Monday, November 14, 2011

မြစ်ကြီးနားမြို့ပေါ် ဗုံး ၃ လုံးပေါက်ကွဲ

နော်နိုရင်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာ မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ည ၉ နာရီကနေ ၁၀ နာရီအကြား ဗုံးပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ပထမဗုံးမှာ မြစ်ကြီးနားမြို့ ဆက်သွယ်ရေးရုံးရှေ့မှာ ပေါက်ကွဲတာဖြစ်ပြီး ဒုတိယတလုံးကတော့ ရဲဓမ္မာရုံရှေ့ ဂေါက်ကွင်း ကားကြီးကွင်းမှာ ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။ တတိယ အလုံးကတော့ မြစ်ကြီးနားသစ်တောရုံးနားမှာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။ ဗုံးပေါက်ကွဲသံ ကြားရတဲ့ မြို့ခံတဦးကတော့ ဒီပေါက်ကွဲမှုကြောင့် မြို့ခံတွေ စိုးရိမ်ထိန့်လန့်နေကြတယ်လို့ ပြောပါတယ်။

“ဗုံးပေါက်ကွဲသံတွေ ကြားတယ်။ မနေ့ညက ၉ နာရီ ၃၅ မိနစ်လောက်မှာ တလုံး၊ ၁၀ နာရီ မထိုးခင် ၁၅ မှာ တလုံး၊ အဲဒီ ၂ လုံးက တော်တော် အသံကျယ်တယ်။ နောက်တလုံးကတော့ ဦးမကြားဘူး။ နောက်မှ လူတွေက ပြောတယ် နောက်တလုံး ထပ်ကွဲသေးတယ်တဲ့။ ထိခိုက်ဒဏ်ရာတော့ မရှိဘူး။ လူတွေကတော့ ဗုံးသံကြားတော့ စိုးရိမ်တာပေါ့။”

မြစ်ကြီးနား ရဲစခန်းကတော့ ပေါက်ကွဲမှုဖြစ်ကြောင်းကို အတည်ပြု ပြောဆိုပေမယ့် အသေးစိတ်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။ မြို့ခံတွေကတော့ ဒီပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုတွေ မရှိဘူးလို့ ပြောဆိုကြပါတယ်။

မြန်မာအစိုးရတပ်နဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား အခုနှစ်​ ဇူလိုင်ကစပြီး တိုက်ခိုက်မှုတွေ စတင်ပြီးတဲ့နောက် မြစ်ကြီးနားမြို့ပေါ် မကြာခဏ ဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ညကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ရဲစခန်းမှာ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့လို့ ဒု-ရဲအုပ်တဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရသွားသလို အရပ်သား ၂ ဦးလည်း ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

No comments: