Wednesday, May 9, 2012

ဧရာဝတီ မြစ်ဆုံရေကာတာ ပြန်စရန် CPI စည်းရုံး

KNG

ရပ်ဆိုင်းထားသည့် ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းအား ဆက်လက်လုပ်ဆောင်ရန် CPI ကုမ္ပဏီမှ အရာရှိတစ်ဦးက ရွှေ့ပြောင်းခံရသော မြစ်ဆုံဒေသခံပြည်သူများအား စည်းရုံး ပြော ကြား ခဲ့သည်။

စည်းရုံးတွေ့ဆုံပွဲကို ပြီးခဲ့သည့်လ ဧပြီ ၁၈ ရက်နေ့တွင် စီမံကိန်းအထဲမှ ရွာသားများကို အစိုးရ ပြန်လည် နေရာချပေးသည့် အောင်မြင်သာ စံပြကျေးရွာတွင် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (China Power Investment Corporation, CPI) မှ အရာရှိ တစ်ဦးက ရွာ သား အချို့နှင့်တွေ့ဆုံ ပြုလုပ်ခြင်းဖြစ်သည် ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)မှ စားဂျီးက ပြောသည်။

၎င်းတွေ့ဆုံပွဲတွင် CPI မှ အရာရှိက တရုတ်ဘာသာဖြင့် စည်းရုံးပြောကြားချက် ဗီဒီယိုမှတ်တမ်းကို KDNG မှ မြန်မာဘာသာ ပြန်ဆိုခဲ့ပြီး မေ ၇ ရက် တနင်္လာနေ့က ဖြန့်ချီလိုက်ခြင်းဖြစ်သည်။

ဗီဒီယိုမှတ်တမ်းတွင် CPI အရာရှိက “မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးဟာ လုံးဝ စိတ်ချရပါတယ်လို့ ဒီနေရာမှာ အာမခံပါတယ်။ ဒီစီမံ ကိန်းပြီးသွားရင် မြစ်အထက်ပိုင်းမှာရေကန်ကြီးဖြစ်လာလို့ အရင် ကထက် ရှုခင်းပိုလှလာပါလိမ့်မယ်။ အဲဒီအချိန်ကြရင် ကမ္ဘာလှည့် ခရီး သည် တွေ အများကြီး လာပါလိမ့်မယ်။ ဒေသခံတွေရဲ့ လူနေမှုအဆင့် အတန်းမြင့်လာပါ လိမ့်မယ်။ ခရီးသွားလာရေးပိုကောင်းလာပါ လိမ့်မယ်။” ဟု ပြောဆိုထားသည်။

သူကဆက်ပြီး “ကျွန်တော်ဘရာဇီးကနေ ရေကာတာစီမံကိန်းတခုလေ့လာပြီးပြန်လာတာပါ။ အီတိုင်ပု လို့ ခေါ်တဲ့ရေကာတာပါ။ သရီးဂျော့(ရှ်) ရေကာတာမရှိခင်က အီတိုင်ပုရေကာတာဟာ ကမ္ဘာ့ အကြီးဆုံး ပေါ့။ ဘရာဇီးနိုင်ငံရဲ့အနောက်တောင်ဘက်မှာရှိပြီး စီမံကိန်း မစတင် ခင်က အဲဒီ နားက ရွာဟာ အလွန် ပင်ပန်း ဆင်း ရဲပြီး လူဦးရေ တစ်သောင်း ပဲရှိ တဲ့ရွာ ပါ။ ရေကာတာ ဆောက်ပြီးတဲ့ နောက်မှာ တော့ ဘရာဇီး ရဲ့အ ချမ်းသာ ဆုံးမြို့ ဖြစ်လာပြီး လူဦးရေ သုံးသိန်း ထိတိုး လာတယ်။” ဟု CPI အရာရှိက ပြောထား သည်။

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ယခင်နှစ် စက်တင်ဘာလ ၃၀ ရက်တွင် သမ္မတဦးသိန်းစိန် အမိန့်ဖြင့် ရပ်ဆိုင်း ထားခဲ့ခြင်း ဖြစ် သည်။

မြစ်ဆုံရေကာတာ ဆိုင်းငံကြောင်းကြေညာပြီးတဲ့နောက်ပိုင်း CPI ကုမ္မဏီမှ မြန်မာနိုင်ငံရဲ့ ဒု- သမ္မတနဲ့တွေ့ပြီး ပြောင်းရွှေ့ခံရသည့် အောင် မြင် သာရွာကို ရေ၊ မီးထောက်ပံ့ပေးဖို့ ဆွေးနွေး ပြောဆို ခဲ့သော် လည်း ၎င်းကိစ္စကို အစိုးရက တာဝန်ယူဆောင်ရွက်ပေးမယ်လို့ ဒု-သမ္မတ ကပြော ခဲ့ကြောင်း တွေ့ဆုံ ပွဲတွင် CPI အရာ ရှိက ပြောကြား ထားသည်။

KDNG ဗီဒီယို - CPI မှ ရေကာတာ ပြန်ဆောက်ရန် ရွာသားများကို စည်းရုံးခြင်း

2 comments:

ponenya said...

ကချင်တိုင်းရင်းသားတွေအနေနဲ့သတိထားသင့်ပါတယ်
CPI ကတော့သူတို့ကောင်းစားဖို့အတွက်ပြောမှာဘဲ နားယောင်ရင်တော့ခံရလိမ့်မယ်
တနိုင်ငံလုံးက ဆန့်ကျင်နေပါတယ်
ကချင်လူထုအနေနဲ့ ရေရှည်ကြည့်ပြီးတော့စဉ်းစားသင့်ပါတယ်

Min Min Htun said...

ကချင်တိုင်းရင်းသားတွေလက်ခံလိုက်ရုံနဲ့ဘယ်ရမလည်း ဧရာဝတီမြစ်ဆိုတာ မြန်မာတစ်နိုင်ငံလုံးရဲ့ အသက်သွေးကြောပဲလေ မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးစုအားလုံး လက်ခံမှသာ ရှေ့ဆက်လို့ရမှာပေါ့ ပထမဦးဆုံးကတော့ စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရတဲ့ ကချင်တိုင်းရင်းသားတွေ CPI ကပြောစကားကို နားမယောင်ပါနဲ့ အသားလိုလို့ အရိုးတောင်းနေတာကို ဘယ်တော့မှ နားမယောင်မိပါစေနဲ့