Tuesday, May 1, 2012

ရွှေတြိဂံ၌ နာမည်ကြီး စိုင်းနော်ခမ်း လာအို အာဏာ ပိုင်များ လက်၌ ရှိနေသေး

သျှမ်းသံတော်ဆင့်

လာအို (လောဝ်) အာဏာ ပိုင်များ ဖမ်းဆီး ရမိသော ရွှေ တြိဂံဒေသ၌ လက်နက်ကိုင် လှုပ်ရှားနေသည့် နော်ခမ်းအား မည်သည့် နိုင်ငံ ထံ အပ်နှံ သေးခြင်း မရှိ သေးဘဲ လာအို နိုင်ငံ၌ ရှိနေ သေးကြောင်း နယ်စပ် သတင်း ရပ်ကွက်က ဆိုပါသည်။

“တရုတ်အစိုးရက ၂၉ မှု၊ မြန်မာအစိုးရက ၁၅ မှု နဲ့လာအိုအစိုးရက ၇ မှုလေ၊ သူ့ကိုအလိုရှိတဲ့ နိုင်ငံတွေဘဲ။ အဲဒါကြောင့် လာအို အစိုးရ ကလဲ သူ့အမှု ဖွင့်ထား တယ်။ သူ့ကို ဒီ ၃ နိုင်ငံက အပါ အဝင် ထိုင်း ကလဲ လိုချင် နေတယ်” ဟု နယ်စပ်နေ ကုန်သည် တဦးက ပြောသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ချလိန်ယူဘမ်းရုန်းမှ မူးယစ်ရာဇာ၂၅ ဦးဖမ်းဆီးရမိရေးအတွက် ဆုတော်ငွေ ဘတ် ၁၂ သန်း ပေးမည်ဟု ထုတ်ပြန်ထားပြီး တပတ်မပြည့်မှီ ဘတ်ငွေနှစ်သန်းဖြင့် ကြေညာခံ ထားရသည့် စိုင်းနော်ခမ်းအား ပထမဦးဆုံး လူအဖြစ် လာအိုနိုင်ငံ ဘော်ကျောဝ်ခရိုင် တွန့်ဖင့်မြို့နယ် ဘန့်မွမ်းရွာအနီး သျှမ်းပြည်ဘက်ခြမ်းမှ လာအိုနိုင်ငံ (လောဝ်)ဘက်အကူး ၌ ယခုလ ၂၅ ရက်နေ့က ဖမ်းဆီးရသည်ဟုဆိုသည်။

“ သူတို့အဖမ်းခံရတဲ့ ၈ ဦးထဲမှာ တောဝ့်မိုင်ငင်း ဆိုသူ သူဌေးတဦးလဲ ပါတယ်။ မဲခေါင်မြစ်မှာ ပူးတွဲလုံခြုံရေးယူထားတဲ့ တရုတ် ရဲတပ်ဖွဲ့၊ မြန်မာ ၊ လောဝ် အဖွဲ့က စိုင်းနော်ခမ်းနောက်ကို ၆ လ ကျော်ကြာ နောက်ယောင်ခံလိုက်ရာကနေ လာအိုနိုင်ငံ ဘန့်မွမ်းရွာ တွန့်ဖင့်မြို့နယ် ဘော်ကျောဝ်ခရိုင်မှာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့ညပိုင်းက ဖမ်းဆီးမိတာ” ဟု တာချီလိတ်နေ ကုန်သည်ကြီးတဦးကလည်းပြောသည်။

ထိုင်းအစိုးရစွပ်စွဲသည့် မူးယစ်ရာဇာ ၂၅ ဦး အနက် တဦးပါဝင်သည့် ဒီကေဘီအေခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွေးခေါ် စောလယ် ဘွယ်ကမူ ဧပြီ ၃၀ ရက် နောက်ဆုံးထား၍ ဒီကေဘီအေအား သွားရောက် စစ်ဆေးရန် စွပ်စွဲသူ ထိုင်း ဒုတိယ ဝန်ကြီးချုပ် ချလိန်ယူဘံရုန်းအား ဖိတ်ခေါ် ထားသည်။ အထောက် အထား မတွေ့ ရှိပါက ထိုင်း ဒုတိယ ဝန်ကြီး ချုပ်က မိမိစကား မိမိ တာဝန်ယူ ရမည်ဟု ဆို၏။

သို့သော် ယနေ့ မေ ၁ ရက် နေ့ထိ ထိုင်းအစိုးရမှ တစုံတရာသွားရောက်စစ်ဆေးချင်းမရှိသည့်အတွက် တုန့်ပြန်သည့် အနေဖြင့် ဒီကေဘီအေထိန်းချုပ် နေမြေ ရှိ ထိုင်း နယ်စပ် အဝင် အထွက် နယ်ခြား ဂိတ်ငယ် ၁၂ ခုအား ပိတ်ပစ်ရန် DKBA မှ ညွှန်ထား သည်ဟု ဆို၏။ ထို့အပြင် ၎င်းနယ် အတွင်း ရောက်ရှိ နေသည့် ထိုင်း လူမျိုး တို့၏ လုံခြုံရေး ကိုလည်း တာဝန် ယူတော့ မည် မဟုတ်ဟု တုန့်ပြန် လိုက်သည် ဟု ထိုင်း သတင်းစာ တခုက ရေးသား ထားပါသည်။

No comments: