Tuesday, May 8, 2012

အနုပညာရှင်အချို့ ကချင်ဒုက္ခသည်များကို သိန်း ၃၀ လှူဒါန်း

ဒီဗွီဘီ

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် နာမည်ကြီးတေးရေးဆရာ ကိုရဲလွင်အပါအ၀င် အနုပညာရှင်တွေဟာ မန္တလေးမြို့မှာ ဆိုင် တချို့ကို လှည့်လည် တီးခတ်ပြီး ရန်ပုံငွေ ရှာတာ ဒီနေ့ သိန်း၂၀ နီးပါး ရရှိ တယ်လို့ ကိုရဲလွင်က ပြောပါတယ်။

ရန်ကုန်မှာ တီးခတ်ပြီး ရန်ပုံငွေရှာလို့ ရတဲ့ ကျပ်ငွေ ၉ သိန်းကျော်ကို မန္တလေးမြို့က စိမ်းရောင်စို လူမှုရေး ကွန်ရက်ကို သွားရောက်ပေးအပ် ရင်း မန္တလေး မှာလည်း ဒီနေ့ တီးခတ် ဖျော်ဖြေရင်း ရန်ပုံငွေ ထပ်မံ ရရှိတာ ဖြစ်ပါ တယ်။ အလှူငွေ သိန်း ၃၀ ခန့်ကို စိမ်းရောင်စို လူမှုရေး ကွန်ရက် ကနေ တဆင့် ကချင် ပြည်နယ်က စစ်ပြေး ဒုက္ခ သည်တွေ ထံကို သွားရောက် လှူဒါန်းမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မမေ့မလျော့ဖို့နဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ အပါအ၀င် တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခ သည် တွေကို အကူ အညီ ပေးဖို့ ရည်ရွယ် ချက်နဲ့ ဦးရဲလွင်နဲ့ အနု ပညာ ရှင်တွေ ပါဝင်တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့ဟာ လက်ဖက်ရည် ဆိုင်တွေ၊ စားသောက် ဆိုင်တွေမှာ တပိုင် တနိုင် တီးခတ် ရန်ပုံငွေ ရှာဖွေ လှူဒါန်း နေတာ ဖြစ်ပါတယ်။

ဒီအဖွဲ့မှာ ကိုသားထွေး၊ ကိုတိုးလွင် (ဥတ္တရအလင်း) ၊ ကိုအိချို၊ ကိုညီညီလွင်နဲ့ တခြား အဖွဲ့ဝင်တွေ ပါဝင်ခဲ့သလို တခြား အနုပညာရှင်တွေ လည်း ထပ်မံ ပါဝင်လာနိုင်တယ်လို့ ပြောပါတယ်။ တိုင်းနဲ့ပြည်နယ် တချို့က စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေကလည်း လာ ရောက်ဖျော် ဖြေဖို့ ကမ်းလှမ်း ကြတယ်လို့ ကိုရဲလွင်က ပြောပါတယ်။

ကချင်ပြည်နယ်မှာ မနှစ် ဇွန်လလယ်က စပြီး ကေအိုင်အိုနဲ့အစိုးရအကြား အပစ်အခတ်ရပ် သဘောတူညီချက် ပျက်ပြယ်ပြီး ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် သောင်းချီတဲ့ စစ်ပြေးဒုက္ခသည်တွေ ဟာ မြန်မာ-တရုတ် နယ်စပ်တလျှောက်နဲ့ တောတွင်းတွေမှာ ပုန်းခိုနေကြရပြီး အထောက်အပံ့တွေ လိုအပ်နေပါတယ်။

No comments: