Wednesday, May 2, 2012

ကုလသမဂ္ဂတွင် မိန့်​ခွန်း​ပြောရန် ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဘန်ကီမွန်း​ ဖိတ်ကြား

မင်းလွင်

မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် မစ္စတာဘန် ကီမွန်း​ဟာ ဒီက​နေ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စု ကြည်ကို ​နေအိမ်မှာ သွား​ရောက်​တွေ့​ဆုံပြီး​ လွှတ်​တော် တက်ဖို့​ ဆုံး​ဖြတ် လိုက်တဲ့​ အ​ပေါ် ချီး​ကျူး​ ဂုဏ်ပြု လိုက်ပြီး​ ကုလ သမဂ္ဂမှာ မိန့်​ခွန်း​ ပြော ကြား ​ဖို့​လည်း​ ဖိတ်ကြား ​ခဲ့​ပါတယ်။

မစ္စတာ ဘန်ကီမွန်း​ဟာ ဒီက​နေ့​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံခဲ့​ပြီး​ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လွှတ်​တော်တက်​ရောက်​ရေး​ ​ပျော့​ပျောင်း​ညင်သာစွာ သ​ဘောတူ လုပ်​ဆောင်လိုက်တာနဲ့​ ပတ်သက်ပြီး​ ချီကျူး​ဂုဏ်ပြုစကား​ ​ပြောကြား​ခဲ့​တာပါ။

မြန်မာနိုင်ငံဟာ ပြုပြင်​ပြောင်း​လဲ​ရေး​ကို လုပ်​ဆောင်​နေ​ပေမယ့်​ အခက်အခဲ​တွေက​တော့​ ဆက်ရှိ​နေ​သေး​တယ်လို့​ မစ္စတာ ဘန်ကီမွန်း​က ​ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​ဖြစ်စဉ်မှာ အခက်အခဲ​တွေ ရှိချင်ရှိမယ်။ စိန်​ခေါ်မှု​တွေက​တော့​ ဆက်ရှိ​နေ​သေး​တယ်။ ပြုပြင်​ပြောင်း​လဲ​ရေး​ ဖြစ်စဉ်က​တော့​ ပြန်မပြင်သင့်​တော့​ဘူး​။ ​နောက်ပြန် မလှည့်​ရ​တော့​ဘူး​” လို့​ ကုလသမဂ္ဂ အတွင်း​ရေး​မှူး​ချုပ်က ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်က​တော့​ အန်အယ်လ်ဒီပါတီဟာ အငြင်း​ပွား​နေတဲ့​ စကား​ရပ်​တွေကို ​ပျော့​ပျောင်း​စွာ လုပ်​ဆောင်နိုင်ခဲ့​တာဟာ ပါတီရဲ့​ မဟာဗျူဟာ လုပ်ငန်း​စဉ်အသစ်လည်း​ မဟုတ်ဘူး​လို့​ သတင်း​ထောက်​တွေကို ​ဖြေကြား​သွား​ပါတယ်။

“မြန်မာနိုင်ငံ ဒီမိုက​ရေစီရရှိ​ရေး​ကြိုး​ပမ်း​တဲ့​ ကာလတ​လေ်ွာက်လုံး​မှာ ​ပျော့​ပျောင်း​တဲ့​ နည်း​လမ်း​ကို ကျမတို့​ အမြဲယုံကြည်ခဲ့​ပါတယ်။ ဘာလို့​လဲဆို​တော့​ အကြမ်း​မဖက်ဘဲနဲ့​ ​ပျော့​ပျောင်း​တဲ့​ ချဉ်း​ကပ်မှုမျိုး​နဲ့​သာ ကျမတို့​လိုချင်တဲ့​ ပန်း​တိုင်ကို ​ရောက်ရှိနိုင်မှာ မို့​လို့​ပါပဲ။ အဲဒီအတွက် ​ပျော့​ပျောင်း​တဲ့​ လုပ်​ဆောင်ချက်​တွေဟာ ကျမတို့​ပါတီရဲ့​ နည်း​ဗျူဟာအသစ်လို့​ ကျမ မထင်ဘူး​” လို့​ပြောပါတယ်။

မြန်မာနိုင်ငံရဲ့​ နိုင်ငံ​ရေး​အရ ပြုပြင်​ပြောင်း​လဲမှု​တွေဟာ ဥပ​ရောသမဂ္ဂရဲ့​ အ​ရေး​ယူပိတ်ဆို့​မှု​တွေကို တနှစ်ဆိုင်း​ငံ့​မှု​တွေဖြစ်​စေပြီး​တော့​ ဒီနှစ်နဲ့​ လာမယ့်​နှစ်​တွေအတွက် အ​မေရိကန်​ဒေါ်လာ သန်း​ ၂၀၀ နီး​ပါး​ မြန်မာနိုင်ငံ ဖွံ့​ဖြိုး​မှု​တွေအတွက် အကူအညီရ​စေခဲ့​တာပါ။

နိုင်ငံတကာရဲ့​ ဖွံ့​ဖြိုး​ရေး​အကူအညီနဲ့​ ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်က “ဖွံ့​ဖြိုး​ရေး​အတွက်ဖြစ်ဖြစ်၊​ လူသား​ချင်း​ စာနာ​ထောက်ထား​လို့​ပဲ ဖြစ်ဖြစ် ဘယ်လို အကူအညီမျိုး​တွေမဆို ရရှိတာဟာ မြန်မာ နိုင် ငံသား​တွေအတွက် ကိုယ်စွမ်း​ကိုယ်စ​တွေ တိုး​တက်မြင့်​မား​စေပြီး​တော့​ အစိုး​ရအ​ပေါ်ကို မှီခိုစိတ်​တွေကလည်း​ ​လေ်ွာ့​နည်း​စေဖို့​ဆိုတာ ဖြစ်ပါတယ်။ မြန်မာ့​ဒီမိုက​ရေစီ ဖြစ်စဉ်ဟာ မှန်ကန်တဲ့​လမ်း​ကြောင်း​အတိုင်း​ သွား​မယ်ဆိုတာ ကျမ အ​သေအချာ ​ပြောနိုင်ပါတယ်” လို့​ သတင်း​ထောက်​တွေကို ​ဖြေဆိုခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ကို နယူး​ယောက် ကမ္ဘာ့​ကုလသမဂ္ဂ အ​ထွေ​ထွေညီလာခံမှာ မိန့်​ခွန်း​ပြောကြား​ဖို့​ကိုလည်း​ မစ္စတာ ဘန်ကီမွန်း​က ဖိတ်ကြား​ခဲ့​ရာမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က လက်ခံခဲ့​တယ်လို့​ သိရပါတယ်။ ဒါ​ပေမယ့်​ ဘယ်အချိန်မှာ သွား​ရောက်ပြီး​ မိန့်​ခွန်း​ပြောမလဲ ဆိုတာကို​တော့​ မသိရ​သေး​ပါဘူး​။

မစ္စတာဘန်ကီမွန်း​ဟာ ရန်ကုန်မြို့​ ဆီဒိုး​နား​ဟိုတယ်မှာ ကျင်း​ပတဲ့​ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေရဲ့​ အစည်း​အ​ဝေး​ကို တက်​ရောက်ခဲ့​ပြီး​ မြန်မာ နိုင်ငံက ပြန်မထွက်ခွာခင် သူ့​ရဲ့​ခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ သတင်း​စာ ရှင်း​လင်း​ပွဲတခု ကျင်း​ပခဲ့​ပါ​သေး​တယ်။

No comments: