Friday, May 4, 2012

ဘုန်းကြီးတိုင်တဲ့ အမူ ရဲက လက်မခံ

နိရဉ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ ဂြိတ်ဖ ဆရာတော်မှ သူ၏ တပည့် ဖြစ်သူ ဦးဇင်း တစ်ပါးအား ကျေးရွာသား တစ်ဦးနှင့် သူ၏အဖေါ်များမှဝိုင်းဝန်း တိုက်ခိုက်ခြင်း အပေါ် အရေးယူနိုင်ရေး အတွက် ရဲစခန်းတွင် သွားရောက် အမူဖွင့်သော်လည်း ရဲစခန်းက အမူကို လက်မခံကြောင်းတိုင် ကြားရာတွင် ကိုယ်တိုင် ပါဝင်သူ ဦးဇင်း ဇိနက ပြောသည်။

ဧပြီလ ၂၆ ရက်နေ့က စစ်တွေမြို့ ဂြိတ်ဖ ကျောင်းဆရာတော် ဦးဇာဂရမှ ပုဏ္ဍားကျွန်းမြို့ ရဲစခန်းသို့ သွားရောက်ပြီး သူ၏ တပည့်ဖြစ်သူ ဦးဇင်း ဇိနအား ပုဏ္ဍားကျွန်းမြို့နယ် ကန်ချောင်း ပိုက်ဆိပ်မှ ကျေးရွာသား တစ်ဦးက အသက်ကို ရွယ်စူးပြီး တိုက်ခိုက်ခဲ့သဖြင့် အရေးယူ ပေးရန် သွားရောက် တိုင်ကြားခဲ့သည်။

" တိုင်ကြားတဲ့ နေရာမှာ ဦးဇင်းလည်း ပါတယ်။ ဦးဇင်းက ကိုယ်တိုင်ခံထားရတဲ့သူဆိုတော့ တိုင်ကြားတဲ့ နေရာမှာ ဆရာတော်နဲ့ အတူပါ သွားတာပေါ့။ ရဲစခန်းမှာ အေးဒီနေ့က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက စာရေးကြီး ဦးစံလှဖေါ်လည်း ရှိပါတယ်။ ရဲက အမူကို လက်မခံဘူး။ သူတို့က တပည့်တော်တို့ စုံစမ်းဆောင်ရွက်ပေးမယ်လို့ ပြောဆိုပြီး ဦးဇင်းတို့ကို ပြန်လွှတ်လိုက်ပါတယ်။ အခုအချိန်ထိ ရွာသားတွေကို တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်တာ မရှိသေးဘူး" ဟု ဦးဇင်း ဇိနက ဆက်ပြောသည်။

ဦးဇင်း ဇိနနှင့် တစ်ခြား တပည့် ဖြစ်သူ တစ်ဦးသည် နာရေး ကိစ္စ တစ်ခုကြောင့် ပုဏ္ဍားကျွန်းမြို့နယ် ကန်ချောင်း ပိုက်ဆိပ်သို့ ညဉ့်အချိန် သွားရောက်စဉ် အရက်မူးနေသော လူတစ်ဦးက ဦးဇင်းနှင့် တပည့် ဖြစ်သူတို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

" ဦးဇင်းက အဲဒီနေ့က ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီကျော်မှာ ပြဿနာ ဖြစ်တာပါ။ ဖြစ်တာက မြောက်ဦးမြို့နယ် ညောင်ပင်လှ ရွာက အသက် ၁၆ နှစ်သာ ရှိသေးတဲ့ မောင်သန်းလိုင်ဟာ တီဗီ ရောဂါနဲ့ စစ်တွေမှာ ဆေးလာကုတဲ့ အခါ သေဆုံးသွားပါတယ်။ အဲဒီကလေးရဲ့ အလောင်းကို သူ့ရွာကို ပြန်ပို့ဖို့ လှေတစ်စီးပေါ်တင်ပြီး စက်လှေနဲ့ ဆွဲလာတဲ့ အခါ အဲဒီ ကန်ချောင်း ပိုက်ဆိပ် အနားကို ရောက်တဲ့ အခါ စက်လှေက ပျက်သွားတယ်။ ဒါနဲ့ ဦးဇင်းနဲ့ တပည့်ကောင်လေး တစ်ယောက်က အဲဒီ ပိုက်ဆိပ်ကို လှေတစ်စီးနဲ့ သွားပြီး နောက်ထပ် စက်လှေ တစ်စီးကို ဌားရတယ်။ စက်လှေဌားပြီး လှေနဲ့ ပြန်အ ထွက်မှာ အဲဒီလူက ဦးဇင်းတို့ကို တိုက်ခိုက်တယ်။ ဦးဇင်းက တောင်းပန်လို့တောင် မရဘူး။ ဒါနဲ့ ဦးဇင်လည်း လှေပေါ်ကနေ ရေထဲကို ခုန်ချပြီး ထွက်ပြေးခဲ့ရတယ်။ အဲသလို ထွက်ပြေးတော့ ညဥ့်မှာ စပါး ထားဆိုတဲ့ ကျေးရွာ တစ်ရွာကို ရောက်သွားတယ်။ စပါးထားရွာက ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အကူအညီနဲ့ စစ်တွေ ဂြိတ်ဖကျောင်းကို ပြန်ရောက်လာခဲ့တယ်" ဟု ပြောသည်။

အဆိုပါ အရက်မူးနေသော ကျေးရွာသားသည် ကျန်နေခဲ့သော ဦးဇင်း၏ တပည့် ဖြစ်သူကိုလည်း သူခိုးတွေဟု စွပ်စွဲကာ ပြင်းပြင်းထန်ထန် ရိုက်ပုတ်မူများ ပြုလုပ်ခဲ့သည်ဟု ဦးဇင်း ဇိနက ပြောသည်။

" အဲဒီလူက ဘာကြောင့် ခုလို တိုက်ခိုက်တယ်ဆိုတာကို ဦးဇင်းလည်း အခုအချိန်ထိ တိတိကျကျ မသိရသေးဘူး။ ဒါကြောင့်ရဲကို အရေးယူ ဖြေရှင်းပေးဖို့ သွားပြောတာပေါ့။ ဒီကိစ္စကို ကန်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးလည်း သိတယ်။ နောက်ကြားရတာက ရွာသားတွေက ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရဲကို ပိုက်ဆံ ပေးထားတယ်လို့ သိရတယ်။ ဒါကြောင့် အမူဖွင့် တိုင်ကြားတာကို လက်မခံတာ ဖြစ်တယ်လို့ သိရပါတယ်" ဟု ဦးဇင်းက ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပုဏ္ဍားကျွန်း မြို့မ ရဲစခန်းကို ဆက်သွယ်သော်လည်း ဖုံးလိုင်းမကောင်း သဖြင့် ဆက်သွယ်၍ မရခဲ့ပါ။

စစ်တွေဂြိတ်ဖ ကျောင်းသို့ ဆက်သွယ် မေးမြန်းရာ ကျောင်းတကာ တစ်ဦးက ယခုလို ပြောသည်။

" ဆရာတော်က မရှိဘူး။ ရဟန်းတွေ စာစစ်တဲ့ နေရာကို သွားတယ်။ ဦးဇင်း တစ်ပါးကို အရပ်သား တစ်ဦးက တိုက်ခိုက်တဲ့အတွက်ကျောင်း ရှိ သံဃာတွေက မကျေမနပ် ဖြစ်နေကြတယ်။ သံဃာ အပါး ၆၀ ခန့်က အဲဒီ ပိုက်ဆိပ်ကို သွားဖို့ လုပ်နေကြတယ်။ ပြဿနာ မကြီးထွား ရအောင် ကျွန်တော်တို့က ဟန့်ထားပါတယ်။ ဆရာတော် အားတဲ့ အခါ ဖြေရှင်းပေး ပါလိမ့်မယ်လို့ ပြောထားပါတယ်" ဟု သူက ပြော သည်။

ယခုကဲ့သို့ ဗုဒ္စဘာသာ ရဟန်းတော် တစ်ပါးကို အရပ်သား တစ်ဦးက အကြောင်းမဲ့ တိုက်ခိုက်မူ အပေါ် အမူမှန် ပေါ်ပေါက်ရေးနှင့် တိုက် ခိုက်သူကို အရေးယူနိုင်ရေး အတွက် ဆက်လက် ကြိုးစား သွားမည် ဟု အဆိုပါ ကျောင်း တကာမှ ပြောကြား သည်။

No comments: