နေသွင်
မူးယစ်ဆေးဝါးအမှုနဲ့ ထိုင်းအစိုးရက ဝရမ်းထုတ်လိုက်တဲ့နောက် ဗိုလ် ချုပ် နှုတ်ခမ်းမွေး ဦးစီးတဲ့ ဒီကေဘီအေတပ်က ထိုင်း-မြန်မာ နယ်စပ်က ဂိတ် ၁၀ ဂိတ်ကို ပိတ် ပစ်လိုက်ပြီလို့ ဒီကေဘီအေ တပ်မှူးတဦးက ပြော ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာချထားတဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ)ရဲ့ တပ်မှူး တဦး ဖြစ်တဲ့ ဗိုလ်မှူး စန်းအောင်က တပ်ခရိုင်နဲ့ မျက်နှာချင်းဆိုင်က ဂိတ်ပေါက် ၁၀ ခုကို ပိတ်ထားလိုက်တယ်လို့ ပြောပါတယ်။
“ညွှန်ကြားချက်ရတဲ့ လူတွေကို အကုန်ပိတ်ခိုင်းထားတယ်။ တချို့တပ်တွေကျတော့ အချိန်မီ ညွှန်ကြားချက်မရတာ ရှိတယ်လေ။ ကျနော်တို့ လက်လှမ်းမီတဲ့ ဂိတ်တွေတော့ ပိတ်ထားတယ်။ ၁၀ ဂိတ်ကျော်ပြီ။ ကျနော်တို့တပ်တွေကို ဟိုဘက်ခြမ်း ဒီဘက်ခြမ်း လူသွားလူလာ ပေးမလုပ်ဖို့။”
ဒီကေဘီအေခေါင်းဆောင် ဗိုလ်ချုပ်နှုတ်ခမ်းမွေးကို ဖမ်းပေးဖို့၊ လွှဲပြောင်းပေးဖို့ မြန်မာဘက်ကို ထိုင်းက တရားဝင် တောင်းဆိုလိုက်တဲ့အ ချိန်မှာ နယ်စပ်မှာ အခြေအနေတွေ တင်းမာလာတာပါ။
၂၀၀၃ ခုနှစ်တုန်းက နယ်စပ်မူးယစ်ဆေးဝါးမှောင်ခိုမှုမှာ ပတ်သက်ခဲ့တယ်ဆိုတဲ့ ထိုင်းအစိုးရရဲ့ စွပ်စွဲချက်တွေကို ဗိုလ်ချုပ်နှုတ်ခမ်းမွေးဘက် က ငြင်းဆန်ထားပြီး နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့တွေ လာရောက်စစ်ဆေးနိုင်တယ်လို့ အြကိမ်ကြိမ် ဖိတ်ခေါ်ထားပါ တယ်။
အခုပိတ်ခဲ့တဲ့ ဂိတ်ပေါက်တွေဟာ နှစ်ဖက် အရောင်းအဝယ်နဲ့ စိုက်ပျိုးရေးသမားတွေအတွက် ကူးသန်းတဲ့ အဝင်အထွက်ဂိတ်တွေ ဖြစ်ပါ တယ်။
အခြေအနေတွေ တင်းမာလာရင် ဒီကေဘီအေတပ်တွေက နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အချက်အချာကျတဲ့ မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားကို ပိတ်ပစ်ဖို့ ဆန္ဒရှိတယ်လို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူး စန်းအောင်က ပြောပါတယ်။
“မြဝတီတံတားကို ပိတ်ဖို့တော့ ကျနော်တို့ ကြိုးစားကြည့်တယ်။ ခရိုင်ကနေ ပြည်နယ်ကို တင်ပေးဖို့၊ ပြည်နယ်ကနေ အရှေ့တောင်တိုင်းထိ တင်ပေးဖို့ ကျနော်တို့ ပြောတယ်။ တရားဝင် တုံ့ပြန်တာတော့ မရှိ ဘူး။ တပ်တွေတိုးပြီးတော့ ချထားတာတော့ တွေ့ရတယ်။ ကျနော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ သူတို့ အိမ်နီးချင်းနိုင်ငံနဲ့လည်း မျက်နှာမပျက်ချင်ပါဘူး။ ဒီနိုင်ငံတော်မှာ ခွင့်ပြုချက်တောင်းတယ်။ သူတို့ပိတ်ပေးမယ်၊ ဖွင့်ပေးမယ်ဆိုတာ ကျနော်တို့ကို တရားဝင်ပြောထားတာ မရှိဘူးဗျ။ ကျနော်တို့ အောက်ခြေက တပ်မှူးတွေကို ဗိုလ်ချုပ်က မရမက ပိတ်ပါပြောလို့ရှိရင် ပိတ်ရမှာပဲ။ ကျနော်တို့က စစ်သားတွေဆိုတော့ အထက်အမိန့်ကို နာခံရမှာပဲ။
“သတင်းစာရှင်းလင်းပွဲပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ကို ဆက်စောင့်ကြည့်ပါဦးလို့ လေးလေးနက်နက် ညွှန်ကြားတာရှိတယ်။ ကျနော်တို့ ဗိုလ်ချုပ်က အဲ့လို ညွှန်ကြားတော့ ကျနော်တို့ စောင့်ရမယ်။ ကျနော်တို့က တရားသောစစ်ကို ဆင်နွှဲဖို့ရာ ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့က ဝန်မလေးဘူး။ ထိုင်းက ကျနော်တို့ကို မတရားသောနည်းနဲ့ ဖိနှိပ်မယ်ဆိုရင် ကျနော်တို့ ကာကွယ်ရမှာပဲ။ ဘယ်သူဘယ်ဝါမဆိုပေါ့လေ။ ဖမ်းမယ်ဆိုရင်လည်း ကျနော်တို့က ကာကွယ်ရမှာပဲ။ ဒါကျနော်တို့ရဲ့ လက်ရှိအနေအထားပေါ့လေ။”
ဗိုလ်ချုပ် နှုတ်ခမ်းမွေး ခေါင်းဆောင်တဲ့ ဒီကေဘီအေတပ်ဖွဲ့ဟာ ၂၀၁၀ ရွေးကောက်ပွဲကျင်းပတဲ့ အချိန်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ မြဝတီမြို့ကို နာရီတချို့သိမ်းပိုက်ခဲ့ဖူးပါတယ်။
မြဝတီမြို့က ကုန်သည်တဦးကတော့ တံတားအောက်မှာ မြန်မာအစိုးရတပ်တချို့ လုံခြုံရေးချပေမယ့် ကုန်သွယ်မှုတွေကတော့ ပုံမှန်အတိုင်း ရှိနေတယ်လို့ ပြောပါတယ်။
“အခြေအနေကတော့ ပုံမှန်ပါပဲ။ ဘာမှထူးခြားမှုမရှိဘူး။ ကုန်သည်တွေလည်း ပုံမှန်ပဲသွားနြေကတယ်။ တံတားအောက်တွေမှာ အစောင့်နည်းနည်း ပိုများလာတာတခုပဲ၊ ပိတ်တာတို့ဘာတို့တော့ ဘာမှမရှိသေးဘူး။”
ထိုင်းသတင်းစာတစောင်ဖြစ်တဲ့ ဘန်ကောက်ပို့စ်သတင်းမှာတော့ မြန်မာပြည်ဘက်ခြမ်းမှာ အခုလို အခြေအနေတွေ ဖြစ်နေပေမယ့် ထိုင်းဘက် မှာတော့ လုံခြုံရေး အခြေအနေ ပုံမှန်အတိုင်း ရှိနေတယ်လို့ ဆို ပါတယ်။

No comments:
Post a Comment