင်နယ်စပ်မှာ မြန်မာအစိုးရစစ်သား ၇ ဦးကျဆုံး

KNG


ရှမ်းပြည် နယ်နှင့် ကချင်ပြည်နယ် နယ်နိမိတ်တွင် နိုဝင်ဘာ (၆) ရက် တနင်္ဂနွေ နေ့၌ မြန်မာ အစိုးရ တပ်ကူစစ်ကြောင်းအား ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)က ခြုံခို တိုက်ခိုက် သဖြင့် မြန်မာ တပ်သား ၇ ဦး ကျဆုံး သည်ဟု မျက်မြင်များ ပြောသည်။

ကျဆုံးသူများသည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံ နောင်ချို နယ်မြေခံ ခမရ (၅၀၄) နှင့် နမ့်လန် နယ်မြေခံ ခမရ (၅၀၅) မှ တပ်သားများဖြစ်သည်ဟု KIA အရာရှိများပြောသည်။

ယင်းစစ်ကြောင်းမှာ ကိုင်ထိပ်တွင် စခန်းချနေသည့် ဆားမှော်နယ်မြေခံ ခလရ (၁၀၅)တပ်သို့ တပ်ကူသွားစဉ် မန်ဝိန်းနှင့် ကိုင်ထိပ်ကြား လမ်းတွင် KIA တပ်ရင်း (၂၇) က ခြုံခိုတိုက်ခိုက် ခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုင်ထိပ်စခန်းထဲ ၀င်ရောက်မည့်လမ်းကြောင်းများအား ဇွန်လကတည်းက ပိတ်ဆို့ထားကာ ရံဖန်ရံခါ ၎င်းစခန်းအား KIA က တိုက်ခိုက် သည်ဟု သိရသည်။

ထို့အပြင် တနင်္ဂနွေနေ့ကပင် တပ်ကူလာသော အခြား မြန်မာအစိုးရစစ်ကားတစ်စီးအား ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N)က နမ့်ခမ်းတွင် ဗုံးခွဲတိုက်ခိုက်လိုက်သည်။ သို့သော် သေကြေဒဏ်ရာရမှု ရှိမရှိ မသိရကြောင်း ဒေသခံများပြောသည်။

နောက်တစ်နေ့ နိုဝင်ဘာ (၇) ရက် ညနေပိုင်းအထိ ၎င်းတပ်ကူစစ်ကြောင်းနှင့် KIA တို့ ဆက်လက်ပစ်ခတ် နေကြသည်ဟု တိုက်ပွဲတွင်ပါဝင်သည့် တပ်ရင်း (၁) နှင့် (၂၇) မှ KIA အရာရှိများပြောသည်။

ပိတ်ဆို့ထားသည့် ကိုင်ထိပ်စခန်းသို့ ရောက်ရှိနိုင်ရန် မြန်မာအစိုးရတပ်က ကြိုးစားနေသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင် သည်ဟုလည်း KIA အရာရှိများ သုံးသပ်ကြသည်။

No comments: