အစာငတ်ခံတောင်းဆိုမှု အင်းစိန် အကျဉ်းထောင်မှာ နိင်ငံရေးအကျဉ်းသား(၁၅)ဦးကနေစတင်ပြီး ၂၆.၁၁.၂၀၁၁နေ့ကစလို့အကျဉ်း သားရပိုင်ခွင့် အခွင့်အရေး မညီမျှမှုတွေအတွက် ပိုင်ဆိုင်တဲ့ ခန္ဓာကိုယ်ကို အရင်းအနှီးလုပ်...ဥပဒေကို ယုံကြည်စွာ လက်ခံချင်တဲ့ နိင်ငံသားကောင်းဖြစ်ချင်တဲ့ နိင်ငံသားတွေ ပီသစွာ တောင်းဆိုကြတယ်လို့ကြားသိရတော့....ရင်ထဲမှာတစ်လှပ်လှပ်...ထောင်နံရံတွေ နောက်အကျဉ်းစံ ဘ၀ရောက်နေကြပေမဲ့ အမှန်တရားနဲ့ တရားဥပဒေ ခိုင်ခိုင်မာမာပီပီပြင်ပြင် ဖြစ်ပေါ်လာစေဖို့ သူတို့ရဲ့ စွန့်လွှတ်ဝံ့တဲ့ စိတ်နဲ့ တင်ပြရဲတဲ့ သတ္တိကို အလေးပြုမိတယ်။
အဲဒီနောက်...အတွေးစတွေဆက်ဖြန့်မေးခွန်းတစ်ချို့မေးမိတယ်။
(၁)သူတို့ရပ်တည်မှုဟာ အမှန်တရားလာ?
(၂)နိင်ငံသားတိုင်းရသင့်တဲ့ ဥပဒေပါ အခွင့်အရေးတွေလား?
(၃) သူတို့ဘာဖြစ်သွားကြမှာလဲ?
(၄)၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်းလိုက်နာကျင့်သုံးရမယ်လို့ သက်မှတ်ပြဠာန်းထားတဲ့ သမ္မတနဲ့အစိုးရအဖွဲ့က ဘယ်လိုများ ဒီမိုကရေစီနည်းလမ်းကျ ကိုင်တွယ်ဖြေရှင်းမှာလဲ?
(၅)အခုရက်ပေါင်း(၁၄)ရက်အကြာမှာ ဘာတွေဖြစ်လာခဲ့ပြီလဲ?
မေးခွန်းတွေနောက်လိုက်ကြည့်ရင်း......လက်ရှိအခြေအနေတွေကို ချိန်ထိုး ကြည့်ရာမှာတော့...
(၁)သူတို့ရပ်တည်မှုဟာ အမှန်တရားလား?
ရိုးရိုးလေးပဲ တွေးမိတယ်။သူတို့ရပ်တည်မှု မမှန်ခဲ့ရင် ထောင်နံရံတွေနောက်ကနေ အသက်ပျောက်နိင်တဲ့ စွန့်စားမှုကို ဘယ်သူတွေ လုပ်နိင်မှာလဲလို့လေ....။
(၂)နိင်ငံသားတိုင်းရသင့်တဲ့ ဥပဒေပါအခွင့်အရေးတွေလား?
ဒါလဲတိကျသေချာတဲ့ ဥပဒေပါအခွင့်အရေးတွေဆိုတာကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ နိင်ငံတော် အခြေခံမူ များပါ...ဥပဒေပုဒ်မ(၂၁)၊ပုဒ်မခွဲ(က)အရ နိင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သက်မှတ် ပြဠာန်းထားသည့် တန်းတူ ညီမျှ အခွင့်အရေး၊လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ခံစားခွင့်ရှိသည်ဟု အတိအလင်းဖော်ပြ ပြဠာန်းပါရှိခြင်း၊ နိင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များအခန်းပါ… ဥပဒေပုဒ်မ(၃၄၇)အရ နိင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာ၌ တန်းတူညီမျှ အခွင့်အရေးရှိရမည်။ဥပဒေ၏ အကာကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု ပြဠာန်းပါရှိနေသဖြင့် ဥပဒေပါအခွင့်အရေးများကို နိင်ငံသားတိုင်းရပိုင်ခွင့်ရှိသဖြင့်တောင်းဆိုခြင်း ဖြစ်သည်ကို ရိုးရှင်းစွာ မြင်ရပေသည်။
(၃)သူတို့ဘာဖြစ်သွားကြမှာလဲ?
ရပ်တည်မှု မှန်ကန်စွာနှင့် နိင်ငံသားတိုင်းရပိုင်ခွင့် အခွင့်အရေးများအား သတ္တိ ဗျတ္တိနှင့် ရဲဝံ့စွာတောင်းဆိုခဲ့ကြသော ယုံကြည်ချက်ကြောင့် အကျဉ်းစံနိင်ငံရေးသမားများ ဘာတွေဆက်ဖြစ်လာမှာလဲဟု နားစွင့် လေ့လာမိပြန်တော့...(၂၆)ရက်နေ့မှာ အစာငတ်ခံ အခွင့်အရေးတောင်းဆိုမိသူတွေကို (၂၇)ရက်နေ့မှာ ထောင်အာဏာပိုင်တွေက ရေစဖြတ်လိုက်ပြီဖြစ်ကြောင်း၊(၂၈)ရက်နေ့မှာ မိသားစုတွေကို ထောင်ဝင်စာ ၅.၁၁.၂၀၁၁ထိ ပိတ်ပင်ထားလိုက်ကြောင်း၊အစာငတ်ခံဆန္ဒပြသူများမှ နှစ်ဦးမှာ ထောင်ဆေးရုံသို့ ပို့လိုက်ရကြောင်း၊
နှစ်ဦးမှာ သပိတ်လှန်၍ ကျန်သူများမှ ၈ဦးမှာ တိုက်ပိတ်ခံရကြောင်း ကြားသိရပြန်တော့...အတွေးတွေကဝေး၀ါး ၀ိရောဓိဖြစ်စရာ...ဥပဒေအထက်မှာ ဘယ်သူတွေရှိနေကြတာပါလိမ့်.....
(၄)သမ္မတကြီးနှင့် ဖွဲ့စည်းပုံအခြေံဥပဒေခုံရုံး တာဝန်ရှိသူများနှင့် ဥပဒေ၀န်ထမ်းများသို့တင်ပြချင်သည်မှာ...
အကျဉ်းထောင်လက်စွဲဥပဒေမှာလဲ အကျဉ်းသားရပိုင်ခွင့်တွေကို အတိအလင်းဖော်ပြ ပါရှိပါလျှက်..
လျှို့ဝှက်အမိန့်အရလို့ ထပ်မံကြားသိရပြန်တော့...၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ စာမျက်နှာ (၇၃)ဥပဒေများ၏ အကျိုးသက်ရောက်မှု ဥပဒေပုဒ်မ(၁၉၈)၊ပုဒ်မခွဲ(က)တွင် ပြည်ထောင်စုလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်၊ပြည်နယ်လွှတ်တော်၊ကိုင်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ကပြဠာန်းလိုက်သည့် ဥပဒေပါပြဒါန်းချက် တစ်ရပ်ရပ်သည် လည်းကောင်း၊တည်ဆဲဥပဒေတစ်ရပ်ရပ်သည်လည်းကောင်း၊ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဠာန်းချက် တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါအတိုင်းလိုက်နာ ကျင့်သုံးရမည်ဟု အတိအလင်းပြဠာန်းထားသည်ကိုသိရှိနေကြမည်ဟု ယုံကြည် မျှော်လင့် မိပါသည်။ယခုအခါမူ...လျှို့ဝှက်အမိန်ဥပဒေဆိုသည်ကား ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ နိင်ငံတော်အခြေခံမူများ ဥပဒေပုဒ်မ(၂၁)ပုဒ်မခွဲ(က)ကိုလည်းကောင်း၊နိင်ငံသားများ၏ရပိုင်ခွင့်နှင့် တာဝန်များအခန်းပါ ဥပဒေပုဒ်မ(၃၄၇)ကိုလည်းကောင်းပြောင်ပြောင်ကြီးဆန့်ကျင်ရာ ရောက်နေသည်ဟု လေ့လာသုံးသပ်မိပေသည်။ယခုအခါ...ဥပဒေပုဒ်မ(၃၄၇)အရ နိင်ငံတော်သည်မည်သူ့ကိုမဆို ဥပဒေ အရာတွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည်။ထို့ပြင်ဥပဒေအကာအကွယ်ကိုလည်း တန်းတူညီမျှ ရပိုင်ခွင့် ပေးရမည် ဆိုသော ဥပဒေပါအခွင့်အရေးများအစား ထောင်ဝတ်စာပိတ်ခံရခြင်း၊တိုက်ပိတ်ခံရခြင်း၊မိသားစုများနှင့်တွေ့ဆုံခွင့်မရခြင်း၊ ထောင်တွင်း အစာငတ်ခံတောင်းဆိုသူများ၏ပကတိအခြေအနေမှန်ကို အချိန်နှင့်တစ်ပြေးညီ မိသားစုဝင်များမှ သိခွင့်မရခြင်းများသာ တွေ့ကြုံနေရသည် မှာ ဥပဒေ၏အားနည်းချက်ပေလော...ဥပဒေ၀န်ထမ်းများ၏ ဥပဒေအသိအားနည်းမှုပေလော....
မည်သို့ပင်ဆိုစေကာမူ ကောင်းမွန်သောပြောင်းလဲမှုများအား အချိန်မှီမဖော်ဆောင်နိင်ပါက မလိုလားအပ်သော အခြေအနေ များဖြစ်ပေါ် လာပေမည်ကို စိုးရိမ်မိပါသဖြင့် ဥပဒေပါအခွင့်အရေးများအား နိင်ငံသားများမှ မှန်ကန်စွာ ကျင့်သုံးလိုက်နာနိင်ရန် တာဝန်ရှိ လူကြီး မင်းများမှ ယခုစာကို ဖတ်သိကြားမြင်ချိန်မှစ၍ အမြန်ဆုံးဆန်းစစ်လေ့လာ သုံးသပ် ဆုံးဖြတ်စေလိုပါသည်။
သို့မှသာ ဒီမိုကရေစီနိင်ငံတော်သစ်တည်ဆောက်ရေးတွင် ဥပဒေအထက်တွင် မည်သူမျှ မရှိစေရဟူသော အနှစ်သာရနှင့်ဥပဒေအပေါ် ပြည်သူလူထု၏ တန်ဖိုးထားမှု စံနှုန်းများ မြင့်မားတိုးတက်လာ၍ နိင်ငံတော် တည်ဆောက်ရေးတွင် ဥပဒေ၏အခန်းကဏ္ဍ အမှန်တစ်ကယ် ကျယ်ပြန့်သက်ရောက်လာပေမည်ဟု မှတ်ယူမိပါသည်။
(၅)အခုရက်ပေါင်း(၁၄)ရက်အကြာမှာ ဘာတွေ ဖြစ်ပေါ်လာပြီလဲ?
ထောင်ဆေးရုံ နှစ်ယောက်တက်နေရတယ်။နှစ်ယောက် တောင်ဆိုမှုလမ်းက စွန့်လိုက်ကြတယ်၊(၈)ယောက်ကတိုက်ပိတ်ခံနေရတယ်။
၅.၁၁.၂၀၁၁မှာ မိသားစုတွေအနေနဲ့ ထောင်ဝင်စာပါဆယ်ပို့ခွင့်ရတယ်။ထောင်တွင်း တောင်ဆိုသူများ အခြေအနေ အတိ အကျ မသိရ သေးဆိုသည့်ဥပဒေပါအခွင့်အရေးနှင့် ဝေးကွာနေစဲအခြေအနေများသာ ကြားသိနေရပါသဖြင့် သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများမှ အမြန်ဆုံး ဥပဒေပါအခွင့်အရေးများကို မှန်ကန်စွာ ရရှိနိင်ရန်ဆောင်ရွက်ပေးစေလိုပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
“၀လုံး” (ကျောင်းသားလူငယ်)
No comments:
Post a Comment