
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန် ပြည်နယ်နှင့်တိုင်း ၁၃ ခုရှိ ပါတီဝင်များက ထောက်ခံလိုက်ပြီ ဖြစ်သည်။
ယနေ့နံနက်တွင် NLD မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စကို ပါတီဝင်များ၏ သဘောထားကောက်ခံ ဆုံးဖြတ်သည့် အစည်းအဝေးကို NLD ရုံးချုပ်ရှိရာ ရန်ကုန် ရွှေဂုံတိုင် တွင်ကျင်းပစဉ် ပြည်နယ်နှင့် တိုင်း ၁၃ ခုက ထောက်ခံလိုက်ခြင်း ဖြစ်သည်။
NLD သည် ဒီမိုကရေစီပါတီ တရပ်အနေဖြင့် အနှစ် ၂၀ ကျော်လုံး မရပ်တည်နိုင်ခဲ့ သောကြောင့် ပါတီမှတ်ပုံတင်သင့်၊မတင်သင့်ကိစ္စကို ပါတီဝင်များက တာဝန်သိသိဖြင့် ဆုံးဖြတ်ကြစေလိုကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း ပါဝင်ခွင့်မရသကဲ့သို့၊ ၂၀၁၀ ရွေးကောက်ပွဲ တွင်လည်း ၎င်း၏ သဘောထား ဆန္ဒများကို လွတ်လပ်စွာ ပြောဆိုခွင့်၊ ပါဝင်ခွင့်မရခဲ့ကြောင်း၊ ယခုတကြိမ်ကျမှသာ ၎င်း၏ သဘောထားကို လွတ်လပ်စွာ ပြောဆိုခွင့်ရရှိပြီး ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း ပြောသည်။
ဒီမိုကရေစီ နည်းလမ်းအရ ပါတီဝင်များထံမှ သဘောထား ကောက်ခံမည် ဖြစ်သောကြောင့် ထွက်ပေါ်လာမည့် ရလဒ်ကို အားလုံးက သဘောတူညီရမည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဤအစည်းအဝေးသို့ နာမကျန်းဖြစ်နေသည့် NLD ဥက္ကဋ္ဌ ဦးအောင်ရွှေကလည်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း၊ အဆိုပါ သဝဏ်လွှာတွင် NLD မှတ်ပုံတင်ရေး၊ မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးတို့ကို ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအတိုင်း ၎င်းက သဘောတူမည်ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။
ပြည်တွင်းပြည်ပ လေ့လာသူများက NLD ပါတီသည် နိုင်ငံရေးပါတီ တရပ်အနေဖြင့် တရားဝင်ရပ်တည်နိုင်ရန် မှတ်ပုံ တင်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ ယခု ထွက်ရှိခဲ့သည့် အဖြေအရဆိုလျှင် NLD မှတ်ပုံတင်ရန် သေချာသလောက် ရှိနေပြီဖြစ်သည်။
NLD ရုံးချုပ်တွင် ကျင်းပနေသော အစည်းအဝေးကို ၁ နာရီခန့် ထမင်းစား နားထားပြီးနောက် ဆက်လက်ကျင်းပကာ NLD မှတ်ပုံတင်၊ မတင် အဖြေကို ကြေညာ မည်ဖြစ်သည်။
ယနေ့နံနက် NLD ရုံးချုပ်တွင် အစည်းအဝေး စတင်ကျင်းပနေချိန်၌ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝတ်ပြု ဆုတောင်း ပွဲများ ဦးဆောင်ကျင်းပသူ နော်အုန်းလှက လူ ၃၀ ကျော် လက်မှတ် ရေးထိုး ထားသည့် NLD မှတ်ပုံ တင်ရေး ကန့်ကွက်စာ အား လိုက်လံ ဝေငှ နေကြောင်း သိရသည်
No comments:
Post a Comment