Thursday, May 24, 2012

ကျောက်တံတား NLD ရုံးဖွင့်ပွဲနှင့် လျှပ်စစ်မီးပြဿနာအပေါ် ဒေါ်စု အမြင်

အောင်ဝင်း | ကြာသပတေးနေ့၊ မေလ ၂၄ ရက် ၂၀၁၂

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ရုံးဖွင့်ပွဲ အခမ်းအနားကို မေလ ၂၅ ရက်နေ့ သောကြာနေ့တွင် ပြုလုပ်မည် ဖြစ်ပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် မိန့်ခွန်းပြောမည် ဖြစ်ကြောင်း ကျောက်တံတား မြို့နယ် NLD အဖွဲ့ဝင်တဦးက ဆိုသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း NLD ရုံးဖွင့်ပွဲကိုလည်း မေလ ၂၂ ရက်နေ့က ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က လျှပ်စစ်မီး ပြတ်တောက်မှုများ ကြောင့် ဆန္ဒပြမှုများ အကြောင်းကို မိန့်ခွန်း ပြောကြားခဲ့သေးသည်။

“လျှပ်စစ်မီး မရရှိမှုကြောင့် ဖယောင်းတိုင်မီးထွန်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို သဘောကျပါတယ်။ ဒါပေမယ့် တချို့ဆန္ဒပြသူတွေက လျှပ် စစ်မီးကို အရင်ပေးပါ ဒီမိုကရေ စီကို နောက်မှ ပေးပါလို့ ပြောဆိုတာ တွေက ကျမ စိတ်ထဲမှာ ဘ၀င်မကျပါဘူး။ လျှပ်စစ်မီးတွေ မှန်မှန် မရ တာဟာ ဘာကြောင့်လဲဆိုတာ အားလုံးကို သေသေချာချာ စဉ်းစားစေချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ်နှင့် သဘာဝ သံယံဇာတများ ပေါများလျက် လျှပ်စစ်မီး မှန်မှန် မရရှိခြင်း၊ ရေ မရရှိခြင်း၊ လူအများ အ လုပ်အကိုင် မရရှိခြင်းတို့သည် နိုင်ငံတွင် ကျင့်သုံးလျက်ရှိသော စနစ် မှန်ကန်မှု မရှိခြင်းကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။

၎င်းကိစ္စများအတွက် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး၊ စီးပွားရေး ဖွံ့ဖြိုးနိုင်သည့် အခြေအနေများလည်း ဖန်တီး ပေးရ မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြား သွားသည်။

ဒီမိုကရေစီ လှုပ်ရှားမှုများသည် အစိုးရအနေဖြင့် ထိုကဲ့သို့ တာဝန်များကို ယူတတ်စေရန်အတွက် ထောက်ပြရန် ဖြစ်ပြီး၊ ပြည်သူ အများ အ နေဖြင့် မိမိတို့ ဘ၀ များအား မိမိတို့ ပိုင်ဆိုင်လိုကြပါက ဒီမိုကရေစီ လှုပ်ရှားမှုများတွင် အုတ်တချပ် သဲတပွင့်အဖြစ် တတ်နိုင် သလောက် ပါဝင် ကြစေ လိုကြောင်း ပြောကြား သွားသည်။

လျှပ်စစ်မီး မှန်မှန်ရရှိရေး လှုပ်ရှားမှုများကို မန္တလေးမြို့တွင် သုံးရက်မြောက်နေ့အဖြစ် ပြုလုပ်နေချိန်တွင် ရန်ကုန်မြို့တွင် မေလ ၂၂ ရက် နေ့မှ စ၍ လည်းကောင်း မုံရွာမြို့တွင်လည်း မေလ ၂၁ ရက်နေ့၊ ပဲခူးတိုင်း ပြည်မြို့တွင်လည်း မေလ ၂၂ ရက်နေ့၊ ပေါင်းတည်မြို့တွင် လည်း ၂၃ ရက်နေ့ညတို့တွင် လည်းကောင်း ဒေသခံပြည်သူများက ဖယောင်းတိုင်မီးများ ထွန်းညှိကာ ဆန္ဒထုတ်ဖော်ပြသခဲ့ကြသည်။

No comments: