Saturday, May 5, 2012

RNDP ဥက္ကဌ နှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဂျာမန် ပါလီမန် လေ့လာရေး သွားမည်

မောင်ရမ္မာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာ အေးမောင် နှင့် လွှတ်တော် ကိုယ်စား လှယ်အဖွဲ့သည် မေလ (၅)ရက်နေ့တွင် ဂျာမဏီနိုင်ငံ ပါလီ မန်ကို လေ့လာရေး ခရီး သွား ရောက်မည် ဖြစ်သည်။

“ ကျွန်တော်တို့ကို ဖိတ်ခေါ်တာက ဂျာမန်ပါလီမန်၊ အထက်နဲ့ အောက် ပါလီမန်၊ ဒေသပါလီမန် နှစ်ရပ်ပါ။ ကျွန် တော်တို့ သွားဖို့အချိန်ကလည်း ပါလီမန် ကျင်းပတဲ့ ကာလနဲ့ ကြုံပါတယ်။ ဒီလ ၇ ရက်နေ့က ၁၁ ရက် နေ့ထိ ဂျာမန် ပါလီမန် ကျင်းပ မှာ ဖြစ်ပါတယ်။ အဲဒီ ပါလီမန်ကျင်းပပုံ၊ သူတို့ရဲ့ အဆိုတင်သွင်း မေးမြန်းပုံ၊ ပြန် ဖြေ ကြားပုံ၊ ကြားနာပုံ စတာတွေကို ကျွန်တော်တို့က မျက်မြင် ကိုယ်တွေ့ လေ့ လာမှု ပြုလုပ်မှာ ဖြစ်ပါတယ်” ဟု အဆိုပါ ခရီးစဉ်နှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်း သားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က နိရဉ္စရာသို့ ပြောသည်။

ဂျာမဏီနိုင်ငံ သွားမည့် ကိုယ်စားလှယ်များမှာ ဒေါက်တာအေးမောင်၊ ရှမ်းပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ ပြည် ခိုင်ဖြိုး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်း ဦး၊ ဦးဝင်းသန်း၊ ဦးအေးမောက်နှင့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ဦးမင်းဦး၊ ဒေါက်တာလှမြတ်သွေးတို့ ပါဝင်မည်ဟု သိရသည်။

" အကျိုးကျေးဇူးကတော့ ရှိသင့်သလောက် ရှိမယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဥရောပမှာ ဂျာမန် နိုင်ငံဟာ ဒီမိုကရေစီ စနစ် ရှေ့ကို ရောက်နေတဲ့ နိုင်ငံဖြစ်တယ်။ နောက်ပြီးတော့ ဒေသ ပါလီမန်နဲ့ အစိုးရရဲ့ ဆက်စပ် လှုပ်ရှားမှု၊ ဗဟို ပါလီမန်နဲ့ အစိုးရတို့ရဲ့ လှုပ်ရှားမှု တွေကိုလည်း လေ့လာပြီးတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ဘယ်နည်း ဘယ်ပုံနဲ့ ဖယ်ဒရယ်ပုံစံ ဆက်စပ်ပေးသွားမလဲဆိုတာကို လေ့ လာရမှာ ဖြစ်တဲ့အတွက် အကျိုးရှိနိုင်ပါတယ်" ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲ့များမှာ ယခု ရက် ပိုင်းအတွင်း ဥရောပ နိုင်ငံ များဖြစ်သည့် ဂျာမဏီနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် နော်ဝေးနိုင်ငံ များ သို့ အဖွဲ့သုံးဖွဲ့ ခွဲ ကာ မေလ ၅ ရက်နေ့မှ ၁၈ ရက်နေ့ထိ လေ့လာရေးခရီး သွားရောက်ကြမည်ဟု သိရသည်။

တချိန်တည်းမှာပဲ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေ စီပါတီက ဒေါ်မိမြင့်သန်းတို့ ပါဝင်တဲ့ မြန်မာအမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည်လည်း ဥရောပတိုက် နော်ဝေနိုင်ငံကို ယခုလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ လေ့လာရေးခရီး သွားရောက်မည်ဟု သိရသည်။

No comments: