Saturday, November 5, 2011

၈ လကျော်ကြာ မြန်မာစစ်တပ် ပိတ်ထားသော SSPP ဌာနချုပ်ဖြတ်သန်းသည့်လမ်း ပြန်လည်ဖွင့်လှစ်

သျှမ်းသံတော်ဆင့်


သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းအနောက်မြောက်ဖက်ရှိ (မိုင်းရယ်- ကျေးသီး- မိုင်းရှူး လမ်းခွဲ ) နမ့်ပုတ်ဂိတ်(မြန်မာတပ်စခန်း)မှ ကုန်တင်ကား ခရီးသည်တင်ကားများဖြတ်သန်းသွား လာ ခွင့် ပြန်လည်ခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်းဒေသ တွင်းသတင်းရပ်ကွက်ကပြောပါသည်။

“ပြီးခဲ့တဲ့လက ပြန်ပြီး သွားလာခွင့်ပြုတာ။ ကားသမား တချို့လဲဝမ်းသာတယ်။ တချို့လဲ သတိဝိရိယနဲ့ နားထောင်ရင်း သွားရင်းပေါ့။ နမ့်ပုတ် တပ်စခန်းကိုတော့ခိုင်ခံ့အောင် ထပ်ပြီးဆောက်လုပ်နေတုန်း။ ခရီးသည်တွေကိုလဲ စစ်ဆေးတယ်။ ဝမ့်ဟိုင်းအဖွဲ့တော့ စောင့်ပြီးစစ်ဆေးတာမရှိဘူး ” ဟုကားသမားများ အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်အား ပြောပြ သည်။

မိုင်းရှူးသို့သွားမည့် လားရှိုး-မိုင်းရယ်မှကားများ၊ တောင်ကြီး-မိုင်းနောင်မှ ကားများနှင့် တန့်ယန်း- မိုင်းကောင်မှ ကားများ ဝမ့်ဟိုင်းဌာနချုပ် ဖြတ်သန်းမှုအား မြန်မာစစ်တပ်က ၈ လအကြာပိတ်ထားရာမှပြန်လည်ဖြတ်သန်း ခွင့်ပြုခြင်းဖြစ်သည်။

နမ့်ပုတ်တပ်စခန်းအခြေချ ခမရ ၁၁၅ က ဖြတ်သန်းသွားလာသည့် ကားများထံမှ ဘုန်းကြီးကျောင်း အလှူငွေ ဟုဆိုကာ ပိုက်ဆံကောက်ယူခဲ့သေးကြောင်း မိုင်းရှူးမှကားဆရာတဦးကပြောသည်။

“ ဗင်ကား ၊ ခရီးသည်တင်ကားလေးတွေအတွက် အလှူခံပုံးတပုံးထားတယ်။ ပန့်စေ့ဘုန်းကြီးကျောင်းပြုပြင်ဖို့ အတွက်ဆိုပြီး တော့လေ စေတနာရှိသလောက်တဲ့။ ၆ ဘီးအထက် ကားကြီးတွေဆီကနေတော့ ခမရ ၁၁၅ တပ်စခန်းတည်ဆောက်ရေး အတွက် ဝါးဘိုးဝယ်ဖို့တဲ့ - ရံပုံ ငွေကောက်တာ။ တလုံး တထောင်ကျပ်တန်ဖိုး သတ်မှတ်ထားတယ်။ ၆ ဘီးနဲ့အထက်ဆိုရင် ဝါးပိုး ၅ လုံးစာ ကျပ် ၅ ထောင် ထည့်ရတယ်။ ၁၀ ဘီးကားဆိုရင် ၁၀ လုံးစာ ကျပ် ၁ သောင်းပေးရတယ်။ မပေးလို့မရဘူး ” ဟု ဆို၏။

သို့သော် အောက်တိုဘာလ ၂၉ ရက် မြန်မာအစိုးရကိုယ်စားလှယ်ထံဝမ့်ဟိုင်းကိုယ်စားလှယ်များတောင်းဆိုသည့် အတိုင်း ဝမ့်ဟိုင်းအနီးတဝိုက်ရှိ မြန်မာစစ်တပ်၏ အဓိက တပ်စခန်း ၄ ခုကိုမူ ရုတ်သိမ်းပေးခြင်းမရှိသေးကြောင်း SSPP ၏ ကေဒါ တဦးကလည်းပြောသည်။

“ တပ်တွေတော့ ရုတ်မယ့်ပုံမပေါ်ဘူး။ သူတို့အင်အားအများကြီးချထားတာကနော့ နမ့်ပုတ်မှာ၊ မိုင်းရယ်- ကျေးသီးလမ်း အနောက်ဖက်ခြမ်းက လွယ်ကုန် လွယ်ကျိုင်းတပ်စခန်းမှာ၊ ကျေးသီး အရှေ့တောင်ဘက် ၁၄ မိုင် အကွာနောင်ဆွမ်း တိုက် နယ်ထဲမှာ- စတဲ့နေရာတွေပေါ့။ တပ်ရုတ်ဖို့နေနေသာသာ တပ်စခန်းတောင်ပိုပြီး ခိုင်ခန့်အောင် ဆောက်ဖို့ လုပ်နေကြ သေး တယ်” ဟု ဆို၏။

သျှမ်းပြည်တပ်မတော်နှင့် မြန်မာစစ်တပ်တို့ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပွါးမီ ဖေဖော်ဝါရီလကတည်းကဝမ့်ဟိုင်း ဌာနချုပ် အားဖြတ်သန်းမည့် ယာဉ် ကားများအားလုံးကို နမ့်ပုတ်တပ်စခန်းမှ ပိတ်ပင်ရာမှ ယခုပထမအကြိမ် ပြန်လည်ဖြတ်သန်း ခွင့်ပေးခြင်းဖြစ်သည်။

ပြည်သူ့စစ်အသွင်ပြောင်းရေး ငြင်းဆန်သဖြင့် ဝမ့်ဟိုင်းအခြေစိုက် ဗိုလ်ချုပ်ပန်ဖှဦးဆောင်သည့် SSPP/SSA အား ဥပဒေ ပြင်ပ အဖွဲ့အစည်းအဖြစ်သတ်မှတ်ကာ ယခုနှစ် မတ်ခ်ျလမှစ၍ အစိုးရက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ သည်။ ထိုးစစ်ဆင်တိုက် ခိုက်သည့်ကာလ ၈ လ ကြာမြင့်ပြီးနောက် အစိုးရသစ်၏ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်ကြောင့် အောက်တိုဘာလ ၂၉ ရက်က သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်မြန်မာအစိုးရ ကိုယ်စားလှယ်တို့နေပြည်တော်၌ ပဏာမအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

No comments: