Saturday, November 5, 2011

UWSA စတင်တည်ထောင်ရာ၌ပါဝင်သူ ဝ အမျိုးသားခေါင်းဆောင် ကွယ်လွန်

သျှမ်းသံတော်ဆင့်

ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ စတင်ဖွဲ့ စည်းရာ၌ ဦးဆောင် ဦးရွက်ပြုသူ တဦး ဖြစ်သော အိုက်ရှောက်ဆေ ခေါ် ဦးအိုက်ဆေး အသက် ၇၈ နှစ် သက်ကြီး ရောဂါဖြင့် ပြီးခဲ့သည့် လကုန်က မန္တလေးမြို့၌ ကွယ်လွန်သွား ကြောင်း သိရသည်။

“လေဖြတ်ရောဂါနဲ့ မန္တလေးဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။ အသက် ၇၈ နှစ်ရှိပြီဆိုတော့ သက်ကြီးရောဂါလဲပါတာ ပေါ့။ ရုပ်အလောင်းကို မနေ့က မန္တလေးမှာဘဲ မီးသင်္ဂြိုဟ်လိုက်တယ်” ဟု မိသားစုဝင်တဦးကပြောသည်။

ကွယ်လွန်သူ၏ သမီးနန်းဘန်းယဉ်မှာ ထိုင်းနိုင်ငံ ချိန်းရိုင်းခရိုင် မယ့်ဆလောင်းအုပ်စုရှိ ဆန်တိဆုတ်ရွာ(သန္တိသုခ)၌ ရွာသူကြီး ဖြစ်ခဲ့ဖူးကြောင်း တော်လှန်ရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တဦးကပြောသည်။

အောက်တိုဘာလ ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့သည့် အိုက်ရှောက်ဆေ ခေါ် ဦးအိုက်ဆေးသည် ဝ ပြည်မြို့ တော် ပန်ဆန်း၏ မြောက်ဖက်ကျသော ယောင်ဘရဲဒေသ၏ စော်ဘွားဖြစ်ခဲ့ဖူးသည်။ ၁၉၆၄ တွင် ဗမာပြည် ကွန်မြူနစ်ပါတီအား ခုခံတွန်းလှန်ရန် ပြည်သူ့စစ် (ထိုခေတ်က ကာကွယ်ရေးဟုခေါ်) ဖွဲ့ရာ ၌ ယောင်ဘရဲ ကာကွယ်ရေး (ပြည်သူ့စစ်) ခေါင်းဆောင်လည်း ဖြစ်ခဲ့ဖူးသည်။

၁၉၆၈ ကွန်မြူနစ်ပါတီ အင်အားအလုံးအရင်းဖြင့်နယ်ထဲဝင်လာသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များလည်း သံလွင်မြစ်ကိုကျော်ကာ တန့်ယန်းသို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။

၁၉၇၃ ခု မဆလ အစိုးရမှ ကာကွယ်ရေးတပ်ဖွဲ့များကို ဖျက်သိမ်းသောအခါ မယားညီအကို တော်စပ်သည့် ဝိန်းငင်းစော်ဘွား မဟာဆန်းနှင့်ပူးပေါင်းကာ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့သည်။

ထိုနောက်ပိုင်း ၁၉၈၄ ခုနှစ် မဟာဆန်းနှင့်အတူ WNC ဝ အမျိုးသားကောင်စီ ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ တွင် ပန်ဆန်းမှ ကွန်မြူနစ်ပါတီကိုတော်လှန်ခဲ့သော ဝ တပ်ဖွဲ့ နှင့် WNC တို့ ပူးပေါင်းကာ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီးနောက်ပိုင်း ဦးအိုက်ဆေးအား တာဝန်ပေး ခဲ့သည်။

အိုက်ရှောက်ဆေတွင် လက်ရှိ ဇနီး Li Yishing နှင့် သားသမီး ၄ ဦးကျန်ရှိသည်။

No comments: