Thursday, May 31, 2012

ရွာဆိုင်းပုဒ်နှင့်အတူကရင်အမျိုးသား အလံတော် ပျောက်ဆုံးနေ

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ထီးဝါ့ဒို့ကျေးရွာအ၀င်လမ်း မိုင်တစ်ဝက်ခန့် အကွာတွင် စိုက်ထူထားသော ကရင် အမျိုးသားအလံတော်နှင့် ရွာဆိုင်းပုဒ်မှာ မေလ၂၅ရက်နေ့က ဖြုတ်ချခံ ရပြီး ပျောက်ဆုံးလျှက်ရှိသည်ဟု ရွာခံများက ပြောသည်။

အဆိုပါ ဖြုတ်ခံရသည့် အလံနှင့် ဆိုင်းပုဒ်သည် ထီးဝါ့ဒို့ကျေးရွာနှင့် ပလိုင်ထို ဖိုက်ကျေးရွာအကြားတွင် တည်ရှိပြီး မည်သူမည်ဝါက မည်သည့် အကြောင်း ကြောင့် သွားရောက်ဖြုတ်ချခဲ့သည်ကို ယခု အချိန် ထိ မသိရှိရသေးကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ကိုယ်အမြတ်တနိုးထားတဲ့ ကိုယ့်ကရင်အလံတော် ဒီလို ဖြုတ်ချခံရတာ စိတ်မကောင်းဘူး။ နောက် “ထီးဝါ့ဒို့ကျေးရွာ”လို့ ရေးသားစိုက် ထူ ထားတဲ့ ဆိုင်းပုဒ်လည်း ဖြုတ် ချခံရတယ်။ ခက်တာက ဘယ်သူဘယ်ဝါ လာဖြုတ်လိုက်တာလဲတော့ မသိဘူး။”ဟု သူက ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ပေးရန် ထီးဝါ့ဒို့ကျေးရွာလူထုများက ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်ရုံးသို့ အသိ ပေး တင်ပြထားသည်ဟု သိရသည်။

KNU ဒူးပလာယာခရိုင် တာဝန်ရှိသူများထံ ကေအိုင်စီက ဆက်သွယ်မေးမြန်းရာ ယင်းသို့ အလံတော် ဖြုတ်ချခံရခြင်းကိစ္စကို ဆက်လက် စုံစမ်း ဖော်ထုတ်ပြီး အေးဆေးစွာ ဖြေရှင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

ဖြုတ်ချခံရသည့် ကရင်အမျိုးသားအလံတော်နှင့် ရွာဆိုင်းပုဒ်ကို ယခုနှစ်၊ ဧပြီလအစောပိုင်းတွင် ထီးဝါ့ဒို့ကျေးရွာလူကြီးနှင့် နယ်မြေခံ KNU တာဝန်ရှိသူများက ညှိနှိုင်းကာ စိုက်ထူထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မွန် ဒီမိုကရေစီ ပါတီ တည်ထောင်ခွင့် ပြုပြီ

မင်းသုတ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၂ ခုနှစ်၊ မေလ ၃၀ ယမန်နေ့ရက်စွဲဖြင့် ဦးနိုင်ငွေသိမ်း ပါ ၁၅ ဦးလျှောက်ထားခဲ့သည့် မွန် ဒီမို ကရေစီ ပါ တီအား ဥပဒေ၊ နည်းဥပဒေ များနှင့် ညီညွတ်ကြောင်း တွေ့ရှိသဖြင့် နိုင်ငံ ရေး ပါတီ တည်ထောင် ခွင့်ပြု လိုက်ပြီဟု ယနေ့ထုတ် အစိုးရ သတင်း စာများတွင် ရေးသား ဖေါ်ပြ သည်။

၁၉၉၀ ခုရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေအဖွဲ့ MNDF အား မွန် ဒီမို ကရေစီပါတီ Mon Democratic Party-MDP အမည်သစ်ပြောင်းလဲကာ ပြီးခဲ့ သည့်ဧပြီလ ၂၆ ရက်နေ့တွင် နေပြည်တော် ရွေး ကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

မွန်ဒီမိုကရေစီပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းကြည် ဝင်းက “ဒီရက်ပိုင်းမှာ ကျနော်တို့ ၁၅ ဦးအဖွဲ့အစည်းအဝေးပြန်ထိုင်ပြီး နိုင်ငံ ရေး ပါတီ မှတ်ပုံ တင်ခွင့် ဆက်လက် လျှောက်တင်ဖို့ ဆက်လုပ် ရပါ ဦးမယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်အတွက် အဖွဲ့ခေါင်းဆောင်နှင့် ဒုအဖွဲ့ခေါင်းဆောင်နှစ်ဦး ရွေးချယ်ပြီး နေပြည်တော်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ယခုလအတွင်း သွားရောက် လျှောက်တင် မည်ဟု သိရသည်။

နိုင်ငံရေးပါတီမှတ်ပုံခွင့်ရရှိပြီးလျှင် ပါတီဝင်များစုစည်းပြီး ရက်ပေါင်း(၉၀) အတွင်း အနည်းဆုံးပါတီဝင်ဦးတစ်ထောင်စာရင်းကို ဆက်လက် တင်ပြ ရမည် ဖြစ်သည်။

လက်ရှိ မွန်ဒီမိုကရေစီပါတီတွင် ဂုဏ်ထူးဆောင်နာယက နိုင်ထွန်းသိန်း၊ ဥက္ကဌနိုင်ငွေသိမ်း၊ ဒုဥက္ကဌ(၁) နိုင်သက်လွင်၊ ဒုဥက္ကဌ(၂) နိုင်တင် အောင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း၊ တွဲ ဘက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်း၊ တွဲဘက်အတွင်းရေးမှူး(၂) မွန်ရာဇာ(ခေါ်) မင်းစိုးဝင်း အပါအဝင် ဗဟိုအလုပ်အမှုဆောင်(၂၁) ဦးကို ယာယီရွေးချယ်ဖွဲ့စည်းခဲ့သည်။

“၉၀ ရွေးကောက်ပွဲမှာ မုဒုံမြို့နယ်တစ်ခုထဲမှာ ကျနော်တို့မွန်ဒီမိုအဖွဲ့ဝင်အင်အား နှစ်သောင်းနီးပါးရှိတယ်၊ တစ်ခုလုံးအနေနဲ့ ပါတီဝင် စုစုပေါင်း အင်အား တစ်သိန်းကျော် ရှိတယ်၊ ဒါကြောင့် အခု ပါတီ ဝင်တွေ ပြန်လည် စုဆောင်းတာ သိပ်တော့ အခက် အခဲ ရှိမယ် မထင်ဘူး” ဟု ဒေါက် တာ မင်းကြည်ဝင်းက ပြောသည်။

လက်ရှိမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တွင်လည်း ပါတီဝင်အင်အား ၄၀ဝ၀ ကျော်ရှိသည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။

လာမည့် ၂၀၁၄ ခု၊ နှစ်ကုန်ပိုင်းတွင် မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ တစ်ပါတီအဖြစ်ပေါင်းစည်းရန် ပြီးခဲ့သည့် ဧပြီလတွင် မွန်သံဃာတော်ရှေ့မှောက်၌ ပဏာမ သဘော တူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

ထို့အတူ အထက်ပါ ပါတီနှစ်ဖွဲ့ပူးပေါင်းမည်ကိုသိရှိရသဖြင့် ထိုင်းနယ်စပ်အခြေစိုက် မွန်ရေးရာအဖွဲ့ချုပ် Mon Affair Union(MAU) သည် လည်း ဝမ်းမြောက်စွာကြိုဆိုကြောင့် မေလ(၈) ရက်နေ့တွင် အိပ်ဖွင့်ပေးစာတစ်စောင်ပေးပို့ခဲ့သည်။

မွန်တိုင်းရင်းသားတို့၏နိုင်ငံရေးလောကတွင် လက်နက်ကိုင်မွန်ပြည်သစ်ပါတီ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါနှင့် ယခုနိုင်ငံရေးတည်ထောင်ခွင့်ရရှိသော မွန်ဒီမိုကရေစီပါတီ (၃) ပါတီ တည်ရှိနေသည်။

၂၀၁၁ ခု၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အဖျက်သိမ်းခံမွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို ပြန်လည်စုဖွဲ့ခဲ့ရာတွင် မွန်ပြည်သစ် ပါတီမှ အနား ယူ ခဲ့သော ဝါရင့် ဗဟိုကော် မတီဝင် ဟောင်းများနှင့် လူငယ် ခရိုင် ကော် မတီများ ပါဝင်လာကြပြီး ယခုအခါ မွန်ဒီမိုကရေစီပါတီအဖြစ် အမည် ပြောင်း၍ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်တင်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမား အခြေခံလစာကိစ္စ ဆန္ဒပြမှု ၂၅ ရာခိုင်နှုန်းခန့်သာ ပြေလည်

လင်းသန်

ရန်ကုန်တိုင်း စက်မှုဇုန်များတွင် အလုပ်သမားများ အခြေခံ လစာနည်းသဖြင့် တောင်းဆို ဆန္ဒပြမှု ၂၅ ရာခိုင်နှုန်းခန့်သာ ပြေလည်သေး ကြောင်း သိရသည်။

ပြေလည်သွားသည့် စက်ရုံများမှာ မှော်ဘီ မြောင်းတကာရှိ Yangon Crown သံရည်ကြိုစက်ရုံ၊ တိုက်ကြီးမှ MGE အထည်ချုပ် စက်ရုံ၊ ပုလဲ အ ထည်ချုပ်စက်ရုံ၊ စပယ်ပွင့် အထည်ချုပ် စက်ရုံ၊ နေမင်း အ ထည်ချုပ်စက်ရုံများ ဖြစ်ပြီး ဆန္ဒပြ စက်ရုံ ၂၀ ကျော် ရှိသည့် အနက် ၅ ရုံသာ ပြေ လည်မှုရရှိသေးသည်ဟု အလုပ်သမားများကို အားပေးစကား လိုက်လံပြောကြားသူ တဦးဖြစ်သည့် ၈၈ မျိုးဆက် ကျောင်း သားများ အဖွဲ့မှ မမာ မာဦးက ဧရာဝတီကို ပြောသည်။

အခြေခံလစာ ကိစ္စ ပြေလည်သွားသည့် မှော်ဘီ မြောင်းတကာ သံမဏိစက်ရုံတွင် အစာငတ်ခံ ဆန္ဒပြမှုကြောင့် ကျန်းမာရေးချို့တဲ့လာသူ ၉ ဦး အနက် ၅ ဦးကို ဆေးရုံတင်လိုက်ရကြောင်း၊ ၃ ဦး၏ အခြေ အနေမှာဆိုးရွားနေကြောင်း သူက ဆိုသည်။

“လက်ရှိ ၃ ယောက်ကတော့ အခြေအနေ နည်းနည်း မကောင်းသေးလို့ သူဌေး ကိုယ်တိုင်ပဲ အာရှတော်ဝင် ဆေးရုံကို ပို့လိုက်တယ်။ ၁ ယောက် ကတော့ သွေးဝမ်းတွေ သွားတာပေါ့။ ကျန်တဲ့ ၂ ယောက်ကတော့ အကြောတွေ ဆိုင်းပြီး ကပ်သွားတယ်” ဟု သူက ပြောသည်။

မပြေလည်သည့် စက်ရုံများအနက် မေလ ၉ ရက်နေ့က စတင် ဆန္ဒပြနေသည့် လှိုင်သာယာစက်မှုဇုန်ရှိ ဟိုင်မို ဆံပင်တု စက်ရုံ အလုပ်ရှင်က အလုပ်သမားများ၏ လိုင်းခန်းများအတွက်ပေးနေသည့် ရေနှင့် ရိက္ခာကို ယနေ့ စတင်ဖြတ်တောက် လိုက်သည်ဟုလည်း သိရသည်။

“လကုန်ပြီး ၂ ရက်နေ့လောက်မှပဲ အစာဖြတ်၊ ရေဖြတ်မယ် ထင်ထားတာ၊ အခု ဒီနေ့ပဲ ဗြုန်းကနဲ အစာရော၊ ရေရော၊ မီးရော အကုန်လုံးကို ဖြတ်ချ ပစ်လိုက် တာ” ဟု ဟိုင်မို ဆံပင်တု စက်ရုံ အလုပ်သမား ခေါင်းဆောင် မလင်းလက်ခင်က ဧရာဝတီကို ပြောသည်။

စက်ရုံအလုပ်သမားများ၏ အခြေခံ လစာ ၈ ထောင်ကျပ်သာ ရရှိသဖြင့် မေ ၁၀ ရက်နေ့က အလုပ်သမားရေးရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်း ရှိန်က ကြားဝင် စေ့စပ်ညှိနှိုင်းပေးပြီး အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားရေး သဘာတူ စာချုပ်သစ်ကို အခြေခံ လစာ ၃ သောင်းကျပ် ဖြင့် ချုပ်ဆိုခဲ့ကြောင်း၊ သို့ရာတွင် စက်ရုံဘက်က ကတိ ချိုးဖောက်ပြီး ယနေ့အထိ စာချုပ်သစ်ကို ခံစားခွင့် မရသေးကြောင်း သူက ရှင်းပြ သည်။

“ကျပ် ၃ သောင်းကို ကျေကျေနပ်နပ်နဲ့ ပေးပြီးတော့မှ သူတို့ဘက်က စာချုပ်ကို ဖောက်ဖျက်တယ်။ နောက်တခါ ပြန်ရှင်းပေးတဲ့အချိန်မှာ ဒီစက် ရုံက ကိုရီးယား ပိုင် စက်ရုံဖြစ် သွားပြီ၊ အဲဒီတော့ လူသစ်၊ စိတ်သစ်၊ မန်နေဂျာအသစ်နဲ့ အစစအရာရာ အသစ်လို့ သဘောထားပြီးတော့ ၁ သောင်းခွဲ ပဲ ယူဖို့ ဦးဝင်းရှိန်ကိုယ်တိုင်က စာချုပ်ကို ပြန်ချုပ် ခိုင်းတယ်” ဟု မလင်းလက်ခင်က ဆိုသည်။

ယခုကဲ့သို့ လာရောက်ဖြေရှင်း ပေးသော်လည်း မပြေမလည် ဖြစ်နေရခြင်းသည် အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသား အလုပ် သမားများဘက်က ရပ်တည်မှု အားနည်းခြင်းကြောင့် ဖြစ်သည် ဟု အလုပ်သမားများက ပြောဆိုနေကြသည်။

လွန်ခဲ့သည့် ၁ လကျော်က စတင်ပြီး လုပ်အားခ အခြေခံလစာအပေါ် အကြောင်းပြု၍ စက်မှုဇုန်များ၌ အလုပ်သမား ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်လာရာ ဆန္ဒပြ အလုပ်သမား စုစုပေါင်း ၁ သိန်းနီးပါးအထိ ရှိနိုင်ကြောင်း၊ မပြေလည်မှုများ နောက်ကွယ်တွင် ဆန္ဒပြ အလုပ် သမား များ၏ စားသောက်ရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်း မမာမာဦးက ဆိုသည်။

“စက်ရုံတရုံ၊ တရုံကို အလုပ်သမားက အနည်းဆုံး ၁ ထောင်၊ ၂ ထောင်ရှိတာ။ ဆန္ဒပြတာလည်း အကုန်နီးပါး စက်ရုံ အပြင်ထွက် ဆန္ဒပြ ကြတာ” ဟု သူက ပြောသည်။

ယမန့်နေ့ကလည်း ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အပါအ၀င်၊ မြန်မာလူငယ်များ အစည်းအရုံးတို့က ဟိုင်မို စက်ရုံ၊ တော်ဝင်မြန်မာ၊ ဆန်နီ၊ မြန်မာဆန်နီ စက်ရုံတို့ရှိ အလုပ်သမားများကို အားပေးစကား သွားရောက် ပြောကြားခဲ့ပြီး အစားအစာ၊ ရေ စသည်များအား အလှူခံရသမျှ ဝေမျှ ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“အခု ဆန္ဒပြ အလုပ်သမားတွေမှာ ကျမတို့ စားရေးသောက်ရေးအတွက် အလှူခံပြီး ကျွေးမွေးနေတာဆိုတော့ ကျမတို့လည်း မနိုင်မနင်း လုပ် နေရတယ်။ လှူချင်တဲ့ လူတွေလည်း ကူညီစေချင်ပါတယ်” ဟု မမာမာဦးက ပြောသည်။

ရွှေပြည်သာနှင့် လှိုင်သာယာ လယ်သိမ်းခံ လယ်သမားများ ဆန္ဒပြ

ဝေစန္ဒာ | ကြာသပတေးနေ့၊ မေလ ၃၁ ရက် ၂၀၁၂

ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များမှ လယ်သမား ၁ဝဝ ကျော်က လယ်သိမ်းခံခဲ့ရမှုနှင့် ပတ်သက်၍ ကြာသပတေးနေ့ မနက်ပိုင်းက ရန် ကုန်တိုင်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် ဆန္ဒပြကြသည်။

စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းများအတွက် လွန်ခဲ့သော ၁၅ နှစ်ခန့်က ၎င်းတို့၏ လယ်ယာမြေများအား အသိမ်းခံခဲ့ရသော်လည်း ယခု ချိန်ထိ ထိုမြေများပေါ်တွင် မည်သည့် စီမံကိန်းမျှ စတင်ခြင်း မရှိ သေးသည့်အတွက် ယခုကဲ့သို့ ပြန်လည် တောင်းယူရခြင်း ဖြစ်ကြောင်း လှိုင် သာယာမြို့ နယ်မှ လယ်သ မားကြီး ဦးအုန်းတင့် က ပြောသည်။

“ကျနော်က ဧက ၃၀ အသိမ်းခံခဲ့ရတယ်။ အဲဒီတုန်းက မြို့ရွာနဲ့အိုးအိမ်က သိမ်းခိုင်းတယ်ဆိုပြီး ဝါဝါဝင်း ကုမ္ပဏီက လာသိမ်းခဲ့တယ်။ ခုချိန်ထိ အဲဒီနေရာမှာ ဘာအဆောက်အဦးမှ ဆောက်လုပ်တာ မရှိသေး ဘူး။ လှိုင်သာယာမှာဆို ကျွန်းကြီး၊ ကျွန်းလေး၊ အပြင်ပဒံ၊ အတွင်းပဒံ၊ ကန်းခို အဲဒီက လယ်တွေ အသိမ်းခံခဲ့ရတယ်။ လယ်ဧက စုစုပေါင်းထောင်ကျော် အသိမ်းခံခဲ့ရတယ်။ လယ်သိမ်းခံရလို့ ကျနော်တို့တွေ တခြားအလုပ် ပြောင်းလုပ်ရတယ်။ စားဝတ်နေရေး ကြပ်တည်းတယ်။ နောက်ဆုံး ကလေးတွေ ကျောင်းမထားနိုင်တဲ့အထိ ဖြစ်ခဲ့တယ်။ ဒါပေမယ့် မပြောရဲ တာကော၊ နားမလည် တာကော ကြောင့် ဘာမှ မလုပ် ခဲ့ဘူး။ ခုတော့မှ ပြန်တောင်းဆိုတာပါ” ဟု မဇ္ဈိမကို ပြောသည်။

လယ်သမားဘဝမှ ဆိုက္ကားဆရာ ဖြစ်လာရသော ရွှေပြည်သာမှ လယ်မြေသိမ်းခံခဲ့ရသော လယ်သမားကြီး ဦးချစ်ထွန်း ကလည်း နိုင်ငံတော် သမ္မတ ကြီး အနေနှင့် မိဘချင်း ကိုယ်ချင်းစာပေးရန် တောင်းဆို လိုက်သည်။

“ဦးတို့ ရွှေပြည်သာက သာဓု၊ အုတ်ဖို၊ လှော်ကား၊ ကရင်ကွင်း အဲဒီတွေမှာ လယ်ဧက ၆၀၀ ကျော် အသိမ်းခံလိုက် ရတယ်။ မိသားစုက ဒါပဲ လုပ်တတ်တာမို့ လုပ်လာခဲ့ တာ ခုဆိုနှစ် ၃၀ ရှိပြီ။ ခုတော့ ဆိုက္ကား နင်းနေတယ်။ အခုလို သိမ်းတာ မတရားမှန်း သိပေမယ့် မပြောတတ်လို့ မပြောတာ။ နိုင်ငံသား တယောက်အနေနဲ့ မျှတမှု လိုချင်ပါတယ်။ ဦးတို့ လယ်သမားတွေက နင်းပြားဘဝမို့ ဘာမှမပြောရဲပါဘူး။ ပြန်ပေးတာ တော့ လိုချင်ပါတယ်။ သားသမီးတွေ ကို ကောင်းကောင်းမထားခဲ့နိုင်ဘူး။ ဒါတွေကို မိဘတဦးအနေနဲ့ ခွဲဝေပေးချင်တယ်။ လူတိုင်း မိဘ နေရာက ခံစား ပေးဖို့ပါပဲ။ နိုင်ငံတော် သမ္မတ ကြီးလည်း မိဘ နေရာ က ခံစား ပေးဖို့ပဲ မျှော်လင့် ပါတယ်” ဟု ပြောသည်။

သိမ်းယူသွားသော လယ်ယာမြေများအား စီမံကိန်း မစတင်သည့်အတွက် ကုမ္ပဏီများထံမှ ပြန်လည်သိမ်းယူကာ လယ်သမားများထံ ပြန် လည် ပေးအပ်ဖို့ အိုးအိမ်ဦးစီးဌာနအား မေလ ၁၅ ရက်နေ့က တောင်း ဆိုထားသော်လည်း အကြောင်းပြန်ကြားမှုမရှိ၍ ယခုကဲ့သို့ ဆန္ဒပြ ရခြင်း ဖြစ်ကြောင်း လယ်သ မားများ ကိုယ်စား လိုက်ပါဆောင်ရွက်သူ ဦးဝင်းချို က ပြောသည်။

“ဒီလယ်သမားတွေက အနော်ရထာ စက်မှုဇုံစီမံကိန်း၊ သာဓု စက်မှုဇုံစီမံကိန်း၊ ဝါးတရာ စက်မှုဇုံစီမံကိန်းတွေ အကြောင်းပြပြီး အသိမ်း ခံခဲ့ရ တာပါ။ စက်မှုဇုန် တကယ် ဆောက်ရင် ဘာမှမပြောပါဘူး။ ခုက သိမ်းခဲ့တာ ၁၅ နှစ်ရှိပြီ ဘာတခုမှ မပေါ်သေးဘူး။ မြေတိုင်းက ချထားတဲ့ စည်းကမ်း ချက်အရ စက်မှု လုပ်ငန်း လုပ်ဖို့ သိမ်းတဲ့နေရာမှာ သုံးလအတွင်း ဘာမှ အကောင် အထည်မပေါ်ရင် စာချုပ် ဖောက်ဖျက်မှု အရ မြို့ရွာအိုးအိမ်က ပြန်သိမ်းရပါမယ်။ ဒါပေမယ့် ခုချိန်ထိ ဘာမှ ပြန်မသိမ်းထားဘူး။ ဒါဟာ မျှတမှု မရှိတာပါပဲ။ ဒါကို ကျနော်တို့က အဲဒီ ကုမ္ပဏီ တွေဆီက ပြန်သိမ်း ပေးဖို့ တောင်းဆို တယ်။ ခုချိန်ထိ ဘာမှ မထူး၊ ဘာမှ အကြောင်း မပြန်လို့ ခုလို ဆန္ဒပြ ရတာပါ” ဟု မဇ္ဈိမကိုပြောသည်။

အဆိုပါလယ်များမှာ မြို့ရွာအိုးအိမ်၏ သတ်မှတ်စည်းကမ်းချက်အညီ လယ်သမားများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် မတ အမှတ်ရ မြေ ကွက် များ ဖြစ်သော်လည်း လက်ရှိချိန်တွင် ဝါဝါဝင်းကုမ္ပဏီမှ ပိုင်ထားကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ မြို့ရွာအိုးအိမ်မှ တာဝန်ရှိသူများအား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဖြေကြားမှု မပေးနိုင်သေး ကြောင်း ပြန်လည် ပြောကြား ခဲ့သည်။

လားရှိုး – မူဆယ်လမ်း မသုံးရန် စာကပ်ပြီးနောက် တိုက်ပွဲဆက်ဖြစ်

နန်းဆိုင်နွမ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး – မူဆယ် ကားလမ်းမကြီးကို မေ ၂၈ ရက်နေ့တွင် အသုံးမပြုကြရန် မူဆယ်မြို့နယ် အတွင်းရှိ ကားဂိတ် အ သီးသီးနှင့် လူသွားများသော နေရာများ၌ စာကပ်ထား ခဲ့ပြီး နောက် ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ အနီး၌ မေ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်က တိုက်ပွဲ ဖြစ်ပွားကာ ထိခိုက်မှုများ ရှိခဲ့ကြောင်း၊ လား ရှိုး – မူဆယ် ခရီးသည်များနှင့် ဒေသခံများအား ထိတ်လန့်မှုဖြစ် စေခဲ့ကြောင်း၊ ယင်းနေရာသည် ခရီးသွားကားများ ဖြတ်သန်းရာနေရာ ဖြစ်သ ဖြင့် ပြည်သူများ၏ စီးပွားရေးကိုလည်း ထိခိုက်နေကြောင်း ကွတ်ခိုင် ဒေသခံတဦးက ဆိုသည်။

“အဲဒီနေ့က စစ်ပွဲဖြစ်တာ လူသေမှုတွေတော့ရှိတယ်။ ခရီးသွားပြည်သူတွေ၊ ဒေသခံတွေပါလား မပါလားတော့ သေချာ မသိရသေးဘူး၊ ဒါပေ မယ့် တိုက်ပွဲက နေ့တိုင်း လိုလို ဖြစ်နေတယ်။ အချိန်မရွေးဘူး” ဟု အဆိုပါ ပုဂ္ဂိုလ်ကဆိုသည်။

ယခုလအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာအစိုးရ တပ်တို့အကြား စစ်ရေး ပဋိပက္ခ အရှိန် ပိုမြင့်လာသည်နှင့် အမျှ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသခံများ မိမိအသက်အိုးအိမ် လုံခြုံရေးအတွက် တနေ့ထက်တနေ့ ပိုစိုးရိမ် နေရကြောင်း ကွတ်ခိုင်မြို့ ဒေသခံ များက ပြောသည်။

မြန်မာအစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့်၏ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ရှမ်းပြည် မြောက်ပိုင်း မူဆယ်၊ နမ့် ခမ်း၊ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ သိန္နီ အပြင် လားရှိုး၊ သီပေါ နှင့် ကျောက်မဲ မြို့နယ်များအထိ ဂယက်ရိုက်လာသဖြင့် ခရီးသွားများ၊ ကုန်စည် စီးဆင်းမှုများ၊ ဒေသခံများ၏ အသက် အိုးအိမ်လုံခြုံမှုများ ထိပါးလာသည်ဟု မူဆယ်မြို့နယ်တွင် နေထိုင်သည့် ရှမ်းတိုင်းရင်းသား တဦးက ဆိုသည်။

ထိုကားလမ်းကို လက်ရှိအခြေအနေအထိ ဆက်လက်အသုံးပြုနေကြဆဲ ဖြစ်သော်လည်း မူဆယ်မှ လားရှိုးသို့ သွားသည့် ကုန်တင်ကားသေး များ၊ ခရီးသည်တင် ကားများမှာ အလွန်ပင်နည်းပါး သွားသည်ဟု သိရသည်။

“မေ ၂၈ ရက်နေ့ က နမ့်ခမ်း၊ မူဆယ်ဘက်ကနေ့ စစ်ကားတွေ မနက် ၁၀ နာရီကတည်းက အစီး ၃၀ လောက် ကွတ်ခိုင် ဘက်ကို ဆင်းသွား တယ်။ သူတို့က တပြိုင် နက်တည်း အစီး ၃၀ ဆင်းတာ မဟုတ်ဘူး၊ နည်းနည်းချင်းစီ ဆင်းတယ်။ထိခိုက်ဒဏ်ရာရတာကတော့ စုံစမ်းရ သ လောက် မူဆယ် – လားရှိုး လိုင်းကားတွေ ဘာမှမဖြစ်ဘူး။ စစ်ကားတွေကို အဓိက ပစ်တာပဲ နေမှာပါ” ဟု မူဆယ်ဒေသခံ တဦးက ပြော သည်။

မေလ ၁၉ ရက်နေ့ညက မန္တလေးမှ မူဆယ်သို့ တက်လာသည့် ကုန်တင်ကား ၂ စီးကို ဆတ်ကြေးတောင်း၍ ဗုံးခွဲဖျက်ဆီးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ လက်ချက် ဖြစ်ကြောင်း မေ ၂၂ ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ကားကြီး ၂ စီးသည် လက်နက်ငယ် ကျည်ခံများ ထိမှန်ခဲ့မှုကြောင့် ပျက်စီးမှု အနည်းငယ်ရှိခဲ့သော်လည်း ကားသမား များ ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း၊ ထိုနေရာတွင် မပေါက်ကွဲသေးသည့် သံကိုယ်ထည် လက်ပစ်ဗုံးတလုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ မေ ၂၀ ရက်နေ့ နံနက်မှ စတင်၍ ယာဉ်များ ပုံမှန် အတိုင်း သွားလာ နေပြီ ဖြစ်ကြောင်း သတင်းစာ ကဆို ထားသည်။

တိုက်ပွဲများကြောင့် မူဆယ် – လားရှိုးလမ်း အပါအဝင် ကချင်ပြည်နယ်အတွင်း ဖြတ်သန်းသော လမ်းတချို့ကို KIA လက်အောက်ခံ နယ်မြေခံ တပ်ရင်းတချို့က ရှေ့တန်းစစ်မြေပြင် တပ်မှူးများ၏ တင်ပြချက်များကြောင့် လုံခြုံရေး အကြောင်းပြကာ ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာအစိုးရနှင့် KIA တို့ တရက်လျှင် တိုက်ပွဲ ဖြစ်ပွားမှု ၅ နေရာခန့် နေ့စဉ် ရက်ဆက် ပုံ မှန်ရှိကြောင်း၊ အဆိုပါ တိုက်ပွဲများကြောင့် နှစ်ဘက် ထိခိုက် သေဆုံးမှု များလည်းရှိကြောင်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ကချင်ဒေသ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ မီးရထား ဝန် ကြီး ဦးအောင်မင်းနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်များ ယခုလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်တွင် တွေ့ဆုံ ခဲ့ ကြ သည်။

မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ နှစ်ရပ်ကို အစိုးရက အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း ဦးအောင်မင်းအနေနှင့် KIO ခေါင်းဆောင်များ ပထမအကြိမ် တွေ့ဆုံ ခဲ့ခြင်းလည်း ဖြစ်သည်။

ရွှေလီမြို့ တွေ့ဆုံဆွေးနွေးမှုတွင်လည်း KIO ဘက်က တောင်းဆိုထားသည့် ထိုးစစ်ဆင်နေသော တပ်များကို ရုပ်သိမ်းပေးရန် နှင့် နှစ်ဘက် သ ဘောတူ လက်မှတ်ရေးထိုးရာတွင် အခိုင်အမာဖြစ်စေရန် နိုင်ငံတကာ စောင့်ကြပ်မှုအောက်၌ သက်သေထူ လက်မှတ် ရေးထိုးကြရန် တောင်း ဆိုမှုကို အစိုးရဘက်က လိုက်လျောမှုမပြုနိုင်သောကြောင့် ငြိမ်းချမ်းရေး အလှမ်းကွာနေခြင်း ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုး ဆောင် အ ဖွဲ့(PCG) နှင့် KIO တို့က ပြောဆို ကြသည်။

မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ

နိရဉ္စရာ

ရမ်းဗြဲဒေသတွင် လက်ယပ်တွင်းဖြင့် ရေနံ တူးနေစဉ်

ရမ်းဗြဲ လူထု ၇၀၀ ကျော်ခန့်သည် မသီတာထွေး ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် အပေါ် မကျေနပ်သည့် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထိ ချီတက် ဆန္ဒပြ ခဲ့ကြ သည်ဟု သိရသည်။

" ကျွန်တော်တို့ မေလ ၃၀ ရက်နေ့ နေ့လည်ဘက်မှာ ရမ်းဗြဲမြို့ စောမဲကျီလမ်း၊ ရုံးတက်လမ်း၊ ရဲစခန်းထိ ချီတက်ပြီး အဲဒီက မြို့နယ် အုပ် ချုပ်ရေးမှူးရုံးထိ ချီတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ တောင်းဆိုချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်" ဆန္ဒ ပြရာတွင် ပါဝင်သော ရမ်းဗြဲ ဒေသခံ တစ်ဦးက ပြောသည်။

ဆန္ဒပြသူများသည် နယ်မှ စက်လှေများနှင့် ရမ်းဗြဲမြို့သို့ ချီတက်လာပြီး မြို့ခံ လူထုနှင့် ပူးပေါင်းကာ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

" ကျွန်တော်တို့ တောင်းဆိုတာက အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ အမှန်တကယ် တရားခံ အစစ်အမှန်တွေ ဟုတ်မဟုတ် လူထုကို ပြသရန်၊ ဘာဖြစ် လို့ ဒီလိုတောင်းဆိုရသလဲ ဆိုရင် ဒီက အာဏာပိုင်တွေဟာ အမှန် တကယ် ပြစ်မူ ကျူးလွန်သူတွေဆီက ပိုက်ဆံ တွေ အမြောက်အမြား ယူပြီး သူတို့ကို မဖမ်းဘဲ ပြစ်မူ မကျူးလွန်တဲ့ သူတွေကို ဖမ်းပြီး တရားစွဲဆိုတတ်တဲ့ အကျင့်ရှိတဲ့ အတွက် ဒီလူငယ် သုံးဦးဟာ အမှန်တကယ် ပြစ်မူ ကျူးလွန်တဲ့ သူတွေ ဟုတ်မဟုတ်ကို သူတို့ကို သိရှိထားတဲ့ ဒေသခံ ပြည်သူ တွေကို ထုတ်ဖေါ် ပြသ ပေးပါ ဆိုပြီး ပထမ အချက် အနေနဲ့ တောင်းဆိုပါတယ်။"

ဒုတိယ တောင်းဆိုချက်ကိုလည်း သူက ယခုလို ပြောကြားသည်။

"ကျွန်တော်တို့ ဒုတိယ တောင်းဆိုတာက ဒေသက အာဏာာပိုင်တွေရဲ့ ဥပဒေကို မလိုက်နာတဲ့ အတွက် ခုလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာရတယ်။ ဒါကြောင့် အနာဂတ်မှာ ဒါတွေကို မပြုလုပ်ဖို့ တောင်းဆိုကြတယ်။ ခုလို ကြီးကျယ်တဲ့ မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်း သွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလား ရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ အမျိုးမျိုး နှောင့်ယှက်တာတို့၊ စော်ကားတာတို့ အကြိမ်ကြိမ် ရှိခဲ့တယ်။ ဒါကို ဒေသမှာ ရှိတဲ့ အာဏာပိုင်တွေကို တိုင်ကြားကြတယ်။ ဒါပေမယ့် သူတို့က ပိုက်ဆံ တွေယူပြီး အရေးမယူဘဲ လျစ်လျူရှု့ခဲ့ကြတဲ့ အတွက် အမူအငယ်ကနေ ခုလို အမူကြီးထိ ဖြစ်လာရတာ ဖြစ်ပါတယ်။ ဒါမျိုး တွေကို အာဏာပိုင်တွေ အနေနဲ့ နောက်ထပ် မပြုလုပ်ကြဖို့ တောင်းဆိုကြ ပါ တယ်။" ဟု သူက ပြောသည်။

ရမ်းဗြဲ ပြည်သူများ ဆန္ဒပြ တောင်းဆိုသော မေလ ၃၀ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် တစ်ခြား လူကြီးများ လူသတ်မူ ဖြစ်ပွား ရာ ကျောက်နီမော် ကျေးရွာသို့ ရောက်ရှိနေသဖြင့် တစ်ခြား မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိုသူများက ပြည်သူများ တောင်းဆိုချက်ကို ဖြည့် ဆည်းပေးမည် ဟု ကတိပြုခဲ့ကြောင်း သူက ဆိုသည်။

" အာဏာပိုင်တွေဘက်က တုန့်ပြန် ပြောကြားတာက ဒေသအတွင်းက အရပ်လူကြီး ၅ ဦးနဲ့ ဖမ်းထားတဲ့ သူတွေဟာ လူသတ် တရားခံတွေ ကို တွေ့ပေးမယ်။ ကျန်တဲ့ တောင်းဆိုချက်တွေကိုလည်း နောက်ပိုင်းမှာ ဖြေရှင်းပေးမယ်ဆိုပြီး ပြောပါတယ်" ဟု သူက ဆက်ပြောသည်။

နယ်မှ တက်လာသူ လူပေါင်း ၂၀၀ ခန့်သည် သူတို့ တောင်းဆိုချက် ပြည့်ဝစွာ မရရှိသဖြင့် နယ်သို့ မပြန်ကြသဖြင့် ရမ်းဗြဲ အထက်တန်း ကျောင်းတွင် နေရာ ချပေး ထားကြောင်း သိရသည်။

" ကျွန်တော်တို့ ဆန္ဒ မပြည့်ဝဘူးလို့ ထင်ပါတယ်။ တောင်းဆိုတာတွေကို အပြည့်အ၀ မရသေးဘူး။ လူကြီးတွေလည်း မရှိ ဖြစ်နေတယ်လေ။ ဒါကြောင့် လိုအပ်ရင် ဆက်လက် ဆန္ဒပြဖို့ ရွာကို မပြန်ဘဲ ဒီမှာ (ရမ်းဗြဲ)မှာ နေနေတာ ဖြစ်ပါတယ်" ဟု ကျောက်နီမော် ဒေသခံ တစ်ဦးက ပြောသည်။

ရမ်းဗြဲ ကျောက်နီမော် ဒေသတွင် တာဝန်ကျနေသူ ရဲတပ်ဖွဲ့ တာဝန်ရှိသူများအား ယခု လူသတ်မူ မဖြစ်ခင်ကတည်းက အဆိုပါ ဒေသတွင် မွတ်ဆလင် တချို့မှ ကျောင်းသူ ကျောင်းသားများ၊ ဈေးသွား ဈေးလာများကို နှောင့်ယှက်မူများ ရှိခဲ့သဖြင့် တိုင်ကြားမူများ ရှိခဲ့သော်လည်း ပိုက်ဆံ ယူပြီး အရေးမယူဘဲ နေခဲ့ကြောင်း၊ သို့အတွက် ယခုလို ပြစ်မူကြီးများ ဆက်လက် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ယူဆကာ ရဲအရာရှိများကို အထူး ပြစ်တင် ဝေဖန်လျှက် ရှိကြောင်း ကျောက်နီမော် ဒေသခံ ပြောဆိုသည်။

ကျောက်နီမော်ရဲစခန်းသို့ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိရှိလိုသဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာ ဖုံးလိုင်းမကောင်းဘူး၊ ဘာမှ မ ကြားရဘူး စသဖြင့် ပြောဆိုပြီး ဖုံးကို ချ ချသွားခဲ့သည်။

ကျောက်နီမော်မှ တစ်နေ့တာ စက်ချုပ် သင်ပြီး မိမိကျေးရွာ သပြေချောင်သို့ တစ်ဦးတည်း အပြန်တွင် မေလ ၂၈ ရက်နေ့က ဗလက္ကာရ ပြု ကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံရသူ မသီတာထွေးအား မေလ ၃၀ ရက်နေ့က သဂြိုလ်ခဲ့ကြောင်း သိရသည်။

ယခုအခါ ပြစ်မူကျူးလွန်သူဟု စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း သိရသည်။

ဒညင်းကုန်းကမ္ဘာအထည်ချုပ်စက်ရုံ အလုပ်သမားများ တောင်းဆိုချက် မရရှိသေး

နော်ဆဲကလယ် (ကေအိုင်စီ)

ရန်ကုန်တိုင်း၊ ဒညင်းကုန်းမြို့နယ်ရှိ တောင်ကိုရီးလူမျိုး မစ္စတာပတ် ပိုင်ဆိုင်သော ကမ္ဘာအထည်ချုပ်စက်ရုံတွင် အလုပ်သမားများက ၎င်းတို့၏ တောင်းဆိုချက်များ မရရှိသေးသဖြင့် အလုပ်မဆင်းဘဲ ယနေ့ (၃)ရက် မြောက်နေ့အဖြစ် ဆက်လက် ဆန္ဒထုတ်ဖော်လျက် ရှိသည်။

တောင်းဆိုချက် ၇ချက်ထဲတွင် အလုပ်ချိန်အား မနက် ၈နာရီမှ ည ၈း၄၀နာရီအစား မနက် ၈နာရီမှ ည ၈နာရီထိ ထားပေးရန်၊ အခြေခံ လစာ ထက် ပို၍ ၃၀,၀၀၀ကျပ်ပေးရန်နှင့် ကျန်းမာရေးခွင့်ယူပါက ဆု ကြေးမဖြတ်ရန်တို့ ပါဝင်သည်ဟု ထိုဆန္ဒပြနေသူများကို ဦးဆောင် သော စက်ပြင် စကျော်မင်းဝဏ္ဏက ကေအိုင်စီကို ပြောသည်။

သူက “ကျနော် မအူပင်ကနေ အလုပ်လာလုပ်တာ စက်ရုံစဖွင့်ကတည်းကပါ။ ပိုင်ရှင်ကိုရီးယားလူမျိုးကိုတော့ သိပါတယ်။ ဒါပေမယ့် မြန်မာ တွေထဲက စက်ရုံအုပ်ချုပ် သူတွေကို မသိခဲ့ ရပါဘူး။ တစ်ခုခုဖြစ်ရင် စူပါနဲ့ နီတာတွေကိုပဲ ပြောရပါတယ်။ လစာတိုးတော့လည်း စူပါနဲ့ နီး တာ တွေပဲ တိုးတာပါ”ဟု ဆိုသည်။

စက်ရုံတာဝန်ရှိသူနှင့် တွေ့ဆုံနိုင်ရန် ဂိတ်တာဝန်ရှိသူအား မေးမြန်းရာ စက်ရုံတာဝန်ရှိသူများမှ ၎င်းတို့၏ ဖုန်းနံပါတ်နှင့် နာမည်အား မပေးရန် ပြောထားသဖြင့် မေးမြန်းခွင့် မရခဲ့ပေ။

အဆိုပါစက်ရုံအလုပ်သမားများ၏ ဆန္ဒထုတ်ဖော်မှုကို ၈၈မျိုးဆက်ကျောင်းသားများမှ စောင့်ကြည့်ကူညီပေးလျက်ရှိပြီး မနက်ဖြန်တွင် ရန်ကုန် တိုင်းမှူး အလုပ်သမားဝန်ကြီးနှင့် ဆန္ဒပြနေသော အလုပ် သမား တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံအသီးသီးမှ အလုပ်သမားများမှာ နေရာအနှံ့အပြားတွင် ဆန္ဒပြလျက်ရှိရာ အစာငတ်ခံဆန္ဒပြသော ရန်ကုန် သရဖူ သံမဏိစက်ရုံ အပါအ၀င် အချို့စက်ရုံများမှာ တောင်းဆို ချက်များ ရရှိပြီး အလုပ်သမားများ လုပ်ငန်းခွင်၌ ပြန်လည်လုပ်ကိုင်နေပြီ ဟု သိရ သည်။

စံပြကျေးရွာ တည်ဆောက်၍ ငြိမ်းချမ်းရေး ကူညီဆောင်ရွက်ရန် နော်ဝေးစီစဉ်

မွေခေါဝ်

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများနှင့် အစိုးရစစ်တပ်တို့ကြား ငြိမ်းချမ်းရေးရရှိအောင် စံပြကျေးရွာ တည်ဆောက်၍ ကူညီ ဆောင် ရွက် သွားရန် နော်ဝေးနိုင်ငံက စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

နော်ဝေးနိုင်ငံ ဒု-နိုင်ငံခြားရေးဝန်ကြီး Mr. Torgeir Larsen နှင့်အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်မှ အဲန်ဂျီအိုအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် မြန်မာသတင်းမီဒီယာများအား ဖိတ်ခေါ်ကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၏ အပစ်ရပ်ကိစ္စနှင့် ပတ်သက်၍ မေလ ၃၀ ရက် ညနေပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ ၂ နာရီကြာ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။

“အစပ်းသဘောမျိုးနဲ့ စ-လုပ်ပေးမှာက ကရင်နဲ့ အစိုးရစစ်တပ်တို့ကြားပေါ့။ အပစ်ရပ် တည်တံ့ခိုင်မြဲဖို့ အတွက် Model village တည်ပြီး နှစ် ဖက် ပစ်ခတ်တာ မရှိဘဲ အဲဒီမှာ အစိုးရတပ်၊ ကချင်တပ်နဲ့ ပြည် သူတွေ (စစ်ပြေးဒုက္ခသည်) စုပေါင်းနေထိုင်မယ်။ နောက် စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့မယ်။ နောက် အသက်မွေးဝမ်းကြောင်းတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးမယ်လို့ ပြောတယ်” ဟု သတင်းစာ ရှင်း လင်းပွဲ တက်ရောက် ခဲ့သူ တစ်ဦးက ပြောပါသည်။

စံပြကျေးရွာ(Model village) တည်ဆောက်ရန် ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့ကို ရွေး ချယ်ထားကြောင်း၊ ကျောက်ကြီးမြို့ကိုလည်း သွားရောက်လေ့လာခဲ့ပြီးဖြစ်ကြောင်း၊ ရထားပို့ဆောင် ရေး ဝန်ကြီး ဦးအောင်မင်း အား ဦးစီးလုပ်ဆောင်သွားစေမည်ဖြစ်ကြောင်း ဆို၏။

“Top-Down စနစ် ကျင့်သုံးတဲ့ သဘောဘဲ။ ထောက်ပံ့တာတွေ အစိုးရကို မပေးဘဲ အဲန်ဂျီအိုတွေကို ပေးမယ်။ အဲန်ဂျီအိုကနေတဆင့် ဒုက္ခ သည်တွေကို ကူညီမယ်လို့ ပြောတယ်။ အဲန်ဂျီအိုက ဘယ်အဖွဲ့ လည်းလို့ မေးတော့ Myanmar Egress တဲ့ဗျာ” ဟု ၎င်းက ဆက်ပြော ပါသည်။

နော်ဝေးနိုင်ငံ၏ အပစ်ရပ် ငြိမ်းချမ်းရေး အကူအညီ အစီအစဉ်နှင့် ပတ်သက်၍ အဲန်ဂျီအိုဝန်ထမ်းတစ်ဦး ကလည်း ဤကဲ့သို့ သုံးသပ်ပါသည်။

“ဒီအစီအစဉ်ဟာ ဒုက္ခသည်တွေအတွက် ကြီးမားတဲ့ အန္တရာယ်ဘဲ။ IDP အတွက် စားနပ်ရိက္ခာ နေရာ ထိုင်ခင်း စတာတွေ ကူညီနေတာကို ဖြတ် တောက်လိုက်တော့ ဒုက္ခ သည်တွေလည်း အဲဒီ Model Village မှာ သွားနေရတော့မှာဘဲ။ အဲဒီမှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တို့ မပစ် ခတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ဒုက္ခသည်တွေရဲ့ လုံခြုံရေးအတွက် သူတို့လည်း အပြည့်အ၀ တာဝန် မယူပေး နိုင်ဘူး။ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ လုပ်ပေးမယ်ဆိုတာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ သဘောလည်း သက်ရောက်နေတယ်။”

နော်ဝေးနိုင်ငံက ပြည်တွင်းဒုက္ခသည် IDP အတွက် အကူအညီများအား ဖြတ်တောက်လိုက်သဖြင့် IDP များအား ကူညီနေသည့် အဲန်ဂျီအိုအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ကျေနပ်ခြင်းမရှိဟု ဆို၏။

ဒုက္ခသည်များအား ကူညီပေးနေသည့် အဲန်ဂျီအိုဝန်ထမ်းတစ်ဦးကလည်း “မြန်မာစစ်တပ်ကဘဲ ဖြတ် ၄ ဖြတ် လုပ်တာမဟုတ်ဘူး။ နော်ဝေးက လည်း ဖြတ် ၄ ဖြတ် လုပ် တယ်ဗျ” ဟု ပြောပါ သည်။

နော်ဝေးနိုင်ငံ ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် မေလ ၂၈ ရက်၌ ကျောက်ကြီးမြို့၌ KNU အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ သည်။

အတိုက်အခံအဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရ၍ စိတ်ပျက်

ကျော်ခ on May 31, 2012

ထိုင်းနိုင်ငံကို ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ပြည်ပ အခြေစိုက် အ တိုက်အခံအဖွဲ့များက တောင်းဆိုထားခြင်းကို NLD က အ ကြောင်းပြန်ကြားလာခြင်း မရှိသဖြင့် တွေ့ခွင့်ရရန် အဆင်မပြေတော့ကြောင်း သိရ သည်။

ဒီမိုကရေစီနှင့်ဖွံ့ ဖြိုး တိုးတက်ရေး အင်အားစု (NDD)၊ လူ့အခွင့်အရေးပညာပေးဌာန – မြန်မာနိုင်ငံ (HREIB) နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုအဖွဲ့ အပါအဝင် အဖွဲ့ ၈ ဖွဲ့မှ တွေ့ဆုံခွင့် ရရန် ယခုလ ၂၅ ရက်နေ့က NLD ထံသို့ တောင်းဆိုခဲ့ပြီး ထိုင်းနိုင်ငံသို့ ဒေါ်အောင် ဆန်းစုကြည် ရောက်ရှိပြီး ဒုတိယနေ့အထိ အကြောင်းပြန်ကြားနိုင်ခြင်း မရှိသေးဟု အတိုက်အခံ အင်အားစုများကပြောသည်။

“ကျနော်တို့ ဘာမှ အကြောင်းပြန်ချက် မရသေးဘူးခင်ဗျ။ အခြေအနေပေးရင်တော့ ဒီဘက်က ဒီမိုကရေစီအင်အားစုတွေက တွေ့ဆုံ ချင်တယ် ပေါ့နော်။ လောလော ဆယ်တော့ ဘာအကျိုးအကြောင်းမှ မသိရသေးတာပဲ ရှိပါတယ်၊ ကျနော် တို့က တော့ ကိုယ့် ခေါင်းဆောင် ဆိုတော့ တွေ့ချင် ကြတာ ပေါ့ဗျာ” ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုအဖွဲ့ ဒါရိုက်တာ ဒေါက်တာ သောင်းထွန်းက ဧရာဝတီ သို့ ပြောသည်။

ပြည်ပခရီးစဉ်အဖြစ် ၂၄ နှစ်အကြာတွင်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံတွင် ရှိနေသော အတိုက် အခံ အင်အားစု များ က မြန်မာ့နိုင်ငံရေး လုပ်ဆောင်ရန် အခြေအနေများကို တွေ့ဆုံဆွေးနွေးဖြစ်ကြရန် လိုလားနေကြခြင်းဖြစ်ပြီး NLD က အကြောင်း ပြန် ကြား လာခြင်း မရှိသည့် အတွက် စိတ်မကောင်းဖြစ်ကြ ရသည် ဟုဆို သည်။

NDD ဥက္ကဌ ဒေါ်ခင်ဥမ္မာ က “စိတ်မကောင်းဖြစ်တာပေါ့နော်။ ဘာပဲပြောပြော ကိုယ်တွေလည်း ၈၈ ပြီး နယ်စပ်ရောက်လာပြီး ကိုယ့်နိုင်ငံ အ တွက် ကိုယ်နိုင်သမျှ ကျရာ နေရာကနေပြီးတော့ မရပ်တမ်း ကြိုးစားခဲ့ကြတဲ့အခါမှာ ကိုယ့်ခေါင်းဆောင်လာတဲ့ အချိန်မှာ၊ ကိုယ့်နိုင်ငံကို ပြန် လို့ မရသေးတဲ့ အခြေအနေမျိုးမှာ သူဒီကိုလာတဲ့အချိန် ကိုယ်တွေလုပ်နေတဲ့ အလုပ်တွေ၊ ကြုံနေရတဲ့ အနေအထားတွေ ဘာတွေ ဆက်လုပ် မလဲ ဆိုတဲ့ ဥစ္စာတွေ၊ ပြောပြ ဆွေးနွေးချင်၊ ကိုယ့်ခေါင်းဆောင်က ဆွေးနွေး ဖလှယ် တာတွေ လိုချင် တာပေါ့” ဟု ဧရာဝတီ သို့ ပြောသည်။

“ဒါတော့ ကိုယ်တယောက်တည်းတော့ မဟုတ်ဘူး။ ကျန်တဲ့အဖွဲ့တွေလည်း ဒီလိုပဲ။ အခုဟာက ဘယ်သူ့ကိုမှတောင် ဆက်လို့မရတော့ဘဲနဲ့ ဘာ မှ မသိရတဲ့ အခါကြ တော့လည်း စိတ်မကောင်းဖြစ်တာပေါ့” ဟု သူက ဆက်ပြောသည်။

ထိုင်းအစိုးရကစီစဉ်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆ ရက် ခရီးစဉ်တွင် အချိန်လောက်ငှမှု မရှိကြောင်းနှင့် တွေ့ဆုံလိုသော အဖွဲ့ အချို့ကို လည်း ဖျက်သိမ်း ခဲ့ရကြောင်း NLD ရုံးချုပ် သတင်းရပ်ကွက်က ပြောဆိုသည်။ အတိုက်အခံများ၏ တောင်းဆိုထားမှုနှင့် ပတ်သက်၍ အ ကြောင်းပြန်ကြား နိုင်မှု မရှိခြင်း ကိုမူ ပြောဆိုခြင်း မရှိပေ။

သို့သော် ထိုဖြစ်ရပ်အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့် ပတ်သက်ပြီး ရေရေရာရာ ထုတ်ပြန်နိုင်မှု မရှိခြင်းတို့ကြောင့် ပြည်ပ မီဒီ ယာကြီး အချို့က NLD စီမံမှုအားနည်းကြောင်း ထောက်ပြ ရေးသား ထားသည်ကိုလည်း တွေ့ရှိရသည်။

အတိုက်အခံတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့လျှင် ၎င်းတို့အပေါ် အမြင်သဘောထား၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ် နိုင်ငံရေး အခြေ အနေ၊ ဒီမိုကရေစီနှင့် လူအခွင့်အရေး အခြေအနေများကို ဆွေးနွေးတိုင်ပင်လိုကြပြီး တွေ့ဆုံခွင့်မရခြင်းကြောင့် အခွင့်အရေးတခု လက်လွတ်ဆုံးရှုံးရသည်ဟု ဆိုကြသည်။

“ကိုယ့်ခေါင်းဆောင် ရောက်လာတဲ့အချိန်မှာ တွေ့ချင်တာပေါ့။ ဘာဖြစ်လိုလဲဆိုတော့ ဒီလိုအခြေ အနေမျိုး တခါမှ မရသေးဘူး။ မီဒီယာ ကနေ ပြီးပဲ တယောက်နဲ့တ ယောက် ဖြစ်ချင်တဲ့ဆန္ဒတွေ၊ အမြင်ဝါဒတွေ အပြန်အလှန် ပြောရတဲ့ ဟာတွေပဲရှိတယ်” ဟု HREIB ၏ ဒါရိုက်တာ ဦး အောင် မျိုးမင်းက ဧရာဝတီ သို့ ပြောသည်။

သူကဆက်ပြီး “ပြည်ပ အဖွဲ့အစည်းတွေအပေါ်မှာ ဘယ်လိုသဘောထားလဲ။ ပြည်ပ အဖွဲ့အစည်းတွေ အနေနဲ့ တိုင်းပြည် ပြန်လည် ထူထောင် ရေး လို့ပြော နေတဲ့ လုပ် ငန်းတွေမှာ ဘယ်လိုပါဝင်သင့်လဲ ဆိုတဲ့၊ သြဝါဒ စကားတွေ နောက်သူ့ရဲ့ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ပွင့်ပွင့် လင်း လင်း ကြားချင်လို့ တွေ့ချင်တာ။ မတွေ့ရ တဲ့အတွက် စိတ်တော့ မကောင်းဘူး။ ဒီအတွက် အခွင့် အရေး ကြီးကြီး မားမားကို ဆုံးရှုံး သွားတယ် လို့ စိတ်ထဲမှာ ထင်မြင် မိတယ်” ဟု ဆိုသည်။

အတိုက်အခံအင်အားစုများက ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်အတွင်း တွေ့ဆုံခွင့်ရရန် NLD သို့ အစုအဖွဲ့လိုက် တောင်းဆိုခြင်းများ ရှိသ ကဲ့သို့ တဖွဲ့ချင်းစီ သီးသန့် တောင်းဆိုမှုများလည်းရှိပြီး ထိုအဖွဲ့များကိုလည်း တွေ့ဆုံနိုင်ခြင်းရှိမရှိကို အကြောင်းပြန်ကြားခြင်းမရှိကြောင်း စုံစမ်း သိရှိ ရသည်။

အချို့သော အဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြသော်လည်း NLD ထံသို့ အကြောင်းကြားရမည့် ပုံစံအား ရှင်းရှင်းလင်းလင်း မသိရှိရသေးသောကြောင့် တွေ့ဆုံရန် တောင်းဆိုနိုင်ခြင်း မရှိခဲ့ဟုဆိုသည်။

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က “ဒေါ်အောင်ဆန်း စုကြည် ထိုင်း ကိုလာမယ့် ကိစ္စ ကိုတော့ သိတယ်။ တွေ့ခွင့် တောင်းဖို့ NLD ကိုတင် ရမယ့် Process ကို မသိလို့ မတင် ဖြစ်တာ” ဟု ဧရာဝတီသို့ ပြောသည်။

အမျိုးသမီးနှင့် ကလေးအခွင့်အရေးများ လုပ်ဆောင်နေသည့် တိုင်းရင်းသား အမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုထားပြီး အကြောင်းပြန်ကြားလာခြင်း မရှိသေး သည့် အတွက် တွေ့ဆုံနိုင်ရေး မရေမရာဖြစ်နေသည်ဟုဆိုသည်။

“ကျမတို့က တောက်လျှောက် ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ်နဲ့ထားပြီးတော့မှ နေခဲ့တာဆိုတော့ တွေ့ဆုံဖြစ်ခဲ့ရင် အခုလက် ရှိမှာ သူ့ကို ဖြစ်စေချင်တာ အထူးသဖြင့် တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို သွားဖို့ဆိုလို့ရှိရင် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပါဝင်ဖို့ လိုတယ် ဆိုတာ ပြောချင် တယ်” ဟု WLB ၏ အထွေထွေ အတွင်းရေးမှူး မတင်တင်ညိုက ဧရာဝတီသို့ ပြောသည်။

သူက ဆက်ပြီး “နယ်စပ်ဒေသမှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာ အမျိုးသမီးထုတွေ ဘယ်လို ရင်ဆိုင်နေရတယ်ဆိုတာ ဆွေးနွေး ဖလှယ် ချင်တဲ့ ဟာတွေ ရှိပါတယ်။ နောက် အမျိုး သမီးတွေ နိုင်ငံရေး မှာရော၊ ငြိမ်းချမ်းရေး ဖြစ်စဉ် တလျှောက်မှာ တက်တက်ကြွကြွနဲ့ ပါဝင်လာဖို့ဆိုရင် သူကိုယ်တိုင်ကလည်း ဒီအရေးကိစ္စတွေကို ပြောပေးဖို့ ဒါတွေကအစ သူနဲ့ ဆွေးနွေးချင်တာ ရှိတယ်လေ” ဟု ဆိုသည်။

အတိုက်ခံအင်အားစုများသည် ၁၉၉၈ ခုနှစ် ရှစ်လေးလုံး အရေးအခင်းတွင် မြန်မာအစိုးရက ပစ်ခတ်နှိမ်နှင်းမှု ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ကြောင့် နယ်စပ်ဒေသများသို့ တိမ်းရှောင်ခဲ့ကြပြီး မြန်မာနိုင်ငံ ဒီမို ကရေစီနှင့် လူ့အခွင့်အရေးများ ရရှိနိုင်ရန် လုပ်ဆောင်နေ ကြ သူများ ဖြစ်သည်။ နိုင်ငံအတွင်း ပြန်၍ ခြေချ လုပ်ကိုင်ခွင့် မရှိသော အတိုက်အခံအင်အားစုများသည် တိုင်းပြည် ပြင်ပ မှတဆင့် မြန်မာ့ ဒီမို ကရေစီ အရေးများကိုလုပ်ကိုင်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်တွင် ကျင်းပမည့် ၂၀၁၂ ခုနှစ် World Economic Forum on East Asia အရှေ့အာရှ ဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံ ကို တတ်ရောက်ရန်အတွက် ထိုင်းနိုင်ငံကို ရောက်ရှိနေခြင်းဖြစ်ပြီး ဇွန်လ ၁ ရက်နေ့တွင် ယင်း ညီလာခံတွင် မိန့်ခွန်းပြောဆိုမည် ဖြစ်သည်။

နောက်တနေ့တွင် ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက်မည်ဖြစ်ပြီး ထိုခရီးစဉ်တွင် မဲဆောက်မြို့သို့လည်း ဝင်ရောက် မည်ဟု သတင်းများထွက်ပေါ်နေသဖြင့် မဲဆောက်တွင် အလုပ် လုပ်နေကြသော အလုပ်သမားများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် လိုလားနေကြသည်။

မဲဆောက်မြို့အခြေစိုက် ဆရာမစင်သီယာမောင် ဆေးခန်းသို့ လာရောက်လည်ပတ်ရန်ရှိကြောင်း သတင်းများလည်းပေါ်ထွက်နေသဖြင့် မည်သို့တွေ့ဆုံမည်ကို ဧရာဝတီမှစုံစမ်းရာ ယခုအထိ သက်ဆိုင်ရာက တရားဝင် အကြောင်းကြားထားခြင်း မရှိသေးကြောင်း၊ သို့ရာတွင် သတင်းများပေါ်ထွက်နေသဖြင့် ကြိုဆိုရန် အသင့်ပြင်ထားကြောင်း သိရှိရသည်။

အပိုပေးရသည့် မီတာခကိစ္စ မြစ်ခြေဒေသခံများ သမ္မတရုံးသို့ တိုင်မည်

မေရီကို on May 31, 2012

ပခုက္ကူမြို့ မြစ်ခြေတိုက်နယ်အတွင်း လျှပ်စစ်မီးရရှိသည့် ကျေးရွာများရှိ ဒေသခံများသည် ၄ နှစ်ကျော် လစဉ်မပျက် ပေးဆောင်နေရသည့် အ ပိုထပ်ဆောင်းယူနစ် အမည်ရှိ မီတာခနှင့် ပတ်သက်၍ မကျေနပ်သဖြင့် နိုင်ငံတော်သမ္မတရုံးသို့ စာတင်ကာ တိုင်ကြားသွားမည်ဖြစ်ကြောင်း သတင်း ရရှိ သည်။

မြစ်ခြေ တိုက်နယ်အတွင်း လျှပ်စစ်မီးရရှိသည့် ကျေးရွာများအားလုံးမှာ ယင်းဒေသ၏ လျှပ်စစ်ရုံးသို့ မီတာခများ ပေးဆောင် ရာတွင် အမှန်တ ကယ်သုံးစွဲသည့် ယူနစ်များအပြင် အပိုထပ်ဆောင်း ယူနစ်ဟု အမည်တပ်ထားသည့် ယူနစ်အတွက် ငွေကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဇူလိုင်လ မှ စတင် ပေးဆောင်ခဲ့ကြရကြောင်း၊ သို့သော် ယခုအချိန်တွင်မူ ၎င်းတို့ မသုံးစွဲသည့် ယူနစ်များအတွက် ငွေကို ဆက်လက်မပေး ဆောင်နိုင် တော့သဖြင့် တိုက်နယ် လျှပ်စစ် ရုံးသို့ မေလ ၁၇ ရက်နေ့မှ စတင်၍ ဆက်တိုက် ဆန္ဒ ထုတ်ဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ရာ နိုင်ငံတော် သမ္မတ ရုံးအထိ စာတင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဒေသခံ တဦးဖြစ်သူ ဦးဇော်ဇော်ကပြောသည်။

“ကျနော်တို့ အပိုထပ်ဆောင်း ယူနစ်ဆိုတာကို ဘာမှန်းမသိပဲ ဆောင်လာခဲ့ရတာ၊ ဒီယူနစ်က အမှန်တကယ်သုံးရတဲ့ ယူနစ်မဟုတ်ဘူး။ ဘာအ တွက်ကောက်တာလဲ ဆို တာကို မေးလိုက်တိုင်း ဘယ်တော့မှ အဖြေ မရခဲ့တာ ၄ နှစ် ကျော်ကြာပြီ” ဟု ၎င်းက ဆိုသည်။

မြစ်ခြေတိုက်နယ် အတွင်းရှိ လျှပ်စစ်မီတာရုံးမှ အပိုထပ်ဆောင်း ယူနစ် ကောက်ခံမှုသည် အိမ် တအိမ်နှင့် တအိမ်မတူညီဘဲ ပေးဆောင်ရ သည့်နှုန်း ကွာခြား သည်ဟု လည်း သိရ သည်။

“ဥပမာ ကျမတို့ အမှန်တကယ်သုံးစွဲတဲ့ ယူနစ်က ဆယ်ယူနစ်ဆိုရင် သူတို့က နောက်ထပ် အပေါင်း ၄ ယူနစ်ဆိုပြီး ကောက်တယ်။ တချို့ဆိုရင် ကိုယ်သုံးတာ ဆယ်ယူ နစ်ဆို အပိုထပ်ဆောင်းကို ဆယ်ယူနစ် ကောက်တယ်။ အပိုထပ်ဆောင်း ဆိုတာကို ကျမတို့ ဒေသခံတွေ ဘယ်လိုမှကို နားမလည်နိုင်လို့ အခုလို တောင်းဆို ကြရတာပါ” ဟု အသက် ၄၅ နှစ် အရွယ် ယင်းဒေသခံ အိမ်ရှင်မ တဦးက ပြောသည်။

အပိုထပ်ဆောင်းဟူသည့် ခေါင်းစဉ်အောက်တွင် ကောက်ခံနေသည့် မီတာခများနှင့် ပတ်သက်၍ ဒေသခံများ မကျေလည် သောကြောင့် ၎င်းတို့ အမှန်တကယ်သုံးစွဲသည့် ယူနစ်ကိုသာ ပေးဆောင်ခွင့်ရရန် ဆန္ဒထုတ်ဖော် ခဲ့သော်လည်း မကွေးတိုင်း ဒေသကြီး အမှတ် (၁) လျှပ်စစ်ဖြန့်ဖြူး ရေးရုံးက ယင်း ယူနစ်များကို ဆက်လက်ပေးဆောင်ရန် ညွှန်ကြားချက် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

သို့သော် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးကမူ အထက်ပါပြဿနာ အမှန်တကယ် ဖြစ်ပေါ်နေပါက သက်ဆိုင်ရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း ပြောသည်။

မြစ်ခြေဒေသတွင် အပိုထပ်ဆောင်းယူနစ် ကောက်ခံခြင်း ကိစ္စနှင့်ပတ်သတ်၍ ယင်းတိုက်နယ်၏ လျှပ်စစ်ရုံးသို့ ဧရာဝတီက ဆက်သွယ် မေး မြန်း ခဲ့သော်လည်း တစုံ တရာ ဖြေကြားခြင်း မရှိပေ။

“ကျနော်တို့ ဒီလလယ်လောက်က စပြီး တိုက်နယ်လျှပ်စစ်ရုံးကို ဆက်တိုက်သွားတယ်။ ကိုယ်သုံးတဲ့ယူနစ်ကိုပဲ ကိုယ်ဆောင်မယ်၊ အပိုထပ် ဆောင်း ယူနစ်အတွက် မ ဆောင်ဘူးပေါ့။ ဒါကို လျှပ်စစ်ရုံးက အပိုထပ်ဆောင်း ယူနစ် အတွက်မဆောင်ရင်ကျသင့်ယူနစ်အတွက် ဆောင်တာ ကိုလည်း လက်မခံဘူး။ ကျသင့်ယူနစ်ကော ထပ်ဆောင်း ယူနစ်ပါ မဆောင်ရင် မီတာပုံး ကို သိမ်းမယ် လို့ပြောတယ်” ဟု ဒေသခံ တဦး ဖြစ်သည့် ဦးအောင်ကျော်က ပြောသည်။

အထက်ပါ ပြဿနာကို ကြုံတွေ့နေရသည့် မြစ်ခြေတိုက်နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ အနေဖြင့် အပိုထပ်ဆောင်း မီတာခနှင့် ပတ် သတ်သည့် တိုင်ကြားစာကို ယခုရက် သတ္တပတ်အတွင်း နိုင်ငံ တော်သမ္မတရုံးသို့ အများသဘော တူညီမှုဖြင့် စုပေါင်း လက်မှတ်ထိုးကာ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ

နိရဉ္စရာ

ဦးခေါင်းမှ ချုပ်ဒဏ်ရာနှင့် ဦးထွန်းနု

ရဲ ဒုတပ်ကြပ် အဆင့် ရှိသူ တစ်ဦး၏ ရိုက်နှက်မူကြောင့် တောင်ကုတ်မြို့နယ်မှ အသက် ၅၅ နှစ်ရှိ လူကြီးတစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိ ကာ ဆေးရုံတွင် ငါးချက်တိတိ ချုပ်လိုက်ရကြောင်း ဒေသခံ များက နိရဉ္စရာသို့ ပြောသည်။

ရဲဒုတပ်ကြပ်၏ ရိုက်နက်၍ ဦးခေါင်းကို ငါးချက်တိတိ ချုပ်လိုက်ရသူမှာ တောင်ကုတ်မြို့နယ် ပေါက်ပြင် ကျေးရွာမှ ဦးထွန်းနု ဖြစ်သည်။

အဆိုပါ သတင်းကို လက်ခံ ရရှိပြီးနောက် ကာယကံရှင် ဖြစ်သူ ဦးထွန်းနုကို နိရဉ္စရာမှ ဖုံးထဲမှ တဆင့် ဆက်သွယ်မေးမြန်းရာ သူအရိုက် ခံရ ပုံနှင့် ပတ်သက်၍ ဦးထွန်းနုက နိရဉ္စရာသို့ ယခုကဲ့သို့ ပြော သည်။

" ဒီလ ၂၆ ရက်နေ့က ကင်းတောင် ရဲစခန်းမှူးရဲ့ ခေါ်ယူချက် အရ အဲဒီ စခန်းကို သွားပါတယ်။ ရဲကင်းကို ရောက်တဲ့ အခါ ရဲစခန်းမှူး မရှိပါ ။ အရက်သောက်နေတဲ့ ဒု တပ်ကြပ် ခင်မောင်ညွန့်ကို တွေ့ပါတယ်။ အဲဒီ အချိန်မှာဘဲ ဦး မှတ်ကြီးဆိုသူ ရောက်လာပါတယ်။ ဦးမှတ်ကြီးဆို သူ က ကျွန်တော် နွားမွေးစားဖက် ယူထားတဲ့ နွားရှင်ဖြစ်ပါ တယ်။ နွားမွေးစားဖက် ယူထား တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးမှတ်ကြီးနဲ့ ကျွန်တော် အ ကြား မှာ ပြဿနာရှိပါတယ်။ ဒါကြောင့် စခန်းမှူးက ကျွန်တော်ကို စခန်းကို ခေါ်တာ ဖြစ်ပါတယ်။ အဲဒီ စခန်းမှာဘဲ ကျွန်တော်နဲ့ ဦးမှတ်ကြီး ဆွေးနွေး တဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေပါ။ အဲဒီ အချိန်မှာ ဦးမှတ်ကြီးကို ဒုတပ်ကြပ် ခင်မောင်ညွှန့်က အိမ်ကို ပြန်လွှတ် ပြီး ကျွန်တော့ကို ကြိုးနဲ့ တုတ်ပြီး ပြင်းပြင်း ထန်ထန် ရိုက် နှက် ပါ တယ်" ဟု သူက ပြောသည်။

ဦးထွန်းနုမှာ ဒုတပ်ကြပ် ခင်မောင်ညွှန့်၏ ရိုက်နှက် ကန်ကျောက်မှုကြောင့် ၆ ပေခန့် နက်သော ရေမြောင်းထဲသို့ ထိုးကျသွားကြောင်း၊ ရေ မြောင်းမှ ပြန်အတက်တွင် ခင်မောင်ညွှန့်မှ အပေါ်မှ ကျောက် တုန်း ဖြင့် ထုချရာ ဦးခေါင်းတွင် ဒဏ်ရပြင်းထန်စွာ ရရှိသွားကြောင်း သူက ပြောသည်။

" တကယ့်ကို လူမဆံစွာ ကျွန်တော်ကို ရိုက်နှက်ပါတယ်။ ကျွန်တော့် တသက်မှာ ဒီလို ရိုက်နှက်တာမျိုး တကြိမ်မှ မခံစား ခဲ့ဖူးပါ။ ဦးခေါင်းကွဲ သွားပြီး သွေးတွေ စီးကျ လာတဲ့ အတွက် ကျွန်တော် ခေါင်းမူးပြီး သတိမေ့လု မတတ် ဖြစ်သွားပါတယ်။ ကျွန်တော်လည်း ကြောက် ကြောက် နဲ့ ထွက်ပြေးတာ စခန်းအပြင်ဘက်ကို ရောက်သွားပါတယ်။ ကျွန်တော်ရဲ့ အသံကို ကြားတော့ ရွာသားတချို့ လိုက်လာပြီး ကျွန်တော်ကို တွဲ ယူပီး ရွာမ ဆေးရုံကို ပို့ပါတယ်။ ကွဲသွားတဲ့ ဦးခေါင်းကို ၅ ချက် တိတိ ချုပ်လိုက်ရပါတယ်" ဟု သူက ပြောသည်။

သူ့အား ယခုကဲ့သို့ ရိုက်နှက်ခြင်းမှာ ဦးမှတ်ကြီးမှ ပိုက်ဆံ ပေးထား၍ ဖြစ်ပုံရကြောင်း သူက ပြောသည်။

" ဦးမှတ်ကြီးက ရဲစခန်းမှူးကို ပိုက်ဆံ ပေးထားပုံရပါတယ်။ ဒါကြောင့် အရက်မူးနေတဲ့ ဒု တပ်ကြပ် ခင်မောင်ညွန့်က ကျွန်တော်ကို ရိုက်နှက် တယ်လို့ ထင်ပါတယ်။ တကယ်လို့ ကျွန်တော်မှာ အပြစ်ရှိရင် ဖမ်းဆီး အရေးယူနိုင်ပါတယ်။ ခုလို ညှဉ်းပမ်းနှိပ်စက်တာက ဥပဒေနဲ့ မကိုက် ညီသလို နိုင်ငံ ၀န်ထမ်းတွေ အနေနဲ့လည်း မလုပ်သင့် မလုပ်ထိုက်ဘူးလို့ ထင်ပါ တယ်" ဟု သူက ဆက်ပြောသည်။

ယခုအခါ အဆိုပါ ရိုက်နက်မူကို တောင်ကုတ်မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်ပြီး တိုင်တန်းကြားထားသည်ဟု သူက ပြော သည်။

တောင်ကုတ်မြို့နယ်တွင် လွန်ခဲ့သော မတ်လ ၁၅ ရက်နေ့က အရက်မူးနေသော ဆားပြင် စခန်းမှူး ဒုရဲအုပ် စိုးမိုးအေးက အဆိုပါ ကျေးရွာ တွင် ရိုးရိုးသားသား လုပ်ကိုင် စားသောက် နေသူ ဦးတင်မောင်၏ သား မောင်တင်ဝင်းဆိုသူကို သူတို့အားလှောင်ပြောင် ပြောဆို သည်ဟု ဆိုကာ မတရား ဖမ်းဆီး ရိုက်နှက်ခဲ့သ ဖြင့် ဆေးရုံတင်ခဲ့ရသည်။

ပြည်သူ့များအား ကူညီပါရေစေ - ဟူသော ဆိုင်းဘုတ်ကို ရဲစခန်းရုံးရှေ့တွင် ထောင်ထားပြီး ငွေကြေးချမ်းသာသူများထံမှ တန်စိုး လက် ဆောင် များယူကာ ဆင်းရဲသား ပြည်သူများအား ကိုယ်ထိ လက် ရောက် ညှဉ်းပမ်းနှိပ်စက်မူ ပြုလုပ်နေသော တောင်ကုတ်မြို့နယ်မှ အကျင့် ပျက် ရဲများကို အရေးယူ အပြစ်ပေးရန် ပြည်သူများက အထူးလိုလားနေကြောင်း သတင်းများ ရရှိသည်။

ပုံပါကျင် တိုက်ပွဲ အတွက် RCSS / SSA အား တပ်မတော်မှ တောင်းပန်

သျှမ်းသံတော်ဆင့်

ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ်ဆွေးနွေးသဘောတူညီချက်ရခဲ့ပြီးဖြစ်သော်လည်း မေလ ၂၃ ရက်နေ့က ထပ်မံဖြစ်ပွါးခဲ့သော တိုက်ပွဲ ကြောင့် သျှမ်းပြည် တပ်မတော်အား တပ်မတော်ဘက်မှ တရားဝင် တောင်းပန် ခဲ့ ကြောင်း RCSS ခေါင်းဆောင်က ပြောသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ (၁) တပ်မတော် ဒုတိယကာကွယ် ရေးဦးစီးချုပ်/ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်းက ကျနော်တို့ဆီကို တရားဝင် တောင်း ပန် ခဲ့တယ်။ သျှမ်းပြည်တွင်းအခြေ စိုက်တဲ့ စစ်တိုင်းရုံးတွေဆီကိုလဲ RCSS/SSA နဲ့ အပစ်ရပ်ဖို့ အမိန့်စာပေးပို့ လိုက် ပြီလို့ သူကပြောပါတယ်” - ဟု သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ် ချုပ်ကြီး ယွက်စစ် က သျှမ်းသံတော် ဆင့်အား ပြောပြသည်။

မေလ ၁၉ ရက်က ကျိုင်းတုံမြို့၌ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်ဆွေးနွေးကာ သဘောတူညီချက် ၁၂ ချက် ရရှိပြီးနောက်ပိုင်း မေလ ၂၃ ရက်က သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်မြို့နယ်ခွဲမြောက်ဘက် လွယ်ကောင်းမူးစေတီ အရှေ့ဘက် လွယ်ငေါင်း(မ်း) အနီးတွင်နှစ်ဘက် တိုက် ပွဲဖြစ်ပွားခဲ့ရ၏။

တိုက်ပွဲဖြစ်ပွားစဉ် အစိုးရတပ် ခလရ ၆၅ က တပ်ပြေးများအား လိုက်လံရှာဖွေရာမှ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့၍ အ ပစ်အခတ်ရပ်စဲခဲ့သည်။ ထိုတိုင်ပွဲတွင် နှစ်ဘက် အသေ အ ပျောက် စာရင်းမရှိဟုဆိုသည်။

သို့သော်လွယ်ကောင်းမူး (စေတီတော်) တပ်စခန်းအား အများကိုးကွယ်ရာဖြစ်ကြောင်း လူထုတောင်းဆိုချက် ကြောင့် သျှမ်းပြည်တပ်မတော်မှ တပ်ရုပ်ပေးခဲ့ ပြီးနောက် အစိုးရတပ် မှ ဝင်ရောက် အစားထိုး တပ်စွဲထားသည်။

ကျိုင်းတုံဆွေးနွေးမှုအပြီး ညစာစာပွဲ၌ မြန်မာအစိုးရကိုယ်စားလှယ်နှင့်သျှမ်းပြည်တပ်မတော်တို့အကြား ဆက် သွယ်မှု လွယ်ကူ မြန်ဆန် စေ ရေးအတွက် ဆက်သွယ် နိုင်သည့် ဖုန်း နံပတ်များ နှင့် အီးမေးလ် အကောင့်များလဲလှယ် ခဲ့ကြကြောင်း၊ လက်ရှိအခြေအနေတွင် လူထု နှင့် တခြားအဖွဲ့အစည်းများနှင့် ကိုယ်စားလှယ်လွှတ်၍ တွေ့ဆုံ ဆွေးနွေးမှု နိုင်ငံရေးအပေါ်လူထုအမြင်သဘောထားနှင့် အနာဂတ်တွင် စစ်မှန် သည့် ပြည်ထောင်စုဖြစ် ပေါ်လာ ရေးအတွက် လူထုအမြင်သဘောထားအားသိရှိရန် အဓိကဦးစားပေးလုပ်သွားမည်ဖြစ်ကြောင်း ဒုတိယ ဗိုလ် ချုပ်ကြီးယွက်စစ်က ဆက်၍ပြောပါသည်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒေါ်စု တွေ့ဆုံ

ခတ္တာနန်း

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် မနေ့ မနက်ပိုင်း တွင် မဟာချိုင်မြို့ ဝီလရပ်ကွက် (၉) လမ်းရှိ ရွှေ့ပြောင်း အလုပ် သမား များ အတွက် အခွင့်အရေး ကွန်ယက်ရုံး၌ မြန်မာ ရွှေ့ပြောင်း အလုပ် သမား များ အား တွေ့ဆုံ မိန့်ခွန်း ပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မိမိအနေနှင့် အလုပ်သမားများအား မမေ့လျော့ ကြောင်း အလုပ်သမားအခွင့်အရေးအတွက် ဥပဒေဘောင် တွင်းကနေပြီး တတ်နိုင်သလောက် ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ယခုလို မြန်မာလူမျိုးများကို တွေ့ရသည့်အတွက် မြန်မာပြည်သို့ ပြန်ရောက်နေရသလို ထူးခြားကြောင်း၊ အလုပ်သမားများကလည်း မိမိနိုင်ငံကို ပြန်လာကြလိမ့် မည် ဟု မျှော်လင့်ကြောင်း ပြော ကြား သွားသည်။

၎င်းပြင် အလုပ်သမားများအနေနှင့် မိမိလုပ်သည့် အလုပ်ပေါ်တွင် တာဝန်သိ တပ်မှုရှိရန်၊ အများတိုင်းပြည်၌ နေထိုင်သည့်အချိန်တွင် ၎င်းတိုင်းပြည်က ချ မှတ်ထားသည့် ဥပဒေကို လိုက်နာရန် အစ ရှိသည် များကိုလည်း ရွှေ့ပြောင်းအလုပ်သမားများအား မှာကြားသွားခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားသည့် နေရာသို့ သွားရောက်ခဲ့သူ အလုပ်သမားတစ်ဦးက “လူတွေတော့ အတော်များတယ် ခန့်မှန် ခြေဆိုရင် ၁ သောင်းနီး ပါလောက်ရှိလိမ့်မယ်၊ လမ်းတွေမှာလည်း လူက အပြည့်ပဲ၊ အလုပ်ပိတ်ရက်လည်းမဟုတ်ဘူးလေး၊ ဒါပေမဲ့ လူတွေက ကိုယ့်နိုင်ငံက ခေါင်းဆောင်တစ်ယောက်ကို မြင်ဖူးချင်လိုဆိုပြီး ဘန်ကောက်တစ်ဝိုက်က လူတွေရော တစ်ချို့ နယ်ကလူတွေလည်း လာကြ တယ်”


ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးကွန်ယက်မှ ဥက္ကဌ ဦးအောင်ကျော်ကလည်း မိမိတို့အဖွဲ့အနေနှင့် ရွှေ့ပြောင်း အလုပ် သမား များ အတွက် နိုင်ငံ တကာ စံညွှန်း နှင့်အညီ အခွင့် အရေးများ ရရှိရန်နှင့် ချိုးဖောက်ခံနေရသည့် အခွင့်အရေးများအကြောင်း အဓိက ထား ဆွေးနွေး ခဲ့ကြောင်း ပြောသည်။



“ကျနော်တို့က စက်ရုံအသီးသီးက အလုပ်သမားကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပြီးတော့ သူတို့ကို ဒေါ်စုနဲ့ တင်ပြဆွေးနွေချင်တာတွေကို တိုက်ရိုက်ဆွေးနွေးစေခဲ့တယ်” ဟု ဥက္ကဌ ဦးအောင်ကျော်က ပြောသည်။

စက်ရုံအသီးသီးမှ ကိုယ်စားလှယ်များအနေနှင့် မိမိတို့ စက်ရုံအလုပ်သမားများ စက်ယန္တရားကြောင့် ခြေပြတ်၊ လက်ပြတ်ခြင်း၊ ဥပဒေအရ သတ် မှတ်ထားသည့် လုပ်အားခနှုန်းထားများ တန်တူ ညီမျှ မပေး ခြင်း၊ ယာယီနိုင်ငံကူလက်မှတ် ပြုလုပ်ရာတွင် လိမ်ညာခံရသည့်အပြင် သတ်မှတ်ထားသည့် လုပ်ခနှုန်းထားထက် ပိုမိုပေဆောင်ရခြင်း စသည့်ကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့သည်။



ထိုနောက် ဒေါ်အောင်ဆန်းစုကြည်က ရွှေ့ပြောင်းအလုပ်သမားအများအတွက် မိမိရရှိထားသည့် အချက်အလက်များကို ထိုင်းအစိုးရနှင့် တွေ့ဆုံဆွေးနွေးပြီး အတတ်နိုင်ဆုံး ဖြေရှင်းညှိနှိုင်းပေးသွားမည်ဟု ပြောကြားသွားခဲ့ကြောင်း ဥက္ကဌ ဦးအောင်ကျော်က ပြောသည်။

ပြည်ပခရီးစဉ်အဖြစ်၂၄ နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပထမဆုံး ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများဆုံး နေ ထိုင်သည့် မဟာချိုင်သို့ သွားရောက်ကာ ရွှေ့ပြောင်း အလုပ် သမားများအား မိန့်ခွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။


၈၈ အများစု NGO လုပ်လိုသော်လည်း ဥပဒေက ကန့်သတ်ထားဟု ကိုကိုကြီးပြော

ဝေစန္ဒာ

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များအနေနှင့် NGO အဖွဲ့အစည်း သီးသန့်ထူ ထောင်၍ အမျိုးသားရေး ဆက်လက်လုပ်ဆောင်လိုကြသော်လည်း တည်ဆဲ ဥပဒေ များကြောင့် အဟန့်အတား ဖြစ်နေ ရကြောင်း ကိုကိုကြီး က ပြောသည်။

အသင်းအဖွဲ့ထူထောင်ရေး ဥပဒေ အရ ၎င်းတို့ကဲ့သို့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသား ဟောင်း များအတွက် ပိတ်ပင်တားဆီး ထားကြောင်း ရန်ကုန်မြို့ စင်ထရယ် ဟိုတယ် တွင် ပြုလုပ်သည့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် ပတ်သက် သည့် အခမ်းအနား တခုတွင် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က ပြောကြား သွားခြင်း ဖြစ်သည်။

“တရားဝင် အသင်းအဖွဲ့အနေနဲ့ လုပ်သွားမှာပါ။ ဒါပေမယ့်လက်ရှိချထားတဲ့ အသင်းအဖွဲ့ ထူထောင်ရေး ဥပဒေတွေက ကျနော်တို့လို လူမျိုးတွေကို ပါဝင်ခွင့်မရှိအောင် တား ထား သလိုပဲ။ အသင်းအဖွဲ့တခု ဖွဲ့ရင် ဘယ်လိုနိုင်ငံရေးမှ မလုပ်တဲ့ သူ ဖြစ်ရမယ်။ နောက်တ ခုက တည်ဆဲဥပဒေတွေနဲ့ မငြိစွန်းသူ ဖြစ်ရမယ် ဆိုတော့ဒါဟာ ကျနော်တို့ကိုများ ရည် ရွယ်ထုတ်ထား သလားလို့အောက်မေ့ ရတယ်။ တော်တော် စိတ် ပျက်ဖို့ ကောင်းပါတယ်။ မည်သည့် နိုင်ငံရေးမှ မလုပ်ပါ ဆိုတာ ကလည်း ဘယ်လို နိုင်ငံရေးကို ဆိုလိုတာလဲ။ ကျ နော် တို့လို နှစ်ရှည် နေပြီး ထွက်လာ သူတွေက ဒီ မြန်မာ့ လူ့အဖွဲ့ အစည်းထဲဝင်ဖို့ ထပ် ကန့်သတ် ခံထားရ သလိုပဲ” ဟုပြော သည်။

၁၉၈၈ မှစ၍ မြန်မာ့နိုင်ငံရေးလောကတွင် ကျင်လည်ခဲ့ကြသည့် ၈၈ မျိုးဆက် ကျောင်း သားအချို့သာ ပါတီနိုင်ငံရေး လောကတွင်းသို့ ဝင် ရောက် မှာဖြစ်ပြီး အများစုမှာ NGO လောက တွင်းသို့ ဝင်ရောက် ကြမည် ဖြစ်ကြောင်း ၎င်း ကဆက်ပြော သည်။

“ကျနော်တို့က ၈၈ တည်းက နိုင်ငံရေးနယ်ပယ်ထဲမှာ ကျင်လည်ခဲ့တယ်။ သူများလို ဘောပင်တောင်း၊ စာအုပ်တောင်း လည်း လုပ်လာတာ မ ဟုတ်ဘူး။ ဒါပေမယ့် အသက် အရွယ်နဲ့ ခေတ် စနစ် အရ ပါတီ နိုင်ငံ ရေးကို အရမ်း စိတ်ဓါတ်ပြင်း သူတွေ လောက်ပဲ လုပ်ဖြစ်မယ်။ အများစု က ပါတီနိုင်ငံရေးထက် အမျိုးသား နိုင်ငံရေးကိုပဲ လုပ်သွားဖို့ များတယ်။ NGO လို အသင်း တခုအနေနဲ့ ဆက်ရှိသွားမှာပါ” ဟု ပြော သည်။

သို့ရာတွင် မည်သူများက ပါတီနိုင်ငံရေး လုပ်ဆောင်သွားမည် ဆိုသည့်အချက်ကိုမူ ထုတ်ဖော် ပြောကြားသွားခြင်း မရှိချေ။

“ဒီအပိုင်းက ပြောဖို့ စောသေးတယ်။ အခု လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေတယ်။ ဒီထဲကို ကျနော်တို့ပြောချင်တာကို ပြောနိုင် အောင် ဆောင်ရွက်နေတယ်။ နောက်ပိုင်း နိုင်ငံရေးစိတ်သန်တဲ့ အချို့ကလည်း အဲဒီထဲ သွားဖို့ ပြင်မှာပါ။ ဒါ အဖွဲ့ကွဲတာ မဟုတ်ဘူး။ ဒီလိုမျိုး ပါတီနိုင်ငံရေး မလုပ်ပေမယ့် အမျိုးသားနိုင်ငံရေးတော့ လုပ်မှာပါ။ ရပ်တည်မှု ကွဲတယ် ထင်ပေမယ့် မကွဲပါဘူး” ဟု ပြောသည်။

NGO လုပ်ငန်းနှင့် ပတ်သတ်၍ လေ့လာမှုများ လုပ်ဆောင်နေကြောင်း “လက်ရှိ NGO ဆိုတာကို နားမလည်ကြသေး ဘူး။ NGO ဆိုရင် ဝန် ဆောင်မှုပေးတာလို့ပဲ ထင်နေကြတော့ ဒါကို သေသေ ချာချာ လေး လုပ်ပြီး ဥပဒေပါ အချက်တွေ ကို ပြင်ဖို့ တိုက်တွန်းသွားမှာပါ။ ဒီ ဥပ ဒေဟာ အမှောင်ကာလလို့ သတ်မှတ်ထားတဲ့ ၁၉၆၂ နောက်ပိုင်း ထုတ်ပြန်ထားတဲ့ ဥပဒေပါ” ဟု ကိုကိုကြီး က ပြောသည်။

လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသည့် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ဥပဒေသစ်တရပ် ပေါ်ထွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောဆိုသွားသည်။

KIA မှ မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းမကြီးကို ညပိုင်းပိတ်

KNG

မြန်မာနိုင်ငံရှိ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းမ မန္တလေး-မူဆယ် ကားလမ်းမကို ဇွန်(၁)ရက်မှ စပြီး ညပိုင်းတွင် သွားလာခြင်း ပိတ်ပင် သည့် ကြိုတင် အသိပေး စာကို KIO မှ ဖြန့်ဝေ ထားကြောင်း သိရ သည်။

မြန်မာအစိုးရစစ်တပ်သည် အရပ်ဝတ် ၀တ်ဆင်ကာ၊ အရပ်သားများ၏ ကားကိုအသုံးပြု၍၊ ညပိုင်းတွင် စစ်တပ် သွားလာလှုပ်ရှားမှုများ ပိုတိုး လာသဖြင်၊့ လားရှိုးနှင့် မူဆယ် ကြားတွင် ပိတ်ပင် ထားခြင်း ဖြစ်သည် ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။

ဤ ပိတ်ပင်ခြင်းသည် ညပိုင်တွင်သာဖြစ်ပြီး၊ နေ့ခင်းပိုင်းတွင်မူ ပုံမှန်သွားလာနိုင်ကြောင်း သိရသည်။ ဝေစာများကို လမ်းများတွင် ကပ်ထား ခြင်း၊ ဖြန့်ကြဲ ထားခြင်းဖြင့် ဖြန့်ဝေ ကြောင်း ၎င်း အရာ ရှိက ပြော သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က ဗပိာုကော်မတီမှ အမိန့်ထုတ်ထားခြင်းမရှိ ကြောင်းနှင့် ရှေ့တန်းမှ လုံခြုံရေး အခြေအနေကြောင့် သတိပေးတားမြစ်ခြင်းဖြစ်နိုင်သည်ဟု ဒီဗီဘီသတင်းဌာနှ ၂၈ ရက်နေ့ ရေဒီယိုသတင်းတွင်ပြောဆိုသွားခဲ့သည်။

မေ၂၂ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် မေလ ၁၉ ရက်နေ့ညက မန္တလေးမှ မူဆယ်သို့ တက်လာသည့် ကုန်တင်ကား ၂ စီး ကို ဆတ်ကြေးတောင်း၍ ဗုံးခွဲဖျက်ဆီးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် (KIA) လက်နက်ကိုင်အဖွဲ့ ၏ လက်ချက် ဖြစ်ကြောင်း ဖော် ပြ ထားသည်။

သို့သော် (KIA) တပ်မဟာ (၄) အရာရှိတစ်ဦးက၊ ထိုကားနှစ်စင်းသည် မြန်မာစစ်တပ်၏ လက်နက်များ၊ စစ် ယူနီဖောင်း များကို တင်ဆောင် ခြင်း မပြုရန် သတိ ပေးသည် ကိုနားမထောင့် သဖြင့် ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြောင်း KNG သတင်း ဌာန ကိုရှင်း ပြသည်။

မန်တုန်-နမ္မတူ ကားလမ်းမကြီးကိုလည်း တပ်မဟာ (၄) လက်အောက် တပ်ရင် (၈) နှင့် (၃၄) တို့မှ ပိတ်ပင်ထားသဖြင့် ၄င်းလမ်းမကြီးတွင် ခရီးသွားလာမှုများမရှိတော့ကြောင်း သိရသည်။

ဦးအောင်သောင်းနှင့် သားများ အနာဂတ် ဘာဖြစ်လာမလဲ

ဧရာဝတီ

ယခင် စစ်အစိုးရလက်ထက်၌ စက်မှု ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသူ ဗိုလ်မှူးကြီး ဟောင်း ပြည်သူ့ လွှတ်တော် အမတ် ဦးအောင် သောင်းသည် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) နှင့် ငြိမ်း ချမ်း ရေး ဆွေးနွေး ပွဲများတွင် ခေါင်းဆောင် အဖြစ် ပါဝင်ခြင်း မရှိ တော့ဟု ယခု ရက်သတ္တပတ် အတွင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။

ထိုဖြစ်ရပ်သည် အကျင့်ပျက်ခြစားမှုအရှိဆုံး ထိပ်တန်းအရာရှိတဦးဟု သတ်မှတ်ခံထားရသူ၏ ဘ၀အလှည့်အပြောင်း တခုပင်ဖြစ် သည်။

ဦးအောင်သောင်းသည် ကျန်းမာရေး အခြေအနေ အရ သမ္မတ ဦးသိန်းစိန် ဦးဆောင်မည့် ငြိမ်းချမ်းရေး အဖွဲ့အသစ်တွင် ပါဝင် နိုင်ခြင်း မရှိ တော့ဟု အမည်မဖော် လိုသူ အစိုးရအရာရှိတဦးအား ကိုးကား၍ AFP သတင်း တွင် ဖော်ပြထားသည်။ ဦးအောင်သောင်း၏ ယခု သတင်း သည် မကြာသေးခင်က ထွက်ပေါ်လာသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦးလည်း ကျန်းမာရေးကြောင့် ရာထူးမှ အနား ယူသွား သည်ဟူ သော သတင်းနှင့် အလားတူ ဖြစ်နေ သည်။

KIO နှင့် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နေသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် နေရာမှ ဦးအောင် သောင်း အား ဖယ်ရှားလိုက်ခြင်း အတွက် မေးခွန်းများစွာ ရှိလာသည်။

ထိုမေးခွန်းများအနက် ဦးအောင်သောင်းအနေနှင့် အစိုးရအပေါ် လွှမ်းမိုးမှု မည်မျှ ရှိနေသေးသည်နှင့် ယခင်စစ်အစိုးရ အကြီးအကဲ ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ လက်အောက်ငယ်သားများကို လာ မည့် အစိုးရသစ်တွင် ထိပ်တန်းသြဇာရှိသောနေရာမှ နောက်ထပ် ဖယ်ရှား သွားဦးမလား ဆိုသည့် မေးခွန်းများရှိနေသည်။ ငြိမ်းချမ်းရေးအဖွဲ့အတွင်း အပြောင်းအလဲများ လုပ်လိုက်ခြင်း သည် အစိုးရ နှင့် KIO အကြား ပိုမို ကောင်းမွန်သော ဆက်ဆံရေး ဆီသို့ ဦးတည် သွားခြင်း ရှိမရှိ သည်လည်း မရေ ရာပေ။

KIO အပေါ် ထိုးစစ်ရပ်ရန် သမ္မတ ဦးသိန်းစိန်၏ အမိန့်ကို ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ကွပ်ကွဲမှု အောက်တွင် ရှိသော မြန်မာ့ တပ်မတော်က လွန်ခဲ့သော ခြောက်လအတွင်း နှစ်ကြိမ်တိုင် ဆန့်ကျင်အံတုခဲ့သဖြင့် သမ္မတ ဦးသိန်းစိန် နှင့် သူ့ မဟာမိတ်များ သည် စစ်တပ်အပေါ် ထိန်းချုပ်မှု မဆို သလောက် ပင် ရှိသည်ဟု အခိုင်အမာ ပြသလိုက်ခြင်းလည်း ဖြစ် သည်။

ဦးအောင်သောင်းသည် သူ့သားများပိုင်သည့် စီးပွားရေးလုပ်ငန်းများအပါအ၀င် အကျင့်ပျက်ခြစားသော စီးပွားရေးလုပ်ငန်းများမှ တဆင့် အ ကျိုး အမြတ် တနင့်တပိုး ရထားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် လူသိများသူဖြစ်သော်လည်း တွေ့ဆုံဆွေးနွေးရေး အတတ် ပညာပိုင်း တွင်တော့ လူသိ နည်းလှ သည်။

၂၀၀၈ ခုနှစ် စက်တင်ဘာလ၌ ပြင်ပသို့ ပေါက်ကြားခဲ့သော အမေရိကန် သံတမန်ကြေးနန်း တခုတွင် ဦးအောင်သောင်း အား “နာမည်ဆိုးဖြင့် ကျော်ကြားသော ခေါင်းမာ သူ”တဦး အဖြစ် ပုံဖော်ထားပြီး ဗိုလ် ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေနှင့် အလွန်နီးစပ် သော ရင်းနှီးမှုကိုပါ ဖော်ပြ ထားသည်။

လွန်ခဲ့သော ခြောက်လအတွင်း ဦးအောင်သောင်းသည် တရုတ်နိုင်ငံ ရွှေလီမြို့တွင် KIO နှင့် အစည်းအဝေးပေါင်းများစွာ ပြုလုပ် ခဲ့ သော်လည်း စစ်တပ်နှင့် KIOအကြား ၁၁ လကြာ ဖြစ်ပွားနေသော ပဋိ ပက္ခကို အဆုံးသတ်နိုင်သော သဘောတူညီချက် တစုံ တရာ မရခဲ့ပေ။


ဦးအောင်သောင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့သည် အင်အား သေးငယ်သော အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ရှမ်းပြည်တပ်မတော် (မြောက် ပိုင်း)နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)တို့နှင့် သဘောတူညီချက်များ အောင်မြင်စွာ ရရှိခဲ့ သော်လည်း KIO နှင့် သဘောတူညီချက် ရအောင်မယူနိုင်၍ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် ယှဉ်ကြည့် ပါက သိသိ သာ သာကြီး ကွဲပြား နေသည်။

ဦးအောင်မင်း ခေါင်းဆောင်သည့် အဖွဲ့သည် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရခဲ့ သည့် ဇန်န၀ါ ရီလ မှစ၍ ဒါဇင်ဝက်ထက် မနည်း တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် များစွာ ရခဲ့ပြီး ဖြစ် သည်။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)နှင့် သဘောတူညီချက်ရပြီးသည်နှင့် တဆက်တည်း ချင်းအမျိုးသား တပ်ဦး(CNF)၊ ကရင် အမျိုးသား အ စည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP) စသည့် အဖွဲ့များ နှင့်ပါ ဆက်တိုက်ဆိုသလို သဘောတူညီချက်များ ရယူနိုင် ခဲ့သည်။

KNU နှင့် ယာယီသဘောတူညီချက်တခု ဦးအောင်မင်း ရယူနိုင်ခဲ့ခြင်းသည် ကမ္ဘာပေါ်တွင်သက်တမ်းအရှည်ဆုံး ပဋိပက္ခများ အနက် တခုအား ခေတ္တ ရပ်နားလိုက်နိုင်သဖြင့် နိုင်ငံတကာ၏ အာရုံစိုက်မှု၊ အနောက် နိုင်ငံများ ၏ ချီးကျူး ထောမနာပြုမှုကို ရရှိခဲ့သည်။

မကြားသေးမီက ဦးအောင်မင်းသည် ဆွစ်ဇာလန် နှင့် နော်ဝေးနိုင်ငံများသို့ သွားရောက်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို ရပ်စဲနိုင် သည့် နည်း လမ်းများ ဆွေးနွေးနေချိန်တွင် ဦးအောင်သောင်းနှင့် အဖွဲ့ကိုတော့ အနောက်နိုင်ငံ အစိုးရများက သိသိသာသာ အရေး မလုပ် လျစ်လျူရှု ထား လိုက်ကြသည်။

ဦးအောင်သောင်း၊ ဦးအောင်မင်း နှင့် ဦးသိန်းစိန်တို့ သုံးဦးစလုံးသည် နာမည်ဆိုးနှင့်ကျော်ကြားသော နိုင်ငံတော် အေးချမ်း သာ ယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ(နအဖ) စစ်အစိုးရအဖွဲ့တွင် ထိပ်တန်း အရာ ရှိများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြသော် လည်း ဂုဏ်သိက္ခာ ပြန် အဖတ် ဆယ်ရေး လုပ်ငန်းတွင်တော့ ဦးအောင်သောင်း အတွက် ပိုခက်ခဲ ခဲ့သည်။

ကနဦးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)ဟု ခေါ်ပြီး နောက်ပိုင်းတွင် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်း ထားသည့် လက်ရှိအာဏာရ ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သော ဦးအောင် သောင်းအား ဒီပဲယင်း လူသတ်ပွဲတွင် အဓိက ကြိုးကိုင်ခဲ့သူအဖြစ် အတိုက် အခံ အင်အား စုများက သတ်မှတ် ထားသည်။

မြန်မာပြည် အထက်ပိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တွင် တုတ်များကိုင်ဆောင် ထားသော ကြံ့ဖွံ့ကေဒါများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို အကြမ်း ဖက်တိုက် ခိုက်သော လူသတ်ပွဲ ဖြစ်သည်။

အသေအချာပြင်ဆင်ထားသော ၎င်းတိုက်ခိုက်မှုကြောင့် NLD အဖွဲ့ဝင် ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသက် မသေဘဲ ကံကောင်းထောက်မစွာ လွတ်မြောက်သွားခဲ့ခြင်း ဖြစ် သည်။ ယင်း ဖြစ်ရပ်သည် မြန်မာနိုင်ငံ သမိုင်း၌ အမည်း စက် ထင်ခဲ့ ရသည်။

ဦးအောင်သောင်း အပါအ၀င် ဒီပဲယင်းတိုက်ခိုက်မှုကို စီစဉ်ခဲ့ကြသူများသည် တရားရင်ဆိုင်ရခြင်း မရှိသော်လည်း ဦးအောင်သောင်း သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံတကာ ဧည့်သည် အနည်းငယ်နှင့်သာ တွေ့ခွင့်ရသည့်အခြေအနေတွင် ရှိ နေခဲ့သည်။

တချိန်တည်းတွင် ၀န်ကြီးဦးအောင်မင်း လူတကာ၏ နှုတ်ဖျားတွင် ရေပန်းစားနေသည်။ နော်ဝေအစိုးရသည် ကရင်ပြည်နယ် နှင့် တခြား မြန် မာနိုင်ငံအရှေ့ဖက်ခြမ်းဒေသများတွင် ၀န်ကြီးဦးအောင်မင်း ဦးဆောင်မည့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် နောက်ဆက်တွဲ ငါးနှစ် စာ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေါ်လာသန်းပေါင်းများစွာ ကူညီမည်ဟု သတင်းများထွက်နေသည်။

ဦးအောင်မင်း နှင့် ဦးအောင်သောင်းအကြား အားပြိုင်မှုနှင့်ပတ်သက်ပြီး ထွက်ပေါ်လာသော အစီရင်ခံချက်များအပြင် ယင်းသို့ အားပြိုင်မှု များသည် မြန်မာပြည်ကို အုပ်စိုးနေသည့် လူနည်းစုတစုအတွင်း မည်မျှအထိ တင်းမာနေသည်ဆိုခြင်းကို သိရန်ခက်ခဲကြောင်း၊ ဦးအောင် သောင်း ကို ရာထူးမှ ဖယ်ရှားသည်အထိ တင်းမာမှုများ ဖြစ်ပွားခြင်း ဟုတ်၊ မဟုတ်ကိုလည်း မသိရှိရန် မလွယ်ကူကြောင်း သတင်း များက ဆိုကြသည်။

စင်ကာပူ စထရိတ်တိုင်းမ် သတင်းထောက် Nirmal Ghosh က“ဦးအောင်သောင်းသည် ဦးအောင်မင်းအား တိုင်းရင်းသား အဖွဲ့များနှင့် သ ဘောတူညီချက် အများ အပြား ယူနေ ခြင်းနှင့် ပတ်သက်ပြီး ပြစ်တင် ဝေဖန်မှု များရှိ နေသည်”ဟု မေလ ၃ ရက်နေ့က ရေးသား ခဲ့သည်။

KIO နှင့် အစိုးရအကြား ၁၇ နှစ်တာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် အဆုံးသတ်ခင် တင်းမာမှုများသည် ခေါင်းမာသော ဦးအောင် သောင်းကြောင့် ပိုပြင်းထန် ခဲ့ရသည် ဟုလည်း ယူဆ နေကြ သည်။

၂၀၁၀ ပြည့်နှစ် အစောပိုင်း တွေ့ဆုံဆွေးနွေးမှုများတွင် ဦးအောင်သောင်း နှင့် ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းဇော်တို့က KIO အား ထိုနှစ် ဇူလိုင်လထက် နောက်မကျဘဲ နယ်ခြားစောင့်တပ် အ သွင်ကူးပြောင်းရန် ရာဇသံ ပေးခဲ့သည်။ နယ်ခြားစောင့် တပ်ကို ငြင်းပယ်ခဲ့ သ ဖြင့် နှစ် ၅၀ ကျော် ရပ်တည်လာခဲ့သော KIO ကို အကြမ်းဖက်သောင်းကျန်းသူ အုပ်စုတခုအဖြစ် အစိုးရမီဒီယာများက ရေးသား ခြင်း ခံခဲ့ ရသည်။ စစ် တပ်မှ ပါလီမန်အတွင်းသို့ ကူးပြောင်းသွားခဲ့သည့် ဦးသိန်းဇော်သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးအဖွဲ့တွင် လတ်တ လော ဒုတိယ အဆင့် တာဝန်ယူထားသည်။

သားများကို သန်းကြွယ်သူဌေး ဖြစ်လာရန် ဦးအောင်သောင်း ဘယ်လို ကူညီခဲ့သလဲ

ဦးအောင်သောင်းသည် စက်မှု (၁) ၀န်ကြီးအဖြစ် ၁၉၉၇ ခုနှစ်မှ နအဖ ၏ တရားဝင် အာဏာသက်တမ်းကုန်သည့် အချိန်အထိ ၁၄ နှစ်ကြာ တာဝန်ယူခဲ့သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍသည် ဦးအောင်သောင်း၏ သားများအပါအ၀င် စစ်ခေါင်း ဆောင်ပိုင်းနှင့် နီး စပ်သော စီးပွားရေးသမားတစု၏ လက်ဝါးကြီးအုပ် အသုံးချခံဘ၀ ဆိုက်ရောက်ခဲ့ရသည်။

ဘီလီယံနာ သူဌေးကြီး ဦးတေဇ ကဲ့သို့ စီးပွားမဖြစ်သော်လည်း ဦးအောင်သောင်း၏ သားနှစ်ဦးဖြစ်သူ ဦးပြည်အောင် နှင့် ဦးနေ အောင် တို့သည် ဦးသန်းရွှေ စစ်အစိုးရတွင် ပါဝင်သော ဖခင်၏ အရှိန်အ၀ါကို အသုံးချ၍ သန်းကြွယ်သူဌေးများ ဖြစ်သွားခဲ့ကြသည်။

ဦးပြည်အောင် နှင့် ဦးနေအောင် တို့ နှစ်ဦးပိုင်သော စီးပွားရေးလုပ်ငန်းများတွင် သစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ် အားလိုင်း သွယ်တန်းမှုဆိုင်ရာ ပစ္စည်း၊ ဘဏ် လုပ်ငန်း၊ ဟိုတယ် နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ပါဝင်သည်။

ထိုညီအစ်ကိုနှစ်ဦးပိုင် စီးပွားရေး အင်ပါယာကြီးသည် စီးပွားရေးလုပ်ငန်းပေါင်းများစွာ ချိတ်ဆက်ထားသော လုပ်ငန်းကြီးတခုဖြစ် သည်။ အဓိ ကအားဖြင့် IGE Co Ltd သည် နိုင်ငံတကာစီးပွားရေး လုပ်ငန်း များ အုပ်စု နှင့် IGE Pte Ltd. ၏ အောက်တွင် ရှိသည်။ ကုမ္ပဏီ လက် ကမ်း စာစောင်အရ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတွင်း လုပ်ငန်းများ လုပ်ကိုင်သော UNOG Pte Ltd (UNOG Co Ltd နှင့် United National Oil & Gas ဟုလည်း ခေါ်သည်။) သည် IGE ကုမ္ပဏီ အုပ်စုအောက်တွင် ရှိပြီး ကျွန်းသစ်စီးပွားရေး လုပ်သော MRT Co. Ltd သည်လည်း IGE အောက်တွင် ရှိသည်။

၂၀၀၈ ခုနှစ် သံတမန်ကြေးနန်းတခုတွင် United International ကျွန်းသစ် ကုမ္ပဏီပိုင်ရှင် ဦးဝင်အောင်က အမေရိကန် သံတမန် တဦး အား “IG E သည် မြန်မာနိုင်ငံ ကျွန်းသစ်လုပ်ငန်းတွင် ဒုတိယ အကြီး ဆုံးကုမ္ပဏီ တခုဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၅ သန်း ကျော် ၀င်ငွေရှိသည်”ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။

IGE စီးပွားရေး အုပ်စုတွင် အခြေခံဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်သည့် FCGC ကုမ္ပဏီ နှင့် လောလောလတ်လတ် နိုင်ငံတကာအစည်းအဝေး များစွာကျင်းပခဲ့သည့် နေပြည်တော်ရှိ အမရာ ဟိုတယ် တို့လည်း ပါဝင်သည်ဟု ကုမ္ပဏီ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။ ဦး အောင် သောင်း မိသားစုသည် ၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သော ယူနိုက်တက် အမရာ ဘဏ် ကို လည်း ပိုင်ဆိုင်သည်။

နအဖ စစ်အစိုးရ အာဏာလွှဲပြောင်းခါနီးတွင် အစိုးရပိုင် ပစ္စည်းများအား ပုဂ္ဂလိကပိုင် အဖြစ် ထုတ်ရောင်းချရာတွင် IGE သည် ရန်ကုန်မြို့တွင် ယခင်က အစိုးရပိုင် အဆင့်မြင့် ဟိုတယ် ၃ ခုဖြစ်သော စထရင်း ဟိုတယ်၊ ဒူးဆစ် အင်းလျားလိတ် နှင့် သမတ ဟိုတယ်များတွင် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအထိ ၀ယ်ယူရရှိခဲ့သည်။ အောင်ရဲဖြိုးကုမ္ပဏီဟု အမည်ရသော စိုက်ပျိုးရေး ထုတ် ကုန်များ ရောင်းချသော ကုမ္ပဏီသည်လည်း ဦးအောင်သောင်းမိသားစုပိုင်ပင်ဖြစ်သည်။

၂၀၀၈ ခုနှစ်အတွင်း ပြင်ပသို့ ပေါက်ကြားခဲ့သော အမေရိကန်သံတမန် ကြေးနန်းတခုတွင် IGE ကုမ္ပဏီကို ၁၉၉၄ ခုနှစ်၌ တည်ထောင် ပြီး ၂၀၀၁ ခုနှစ်တွင် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ခဲ့သည်ဟု သိရသည်။ UNOGအား မြန်မာနိုင်ငံနှင့် စင်ကာပူ နိုင်ငံ နှစ်နိုင်ငံစလုံးတွင် မှတ်ပုံ တင်ထားပြီး ၂၀၀၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

“ဦးနေအောင်၏ အရင်းနှီးဆုံးသူငယ်ချင်း ဦးဝင်းကြိုင်သည် IGE ကုမ္ပဏီ နှင့် UNOG ကုမ္ပဏီတို့၏ မန်နေဂျင်းဒါရိုက်တာဖြစ် သည်”ဟု ၂၀၀၈ ခုနှစ် ကြေးနန်း တခုတွင် ရေးသားထားသည်။ မြန်မာအစိုးရပိုင် သတင်းမီဒီယာတွင် မကြားသေမီက ဖော်ပြ ခဲ့သော သတင်းများအရ ဦးဝင်း ကြိုင်သည် လာမည့်လေးနှစ်ကြာသည်အထိ IGE ၏ မန်းနေဂျင်းဒါရိုက်တာအဖြစ် ဆက်လက် တာဝန်ယူနေမည်ဖြစ်ပြီး သူ့သူငယ်ချင်း ဦးနေ အောင်ကတော့ IGE နှင့် UNOG တို့တွင် ကုမ္ပဏီ ဥက္ကဌအဖြစ် ဆက်လက် တာဝန်ယူနေမည်ဟု ဖော်ပြထားသည်။ ယခုနှစ် ဇန်န၀ါရီလ အ တွင်းက ထုတ်ဝေသော အစိုးရ မြန်မာ့အလင်း သတင်းစာတွင် သဇင်အောင်ဟူသော အမျိုးသမီးတဦးအား UNOG ၏ မန်နေဂျင်း ဒါရိုက်တာ အဖြစ် ဖော်ပြ ထားသည်။

အပြင်သို့ ထွက်လာသည့် အမေရိကန်သံတမန် လျှို့ဝှက်ကြေးနန်းများတွင် ဦးအောင်သောင်း၏ သားနှစ်ဦးစလုံးကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နှင့် အလွန်နီးစပ်သူများဟု ဖော်ပြထားပြီး ဦးသန်းရွှေ ကလည်း ၎င်းတို့ကို မိသားစုသဖွယ် သဘောထား သည်ဟု ဖော်ပြထား သည်။ ထိုညီအစ်ကိုနှစ်ဦးသည်“မိသားစု အဆက်အသွယ်၊ စစ်အစိုးရနှင့် အနေနီးစပ်ခြင်း တို့ကိုအသုံးချပြီး အလွန်ချမ်းသာ သွားကြသည်” ဟုလည်း ရန်ကုန် အခြေစိုက် စီးပွားရေး သမား တဦး၏ ပြောစကားကို ကိုးကားပြီး ကြေးနန်းတွင် ရေးသား ထားသည်။

ဦးပြည်အောင်သည် နအဖ စစ်ကောင်စီတွင် နှစ်ပေါင်းများစွာကြာ ဒုတိယ သြဇာအကြီးဆုံးဖြစ်သူ ဒု ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးမောင်အေး ၏ သမီးဖြစ်သူ ဒေါ်နန္ဒာအေး၏ ခင်ပွန်းလည်းဖြစ်သည်။ ၂၀၀၉ ခုနှစ် ဇွန်လအတွင်း ဖော်ပြထားသော အမေရိကန် သံတမန် ကြေးနန်းတ စောင် တွင် ဦးမောင်အေးသည် မျိုးမျိုးမြတ်မြတ်ရနိုင်သော စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်များ ချပေးရာတွင် ဦးတေဇ ထက် သူ့သားမက်ကို ပိုဦး စား ပေးသည်ဟု ရေးသား ထားသည်။

ကြည်း၊ ရေ၊ လေ ကွပ်ကဲညှိနှိုင်းရေးမှူး နှင့် ဗိုလ်ချုပ်ကြီး ဟောင်း ဦးရွှေမန်း နှင့် ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးတို့နှစ်ဦး သည် လုပ် ငန်းအသစ်များ၊ လိုင်စင်အသစ်များ ချပေးရာတွင် ၎င်းတို့အ တွက်ပါ ဝေစားမျှစားလုပ်သော ဦးနေအောင်၊ Max Myanmar ကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော် နှင့် ဦးရွှေမန်း၏သား ဦးအောင်သက်မန်းတို့ကို ပိုဦး စားပေးသည်ဟု အမေရိကန် သံတမန် များကို ပြန်လည် ဖောက်သည် ချခဲ့ သော ရန်ကုန် အခြေစိုက် စီးပွားရေး သမား တဦးကို ကိုးကား၍ ၂၀၀၉ ခုနှစ် လျှို့ဝှက် ကြေးနန်း တခု တွင်လည်း ရေးသား ထားသည်။

၂၀၀၈ ခုနှစ် ကြေးနန်းတစောင်တွင်တော့ IGE သည် နေပြည်တော်တည်ဆောက်ရေးအတွက် တာဝန်ယူသော ကုမ္ပဏီ ၈ခုအနက် တခုဖြစ် သည်ဟု ရေးသားထားသည်။ မြို့တော်သစ်အတွင်း အစိုးရဌာန အဆောက်အအုံပေါင်း များစွာ တည်ဆောက်ပေးရသည့်အပြင် ဘန်ဂလိုပေါင်း ၃၀ ပါဝင်သော ကြယ်လေးပွင့်အဆင့်ရှိ IGE ဟိုတယ် Hotel Amara ကိုပါ တည်ဆောက်ခဲ့သည်။ တခြား ဆောက်လုပ်ရေး ကုမ္ပဏီများကဲ့သို့ပင် မြန်မာအစိုးရသည် IGE အား ၀န်ဆောင်မှုအတွက် အခကြေးငွေမပေးဘဲ ကားတင်ပို့ခွင့် လိုင် စင် ၁၅ ခုချပေးခဲ့သည်။ လိုင်စင်တခုသည် အမေရိကန်ဒေါ်လာ နှစ်သိန်း တန်သည်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အစောပိုင်းတွင် IGE သည် အစိုးရ၏ ကုန်သွယ်ရေး မူဝါဒကောင်စီ (TPC) ထံမှ ရွှေဂက်စ် ပိုက်လိုင်း စီမံကိန်း တည် ဆောက်ရေးအတွက် အသုံးပြုရန် ပိုက်လိုင်းများ တင်သွင်းခွင့် ရထားသည်ဟု မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး သတင်း အရင်းအမြစ်များက ဧရာဝတီသို့ မနှစ်က ပြောကြားခဲ့သည်။

ရွှေဂက်စ်ပိုက်လိုင်းသည် ရခိုင်ကမ်းရိုးတန်းမှ လောင်စာများကို မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သယ်ယူ ပေးမည့် အစီ အစဉ် ဖြစ်သည်။ ဒေါ်လာ ဘီလီယံနှင့် ချီ၍ တန်ဖိုးရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့ နှစ်မျိုးစလုံး ပါဝင်သည့် အဆိုပါ စီမံ ကိန်းအား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် တရုတ်နိုင်ငံ အမျိုးသား ရေနံကုမ္ပဏီ(CNPC) တို့ တွဲဖက်လုပ်ကိုင်မည် ဖြစ် သည်။

ပိုက်လိုင်း လမ်းကြောင်းသည် KIO ထိန်းချုပ်သော ရှမ်းပြည်မြောက်ပိုင်းနယ်မြေ တချို့ကို ဖြတ်သန်းသွားမည်ဖြစ်ပြီး အဆိုပါဒေသ သည် က ချင်စစ်တပ်နှင့် အစိုးရ စစ်တပ်အကြား တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဆက်ဖြစ် နေသော ဒေသလည်း ဖြစ်သည်။

KIO နှင့် ဦးအောင်သောင်းတို့ အကြား ဆွေးနွေးပွဲများတွင် ပိုက်လိုင်းတည်ဆောက်ရေး လုပ်ငန်းအတွင်း IGE ပတ်သက်နေမှုနှင့် သက်ဆိုင် သော ဆွေးနွေးပွဲ ခေါင်းစဉ်တခု ပါဝင်ခြင်း ရှိမရှိကိုတော့ မသိ နိုင်ပေ။

IGE နှင့် UNOG သည် မြန်မာနိုင်ငံ၏ ရေနံစီးပွားရေးလုပ်ငန်းတွင် အဓိက အရေးပါသူများ မဟုတ်သည့်တိုင် အကယ်၍ UNOG က ပူးတွဲပိုင် ဆိုင်သည့် ပိုက်လိုင်းများ အသက်ဝင်ပြီဆိုပါက ပိုက်လိုင်းများ မှတဆင့် စီးဆင်းသွားမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့အတွက် အကျိုး အမြတ် မြိုးမြိုး မြက်မြက် ရရှိမည့် အခြေ အနေ ဦးအောင်သောင်း မိသားစု အင်ပါယာ ကြီးတွင် ရှိနေ သည်။

၂၀၁၂ ခုနှစ် ဧပြီလတွင် UNOG နှင့် မလေးရှားအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ၏ ရှာဖွေရေးနှင့် ထုတ်လုပ်ရေးလက်ခွဲ ဖြစ်သော Petronas Carigali ကုမ္ပဏီများသည် RSF 2 နှင့် RSF 3ကုန်းတွင်းပိုင်း လုပ်ကွက်များ ရရှိထားသည်။ ထို့အပြင် Petrnoas Carigali နှင့် UNOG သည် အလားတူ လုပ်ပိုင်ခွင့်မျိုးဖြစ်သည့် မုတ္တမပင်လင်ကွေ့၊ MD-4 ၊ MD-5 နှင့် MD-6ကမ်းလွန်လုပ်ကွက် များလည်း ရရှိထားသည်။ UNOG သည် နောက် ထပ် နိုင်ငံခြားကုမ္ပဏီတခုနှင့် တွဲဖက်၍ M-1 ကမ်းလွန်လုပ်ကွက်တခုလည်း ပူးတွဲရရှိထားသည်။

ဦးအောင်သောင်း သားများကို ဒဏ်ခတ်ပိတ်ဆို့မှု လျစ်လျူရှု သည့် နော်ဝေ ကုမ္ပဏီ

၂၀၁၁ ခုနှစ် မေလနှင့် ဇွန်လများတွင် Seadrill ဟူသော နော်ဝေကုမ္ပဏီတခုသည် ဦးအောင်သောင်း၏ သားများပိုင် M-1 ကမ်းလွန် လုပ် ကွက် ကို စမ်းသပ် လုပ်ငန်းများ စတင် လုပ်ဆောင် ခဲ့ သည်။ ဦးအောင်သောင်း၏ သားများကို ဥရောပ သမဂ္ဂ(EU)က ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ် ထားကြောင်း သိသော်လည်း Seadrill က လုပ်ကိုင် ခဲ့ခြင်း ဖြစ်သည်။

နော်ဝေးနိုင်သည် EU အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း EU က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုကို တရားဝင် အသိအ မှတ်ပြုထားသော နိုင်ငံတခု ဖြစ်သည်။ ထိုစည်းမျဉ်းသည် ပြီးခဲ့ သည့်လအထိ သက်ရောက်မှု ရှိခဲ့သည်။

ဦးအောင်သောင်းနှင့် သူ့သားများသည် အမည်ပျက်စာရင်းဝင် ဖြစ်သော်လည်း Seadrill က ၎င်းတို့နှင့် တွဲဖက်လုပ်ကိုင်နေရခြင်း အပေါ် စိုးရိမ် မှု တစုံတရာရှိပုံ မရခဲ့ပေ။

၂၀၁၁ ခုနှစ် ဇွန်လ ၁ရက်နေ့တွင် ရွှေပြည်တန် အမှတ် ၁ဟုခေါ်သော M-1 လုပ်ကွက် စမ်းသပ်မှု စတင်ခြင်းအထိမ်းအမှတ်အဖြစ် Seadrill ၏ West Juno စမ်းသပ်စင်တွင် ကျင်းပေသော အခမ်းအနားသို့ Seadrill ၀န်ထမ်းများတက်ရောက်ခဲ့သည်ဟု မြန်မာ့ အလင်း သတင်းစာက ဖော် ပြရေးသားခဲ့သည်။ M1 လုပ်ကွက်သည် အလွန်ရှားပါးလာနေပြီဖြစ်သော ဧရာဝတီလင်းပိုင်များ ကျက် စားရာ ဂေဟတည် ရှိမှုအရ အလွန် ပျက်စီးလွယ်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိနေသည်ဟူသော အချက်ကိုတော့ နိုင်ငံပိုင် သတင်းမီဒီယာများက ဖော်ပြရန် ပျက်ကွက် ခဲ့သည်။

၂၀၀၇ ခုနှစ် မတ်လတွင် UNOG Pte Ltd သည် ဗြိတိန်နိုင်ငံပိုင် ဗာဂျင်ကျွန်း (Virgin Islands) တွင် မှတ်ပုံတင်ထားပြီး MOGE နှင့် လက်တွဲ ထုတ်လုပ်ရေး သဘောတူညီချက် ရယူထားသော Rimbunan Petrogas ကုမ္ပဏီ(RH Petrogas ဟုလည်း လူသိများသည်) နှင့်လည်း သဘောတူညီချက်ရယူခဲ့သည်။

မြန်မာနိုင်ငံ၏ မှတ်တမ်းများအရ “MOGE နှင့် ကုမ္ပဏီ နှစ်ခုသည် မုတ္တမကမ်းလွန်ပင်လယ်ပြင်တွင်ရှိသော M-1 လုပ်ကွက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ စမ်း သပ်ခွင့် နှင့် တူးဖော်ထုတ်လုပ်ခွင့် ရရှိမည်ဟု ဆိုသည်။ ၂၀၀၇ ခုနှစ်တွင် လက်မှတ်ထိုး ထား သော သဘော တူညီ ချက်အရ UNOG နှင့် ၎င်း၏ ဖက်စပ်ကုမ္ပဏီများကို M-1 လုပ်ကွက်တွင် နှစ်ပေါင်း ၃၀ကြာ လုပ်ခွင့်ပေးထား သည်” ဟု ပြင်ပသို့ ပေါက်ကြား ခဲ့သော အမေရိကန် သံတမန် ကြေးနန်း များတွင် ဖော်ပြ ထားသည်။

၂၀၁၁ ခုနှစ် သြဂုတ်လတွင် MOGE က ထွက်ပေါ်လာသော အစီရင်ခံစာတွင် UNOG အား ၎င်း၏ ဖက်စပ်ကုမ္ပဏီဖြစ်သော Rimbunan Petrogas နှင့်တွဲဖက်၍ M-1 ကမ်းလွန်လုပ်ကွက်၏ ပူးတွဲ ပိုင်ရှင်အဖြစ် ဆက်လက်ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ၏ US Securities and Exchange Commission (SEC) သို့တင်သွင်းသော Seadrill ၏ စည်းမျဉ်းပိုင်းဆိုင်ရာ တင်ပြ ချက် များအရ မလေးရှားနို်င်ငံပိုင် ကုမ္ပဏီ နှင့် UNOG အကြား စီးပွား ရေးလုပ်ငန်းတွင် Rimbunan Petrogas သည် အဓိက အကောင် အထည် ဖော်သူ ဖြစ်သော ကြောင့် စည်းမျဉ်းအရကြည့်ပါက အမည်ပျက်စာရင်းအသွင်းခံထားရသော ဦးအောင်သောင်း၏ သားများ နှင့် စီးပွားရေး အတူလုပ်ပိုင်ခွင့် ကန့်သတ်ချက်တွင် ဥပေဒကြောင်းအရ အကျုံးမ၀င်ဟု ရေးသားထားသည်။

၂၀၁၁ ခုနှစ် သြဂုတ်လရက်စွဲနှင့် ရေးသားခဲ့သော Seadrill ၏ 6 K တင်ပြချက်တွင် ၂၀၁၁ ခုနှစ် မေလ ၁၁ ရက်နေ့မှ စ၍ West Juno လုပ် ကွက် စင်အား Rimbunan Petrogas အား တလ ကန်ထရိုက် အတွက် တနေရာလျှင် အမေရိကန် ဒေါ်လာ ၁၂၄၅၀၀ နှုန်းဖြင့် ငှားရမ်းခဲ့ ကြောင်း ဖော်ပြထားသည်။ ထိုနှုန်းသည် ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီ ထံမှ Seadrill ငှားရမ်းခဲ့သည့် နှုန်းထက် အနည်းငယ် ပိုသက် သာသည်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ လေးလစာ စမ်းသပ်တူးဖော်ခြင်း ကန်ထရိုက်အတွက် Seadrill က PTTEPအား တနေ့လျှင် ဒေါ်လာ၁၂၉၅၀၀ နှုန်းဖြင့် ငှားရမ်း အသုံး ပြုခဲ့ သည်။ Rambunan Petrogas ကုမ္ပဏီ၏ ကျော်ထောက် နောက်ခံ မလေးရှား သစ်နှင့် မီဒီယာလုပ်ငန်း၏ ဂုဏ်သိက္ခာသည်လည်း UNOG နောက်ကွယ်မှ မိသားစု ဂုဏ်သိက္ခာနှင့် ပို၍ ထူးခြားခြင်း မရှိပေ။ ဗြိတိန်နိုင်ငံပိုင် ဗာဂျင်ကျွန်းတွင် မှတ်ပုံတင်ထားပြီး Rimbuanan Petrogas ကုမ္ပဏီသည် Tiong Hiew King ပိုင် Rambunan Hijau Group ၏ တစိတ်တ ပိုင်းဖြစ်သည်။

တရုတ်တိုင်းရင်းသား ဘီလီယံနာ Tiong Hiew King သည် မလေးရှားနှင့် ပါပူဝါနယူးဂီနိ တွင် သူ့ကုမ္ပဏီ၏ စည်းမဲ့ကမ်းမဲ့ သစ်ထုတ်လုပ် ခြင်း လုပ်ငန်းများကြောင့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်အဖွဲ့များ၏ ထပ်ခါတလဲလဲ စုံစမ်းစစ်ဆေးမှုခံနေရသည်။ ထိုနေရာ နှစ်ခု စလုံးတွင် Tiong Hiew King သည် သူ၏ စီးပွားရေးလုပ်ငန်းအကျိုးစီးပွားအတွက် လက်ဝါးကြီးအုပ်ချယ်လှယ်နိုင် သော ဒေသခံ မီဒီယာ ကို အသုံးချ ထားသည်။ မီဒီယာ လုပ်ငန်း ရှင်ကြီး ရူးပတ်မာဒေါ့ လုပ်ဟန် မျိုးဟု သူ့ကို ဝေဖန် ကြသည်။

Greenpeace သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က အသက် ၇၅ နှစ်အရွယ် Tiong Hiew King အား အရှေ့တောင် အာရှ ရှိ မုတ်သုံ သစ်တောကြီးများ ပျက်စီးရာတွင် တာဝန်ရှိသော“ကမ္ဘာတလွှား သစ်လုပ်ငန်း အင်ပါယာ”ကြီးကို ဦးစီးဆောင်ရွက်နေသူ တဦးအဖြစ် ဖော်ပြလေ့ရှိသည်။

ဦးအောင်သောင်း သားများ အခွင့်ထူးရ ကမ်းလွန် လုပ်ကွက် စည်းမျဉ်းများ

၂၀၀၉ ခုနှင် ဇွန်လ ၅ရက်နေ့ ရက်စွဲဖြင့် ရေးသားထားသော အမေရိကန်အစိုးရ၏ ကြေးနန်းတခု၌၂၀၀၈ ခုနှစ် နှောင်းပိုင်းတွင် မလေးရှား နိုင်ငံမှ ဖက်စပ်လုပ်ငန်းကုမ္ပဏီဖြစ်သော Rimbunan Petrogas က A5 ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ကွက်မှ ထွက် သွားသည့် တိုင် အမြတ်အစွန်းကောင်းကောင်းရနိုင်သည့် A5 လုပ်ကွက်ကို IGE က မည်သို့ ဆက်လက်ထိန်းထားနိုင်သည်ကို ဖော်ပြ ထား သည်။

အဆိုပါ ကြေးနန်းများတွင် MOGE က ချမှတ်ထားသော စည်းမျဉ်းများအရ Rinmbunan Petrogas သည် စမ်းသပ်တူးဖော်ရေး လုပ်ကွက်မှ ထွက်သွားပါက MOGE သည် နောက်ထပ် လုပ်ငန်းရှင် အသစ်ရှာ ဖွေရမည်ဟု ပါရှိသည်။ သို့သော် တဦးတည်း ဆက် လက် ချုပ်ကိုင်ထားပြီး ၂၀၀၉ ခုနှစ်အစောပိုင်းတွင်မှ အိန္ဒိယနိုင်ငံ Reliance Industries ကုမ္ပဏီ နှင့် တူးဖော်မှုလုပ်ငန်း လုပ် ဆောင် ရန် သဘော တူညီ ချက် ရယူ ခဲ့ကြောင်း သိရ သည်။

၂၀၁၁ ခုနှစ် ဧပြီလတွင် ထိုလုပ်ကွက်အား Korean-Myanmar Development Co Ltd နှင့် Brilliant Oil Corporation Pte. ကုမ္ပဏီတို့က လွှဲပြောင်းယူခဲ့သည်။

Brilliant Oil Corporation Pte. ကုမ္ပဏီ ဆိုသည်မှာ စစ်အစိုးရ လက်ဝေခံ စီးပွားရေးသမား ဦးတေဇ ၏ ဟန်ပြ ပုဂ္ဂိုလ်တဦးဖြစ်သူ Silver Wave Energy အရာရှိချုပ် ဦးမင်းမင်းအောင်က ထိန်းချုပ် ထား သော စင်ကာပူ ကုမ္ပဏီတခုဖြစ်သည်ဟု အမေရိကန်အစိုးရ ကြေးနန်းများက ဆိုသည်။

သစ် နိုင်ငံခြား တင်ပို့မှု အရှုပ်တော်ပုံတွင် IGE ပါဝင်ပတ်သက်မှု

အစိုးရပိုင် မြန်မာ့သစ်လုပ်ငန်း (MTE) သည် အစိုးရနှင့် အလွမ်းသင့်သော ကုမ္ပဏီများသို့ “မဖြတ်ရသေးသော သစ်လုံးများကို ဈေးကွက် ပေါက်ဈေးထက် နိမ့်သော ဈေးဖြင့် ရောင်းချပေးနေသဖြင့် IGE ကုမ္ပဏီသည် ဗြောင်ကျကျချိုးဖောက်သော အကျင့်ပျက်ခြ စားမှု စနစ် အောက်တွင် အမြတ် အစွန်းများ ရနေသည်” ဟု၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ထွက်ပေါ်လာသော အမေရိကန် အစိုးရ သံတမန် ကြေး နန်းတွင် ဖော်ထုတ် ရေးသား ထားသည်။

နောက်ထပ် အမေရိကန်ကြေးနန်းတခုတွင်လည်း ဦးတေဇ ၏ ထူးကုမ္ပဏီ၊ ဦးဝင်းအောင်၏ ဒဂုန် သစ်ကုမ္ပဏီ၊ ဦးတင်ဝင်း၏ တင်ဝင်းထွန်း ကုမ္ပဏီတို့ အပါအ၀င် တခြားသော လက်ဝေခံ စီးပွားရေး ကုမ္ပဏီ များနှင့်တူ IGE သည် ၎င်းတို့အဆက်အသွယ်များကို အသုံးချ၍ အရည်အ သွေးအကောင်းဆုံး သစ်များကို အရယူနေကြ သကဲ့သို့ တခါတရံတွင် မြန်မာ့သစ်လုပ်ငန်း ကိုယ်စား ၎င်းတို့ကို်ယ်တိုင် ၀င်ရောက်၍ သစ်ခုတ် ယူမှု များပင် လုပ်တတ် သည်ဟု ဖော်ပြ ထားသည်။

IGE နှင့် အခြားသောကုမ္ပဏီများသည် နိုင်ငံခြားသို့ သစ်အားလုံးကို မြန်မာ့သစ်လုပ်ငန်းအမည်ဖြင့် ပို့ဆောင်နေပြီး သစ်ရောင်းချရ သည့် အ ကျိုးအမြတ်အားလုံးကို စီးပွားရေးကုမ္ပဏီများကပင် ရယူသည်ဟု အဆိုပါ ကြေးနန်းတွင် ရေးသားထားသည်။တခြားစက်မှုလုပ်ငန်းများတွင် လုပ်ကိုင်သော ကုမ္ပဏီများကဲ့သို့ပင် ၎င်းကုမ္ပဏီများသည် မြန်မာ့သစ်လုပ်ငန်းအမည်နှင့် သစ်လုံးများကို နိုင်ငံခြား သို့ တင်ပို့ရောင်းချ သော် လည်း မြန်မာ့ သစ်လုပ် ငန်းက တပြား တချပ်မှ ရယူခြင်း မရှိပေ ဟုလည်း ကြေးနန်းတွင် ပါရှိ သည်။

၂၀၀၉ ခုနှစ် ဇွန်လတွင် ထွက်ပေါ်လာသော နောက်ထပ်ကြေးနန်းတစောင်အရ သစ်တောဝန်ကြီးဌာနမှ အကြီးတန်း ၀န်ထမ်း ဟောင်း တဦး က အမေရိကန်သံရုံးဝန်ထမ်းတဦးအား ပြောကြားရာတွင် အစိုးရအနေနှင့် ထူးကုမ္ပဏီ နှင့် IGEတို့အား သစ်တောပြန် လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းများလုပ်ရန် လုပ်ပိုင်ခွင့်များ ချပေးထားသော်လည်း ထိုကုမ္ပဏီနှစ်ခုစလုံးက စိုက်ခင်းများသာ စိုက် နေကြသည် ဟု ဆိုသည်။

“သစ်တော ပြန်လည်ပြုစုပျိုးထောင်ရေးကို မြှင့်တင်ဆောင်ရွက်ရမည့်အစား အဆိုပါကုမ္ပဏီများ(ထူး နှင့် IGE) သည် ကျွန်းသစ်များ ပြန်လည် စိုက်ပျိုး နေကြ သည်။ ကျွန်း သစ်စိုက်ပျိုးခြင်းသည် သစ်တောပြန်လည်ပြုစုပျိုးထောင်ခြင်းမဟုတ်ဟု ထိုအရာရှိက ငြင်းပယ် ထားသည်။ ၎င်း စိုက်ခင်းများ၏ ရည်မှန်းချက်သည် အနာဂတ်တွင် ကျွန်းသစ် နိုင်ငံခြားတင်ပို့ရောင်းချရေး အတွက်သာဖြစ်သည်ဟု သူက မှတ်ချက်ပေး ထားသည်”ဟု အဆိုပါ သစ်တော အရာရှိ ဟောင်းကို ကိုးကား၍ ကြေးနန်းတွင် ရေးသား ထားသည်။

What Does the Future Hold for Aung Thaung & Sons? By Seamus Martov ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

ယနေ့ မြန်မာ့ရေးရာသတင်းများ May,31st,2012

( 51 )Burmese comedian makes film about migrant workers in Thailand

( 50 ) Three in Hospital but Hunger Strikers Claim Victory

( 49 )Suu Kyi Steals Show at WEF in Bangkok

( 48 )Japan to develop Burmese stock exchange by 2015

( 47 )Suu Kyi to visit India

( 46 )ဒုက္ခသည်များကို အတင်းအကျပ်ပြန်မပို့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြမည်

( 45 )Reforms and reconciliation

( 44 )ဒေါ်အောင်ဆန်းစုကြည်ကို ဘိုနိုက ဆုချီးမြှင့်မယ်

( 43 )Carr may extend invite to Suu Kyi in Burma

( 42 )ဒေါ်အောင်ဆန်းစုကြည် ထိုင်းဒုဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်

( 41 )Australian Investors Keen To Invest In Thai, Myanmar Energy Businesses

( 40 )ဒေါ်စုနှင့်ခေါင်းဆောင်တချို့ WEF ညီလာခံမှာ သီးခြားတွေ့ဆုံမည်

( 39 )Studies Show Land Rights Key to Saving Forests

( 38 )သတင်းထောက်တွေ နိုင်ငံသမိုင်း သိဖို့လိုကြောင်း အယ်ဒီတာက ပြောဆို

( 37 )Bono to present Amnesty award to Suu Kyi

( 36 )ဒေါ်စုအတွက် AI အမြင့်ဆုံးလူ့အခွင့်အရေးဆုကို Bono ကိုယ်တိုင် ချီးမြှင့်မည်

( 35 )Suu Kyi feted in Thailand

( 34 )ALD နှင့် RNDP ပေါင်းစည်းရန် ဂျပန် အခြေစိုက် ALD တောင်းဆို

( 33 )Myanmar can be link between India, China

( 32 )ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနား မန္တလေး NLD ဦးစီးကျင်းပ

( 31 )‘India no inspiration for democracy’

( 30 )ထိုင်းရောက် မြန်မာအလုပ်သမားတွေနဲ့ ဒေါ်စု တွေ့ဆုံ အားပေး

( 29 )Migrants flock to see Suu Kyi

( 28 )Yangon Crown သံမဏိစက်ရုံ အလုပ်သမား တောင်းဆိုချက်အားလုံး ရရှိ

( 27 )Ajinomoto to start sales in Myanmar next year

( 26 )ထိုင်းအတိုက်အခံ ခေါင်းဆောင်နဲ့ ဒေါ်စု မြန်မာ့အရေးဆွေးနွေး

( 25 )Suu Kyi's promise to Burmese in Thailand

( 24 )Home သတင်း မီဒီယာဌာန ဖွင့်လှစ်

( 23 )Burmese migrants mob Suu Kyi in Thailand

( 22 )ဒေါ်အောင်ဆန်းစုကြည်ကို ဘိုနို က ဆုအပ်နှင်းမည်

( 21 )A Warm Welcome to the One They Call Mother Suu

( 20 )ZNC အမည်ဖြင့်သာ ပါတီတည်ထောင်ခွင့်ပြန်လျှောက်

( 19 )A Power Play Over Power Cuts in Myanmar

( 18 )M-ZINE+ ပုံနှိပ်ဗားရှင်း မဇ္ဈိမ စတင်ဖြန့်ချိ

( 17 )Bono pays tribute to Burma's Suu Kyi ahead of Dublin concert

( 16 )နိုင်ငံ ၂၇ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ပြန်လည် ခွင့်ပြုပြီ

( 15 )A Happy Day, and a Grim Anniversary

( 14 )ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ် သမားများနှင့် တွေ့ဆုံ

( 13 )Suu Kyi gets hero's welcome in Thailand

( 12 )ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီ ညီလာခံစတင်

( 11 )Norway Says IDPs Will Not be Forced Home

( 10 )မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ၀ိုင်းဝန်း တွန်းအားပေးဖို့ ထိုင်းဝန်ကြီး ချုပ် ပြော

( 9 )Australia encourages investment in Burma, despite questions

( 8 )စစ်တပ်မြေတွင် ငှားနေသူများကို ဖယ်ရှားခိုင်း

( 7 )Burma Banking’s New 'Wow' Factor

( 6 )အလုပ်သမားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ၈၈-ခေါင်းဆောင်များ တိုက်တွန်း

( 5 )On first trip out of Myanmar in 24 years, Suu Kyi visits impoverished migrants in Thailand

( 4 )စားသုံးဆီအတုများ တားဆီးရန် ပြည်ထောင်စုအစိုးရတွင် တာဝန်ရှိဟုဆို

( 3 )Burma vs N.Korea—Measuring Reform

( 2 )လူသတ်မှု သံသယရှိသူ ၃ ဦး ဖမ်းဆီးရမိ

( 1 )Thai PM sees side benefits in Burma reforms

Wednesday, May 30, 2012

ဓာတ်ဆီလောင်း မီးရှို့ခံရသည့် အမျိုးသမီး သေဆုံး

ဇော်ဝင်း on May 30, 2012

ရန်ကုန်မြို့ကမာရွတ်မြို့နယ် တိုက်ခန်းတခန်းတွင် မေလ ၂၇ ရက်က ဓာတ်ဆီလောင်း မီးရှို့ခံရသူ အမျိုးသမီးတဦး ရန်ကုန်ဆေးရုံ ကြီး ၌အ တွင်းလူနာအဖြစ် ကုသမှုခံယူစဉ် ယမန်နေ့က သေဆုံးသွား သည်။

“မီးလောင် ဒဏ်ရာက တော်တော်များတာ၊ ကျောက်ကပ်အထိ ထိသွားတယ်လို့ ပြောတယ်၊ ဒီနေ့ ၃ နာရီကျော်ကပဲ ဆုံးသွားပါတယ်”ဟု အိမ် နီးချင်း အမျိုး သားတဦးက မေလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ပြောပြသည်။

၎င်းက“ဒဏ်ရာက တော်တော်များတယ်၊ မြင်မကောင်းအောင် ပါပဲ၊ အဲဒီနေ့ ည ၈ နာရီလောက်မှာ သတိလစ်သွားသေးလို့ အဲဒီနေ့ကတည်းက သေပြီလို့တောင် ဆေးရုံ လိုက်ပို့ပေးကြတဲ့လူတွေက ထင်ခဲ့ သေးတယ်”ဟုလည်း ဆက်လက် ပြောဆိုသည်။

မေလ ၂၇ ရက်နေ့ ကမာရွတ်မြို့နယ် ၃ ရပ်ကွက် လှည်းတန်း ၇ လမ်း အမှတ် ၂၈၊ ဒုတိယထပ် (သုံးလွှာ)တွင် ညီမဖြစ်သူနှင့် အတူ နေထိုင် သော မအေးမြတ်မွန် အသက် ၂၆ နှစ်သည် နေအိမ် တိုက်ခန်း အတွင်းတွင် အမျိုးသားတဦးနှင့် စကားများ ရန်ဖြစ်ပြီး နောက် ဓာတ်ဆီ လောင်းမီးရှို့ခံရမှု ညနေ ၆ နာရီ ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မီးရှို့တဲ့ အမျိုးသားက သူ့ ရည်းစားလို့ ထင်တာပဲ၊ မကြာခဏ ဒီတိုက်ခန်းကို လာလည်တာ တွေ့ရတယ်၊ ညဘက်ဆို ပြန်ပြန်သွားတယ်၊ အခု သမီးရည်း စားချင်း ရန်ဖြစ်ရာကနေ လက်လွန်ခြေလွန် လုပ်တာပါ”ဟု သေဆုံးသူ၏ အိမ်နီးချင်း အမျိုးသမီးတဦးကပြော သည်။

အခင်း ဖြစ်ပွားသည့် နေ့တွင် အမျိုးသား ဖြစ်သူက တံခါးဖွင့်ခိုင်းခဲ့ပြီး မဖွင့်ပေးပါက အခန်းအား ဓာတ်ဆီလောင်း မီးရှို့မည်ဟု ခြိမ်း ခြောက် ပြောဆိုခဲ့သဖြင့် မအေးမြတ်မွန်က တံခါးဖွင့်ပေးခဲ့ကြောင်း၊ အ ခန်းတွင်းတွင် ထပ်မံစကားများ ရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူ က ရေသန့်ဘူး နှင့် ယူဆောင်လာသည့် ဓာတ်ဆီဖြင့် ပက်ကာ မီးရှို့ခြင်း ဖြစ်သည်ဟု အသက် ၂၄ နှစ်ခန့်ရှိ ညီမဖြစ်သူကပြောပြ ကြောင်း လည်း အထက်ပါ အိမ်နီးချင်းအမျိုးသမီးက ဆိုသည်။

“သူ့ ညီမလည်း ခြေထောက်မှာ မီးလောင်ဒဏ်ရာ ရသွားတယ်၊ တံခါးမှာလည်း မီးတွေလောင်နေတော့ သူ့ညီမက ၀ရန်တာ ကနေ တဘက် ခန်းကိုကျော် ထွက်ပြေး လာပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းမှ လမ်းထဲက လူတွေက သိရတာပါ”ဟု ၎င်းကပြော သည်။

ထို့နောက် အခန်းမှ မီးခိုးများ ထွက်လာသည်ကို အိမ်နီးချင်းများက တွေ့ရှိပြီးနောက် အခန်းတံခါးကို ဖျက်ဝင်၍ မီးငြိမ်းသတ်ပြီး အမျိုးသမီးကို ကယ်ထုတ်ခဲ့ရသည်ဟု ဆိုသည်။

“မိန်းကလေးက ရေချိုးခန်းထဲဝင်ပြီး ကိုယ်ပေါ်မှာလောင်နေတဲ့မီးကို ငြှိမ်းဖို့ ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမယ့် ရသွားတဲ့ ဒဏ်ရာတွေက မ နည်း ပါဘူး၊ တစ်ကိုယ်လုံး ပါပဲ၊ လမ်းသူလမ်းသားတွေက သူ့ကို စောင်နဲ့ ပတ်ပြီး ခေါ်ထုတ်လာရတယ်”ဟု အိမ်နီးချင်းရှိ မုန့်အရောင်းဆိုင်မှ အမျိုး သမီး တဦးက ပြောပြ သည်။

သေဆုံးသူ အမျိုးသမီးသည် ပဲခူးတိုင်း မင်းလမြိှု့ ဇာတိဖြစ်ပြီး ရန်ကုန်မြို့ ပါရမီ ဆေးခန်းတွင် အလုပ်လုပ်နေသော ဆရာဝန် တဦး ဖြစ် ကြောင်း လည်း မုန့်အရောင်းဆိုင်မှ အမျိုးသမီးက ဆိုသည်။

“လမ်းသူလမ်းသားတွေ တက်ပြီး မီးငြှိမ်းတော့ မီးရှီု့တဲ့သူကို ၀ရန်တာမှာ တွေ့လို့ ၀ိုင်းဖမ်းပြီး ရဲလက် အပ်လိုက် ပါတယ်၊ ရဲတွေကော မီးသတ် ကားတွေကော မီးငြှိမ်း ပြီးမှ ရောက်လာတာပါ”ဟု ၎င်းက ပြောသည်။

မီးရှို့၍ဖမ်းဆီးခံရသော အမျိုးသားမှာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် လင်းလွန်းတောင် ရပ်ကွက် သရ၀ဏ်၂ လမ်း အမှတ်၂၄ တွင် နေထိုင် သူ အသက် ၂၅ နှစ်ခန့်ရှိ ကိုလွင်ဦး ဆိုသူ နိုင်ငံခြားသင်္ဘောသား တဦးဖြစ်ပြီး မကြာသေးခင်က နိုင်ငံခြားမှ ပြန်ရောက် လာ သူ ဖြစ်သည်။

ထို ကိုလွင်ဦး ဆိုသူအား နေအိမ်မီးရှို့မှု၊ အပြင်းအထန် ထိခိုက် နာကျင်စေမှု တို့ဖြင့် ကမာရွတ် ရဲစခန်းက (ပ)၂၃၀/၂၀၁၂ ပုဒ်မ ၄၃၀/၃၂၀ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“အမှန်က ဒါက လူသတ်မှုပါ လူတယောက်ကို ဓာတ်ဆီလောင်းပြီး မီးရှို့တယ်ဆိုတာ ၊ သေစေဖို့ ရည်ရွယ်ချက်ရှိပါတယ်၊ နောက်ပြီး အသင့် ပါလာတဲ့ ဓာတ်ဆီဘူးနဲ့ လောင်းပြီး မီးရှို့တယ် ဆိုတာကလည်း ကြိုတင် ကြံစည်မှု မြောက်ပါတယ်”ဟု သေဆုံးသူနှင့် တလမ်းတည်း နေထိုင် သူ အမျိုးသားကြီး တဦးက ပြောဆိုသည်။

ဇွန်လ၂ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည် မယ်လ ဒုက္ခသည် များကို သွားတွေ့မည်

နန်းသူးလေ (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည်များ ကို လာမည့် ဇွန်လ ၂ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင် ဆန်းစုကြည်က သွားရောက်တွေ့ဆုံမည်ဟု သူမ၏ ထိုင်းခရီးစဉ်၌ ကူညီ ဆောင် ရွက်ပေးနေသူ KNU/KNLA ငြိမ်းချမ်း ရေးကောင်စီမှ နိုင်ငံခြား ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဒေါက်တာတီမသီက ယနေ့ အတည်ပြု ပြောကြားလိုက်သည်။

“(မယ်လ)ဒုက္ခသည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ အရင်သွားတွေ့မယ်။ ဒုက္ခ သည်တွေရဲ့ ပြဿနာတွေကို သူ(ဒေါ်စု) သိအောင်လုပ် မယ်။ အဓိကတော့ လူထု တွေရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲ ဒုက္ခ ခံနေ ရတာကို သူ့အနေနဲ့ လက်တွေ့ကျကျ သိဖို့ သူသွား မှာပေါ့။”ဟု သူက ပြောသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ထိုင်းအစိုးရနှင့် ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်နေရာများနှင့် တွေ့ဆုံလို သည့် အဖွဲ့အစည်းများကို လိုက်လံဆက်သွယ်ကာ ကူညီ လုပ်ဆောင် ပေးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ဇွန်လ ၂ရက်နေ့ နံနက် ၉နာရီခွဲအချိန်တွင် လေကြောင်းလိုင်းဖြင့် မဲဆောက်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ထိုမှတဆင့် မယ်လဒုက္ခသည် စခန်းသို့ သွားရောက်ပြီးမှသာလျှင် မယ်တော်ဆေးခန်း တည်ထောင်သူ ဆရာမ ဒေါက်တာစင်သီယာမောင် အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ နှင့် မဲဆောက်တွင် ဆက်လက် တွေ့ဆုံသွားမည်ဟု ဒေါက်တာတီမသီက ကေအိုင်စီသို့ ပြောသည်။

ဒေါက်တာတီမသေက “ကျနော်တို့အဖွဲ့အတွက်ပဲ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးရဲ့ လိုလားမှုအားလုံး အ ပေါ်မှာလည်း ကျနော်တို့အနေနဲ့ ဆောင်ရွက်ပေးတာပါ”ဟု ဆိုသည်။

အလားတူ ကရင်ဒုက္ခသည်များကော်မတီ(KRC)၏ အတွင်းရေးမှူးစောဂျော့က “ဒေါ်စု မယ်လစခန်းကို ဇွန်လ ၂ရက်နေ့မှာ လာမယ့်အ ကြောင်း မယ်လစခန်းက ပလာ(ထိုင်းအာဏာပိုင်)က ကျနော်တို့ကို ဒီနေ့ပဲ ဆက်သွယ်ပြောပြလာတယ်။ အဓိကတော့ စခန်းကော်မတီ တွေကို ဒီရက် ပိုင်း ဘယ်မှမသွားသေးဖို့တော့ ပလာက ပြောထားတယ်”ဟု ကေအိုင်စီသို့ ယနေ့ညနေက အတည်ပြု ပြောဆိုခဲ့သည်။

သို့သော် မဲဆောက်တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံမည်ကို ကြားသိထားမှုသာရှိပြီး အချိန်အတိအကျ မသိရသေးကြောင်း က ရင်အမျိုးသားအစည်းအရုံး-KNU အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၀ရက်မှ ဇွန်လ ၁ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်မည့် ကမ္ဘာ့ စီးပွားရေး နှီးနှော ဖ လှယ် ပွဲ-WEF တွင် တက်ရောက်ရန် ပြည်ပခရီးစဉ်အဖြစ် ယမန်နေ့ည ၉နာရီကျော်က ထိုင်းလေကြောင်းလိုင်းဖြင့် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘုံမိလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

၁၉၈၈ခုနှစ်နောက်ပိုင်းမှစ၍ နေအိမ်အကျယ်ချုပ်ဖြင့် အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ခုနှစ်၊ ရွေး ကောက် ပွဲအပြီးတွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်၍ တနှစ်ကျော်အကြာ ပထမဆုံး ပြည်ပခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ် သည်။

ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ညတွင်းချင်း ဖမ်းမိ

နိရဉ္စရာ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ညတွင်းချင်း ရဲအဖွဲ့က ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။

ဖမ်းမိသူ (၃) ဦးမှာ ရမ်းဗြဲမြို့နယ် ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ဖြစ်ကြသည်။ သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

ထက်ထက်ဆိုသူ အား ရမ်းဗြဲမြို့တွင် မုဒိမ်းပြုကျင့် သတ်ဖြတ်ခံရသူ မသီတာထွေးလက်ဝတ် လက်စားများနှင့် အတူ ဖမ်းဆီးမိခဲ့ကြာင်း သိရ သည်။ ကျန် နှစ်ဦးအား ကျောက်ထရံကျေးရွာမှပင် ယမန်နေ့ ညဉ့်က ဖမ်းဆီးမိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ တရားခံ သုံးဦးစလုံးကို မိပါပြီ။ ကျေးရွာပေါင်း ၁၁ ရွာခန့်က လူတွေ ကျောက်နီမော်ကို ချီတက်လာပြီး ရဲစခန်းကို ၀ိုင်းပြီး တောင်းဆို ကြ တယ်။ တရားခံတွေကို ချက်ချင်း ဖေါ်ထုတ်ပြီး ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ကျောက်နီမော် ဒေသခံက နိရဉ္စရာသို့ ပြောသည်။

ယမန်နေ့က ကျောက်နီမော် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၁ ခန့်က ဒေါသထွက်နေသော ရခိုင် လူအုပ်ကြီးသည် ကျောက်နီမော် ရဲစ ခန်းအား ၀ိုင်းဝန်းလိုက်ကြပြီး လူသတ် တရားခံများကို အမြန် ဆုံး ဖမ်းဆီး အရေးယူဖေါ်ထုတ်ရန် တောင်းဆိုခဲ့ကြသည်။

“ လူပေါင်း ၈၀၀ ကနေ ၁၀၀၀ ထိ ရှိမယ်ထင်ပါတယ်။ လူတွေက တော်တော့ကို ဒေါသ ထွက်နေကြတယ်။ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် တာဝန်ရှိသူတွေနဲ့ ရဲအဖွဲ့က မနည်း တားဆီးခဲ့ရတယ်။ မဟုတ်ရင် ပြဿနာ တော်တော်ကြီးကျယ်သွားနိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

ဒေါသထွက်နေသော လူအုပ်ကြီးသည် ကျောက်နီမော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်း နေအိမ်တွင် သင်္ကာမကင်းခံရ၍ တစ်ခြား အစ္စ လာမ်ဘာသာဝင် လူငယ် (၂) ဦးအား စစ်ဆေး မေးမြန်း နေ သည်ကို လူသတ် တရားခံများ အဖြစ် တင်မှတ်ကာ အဆိုပါ လူငယ် ၂ ဦးအား အသေ သတ်ရန် ၀ိုင်းဝန်း ချီတက် လာသည်ကို ရဲအဖွဲ့က လမ်းမှ တားဆီး ခဲ့ရ သည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ အခြေအနေများကြောင်း အဆိုပါ တရားခံ (၃) ဦးအား ညဥ့်တွင်းချင်း ကျောက်ဖြူသို့ ယူဆောင်သွားရကြောင်း သိရသည်။

ယနေ့ ကျောက်နီမော် အခြေအနေမှာ ငြိမ်သတ်ပြီး နံနက်ဈေးတွင် လူသူ မရှိဘဲ ခြောက်ကပ် နေကြောင်း မျက်မြင်များက ပြောသည်။ ၎င်းပြင် တစ်ရွာနှင့် တစ်ရွာအကြား ကူးသန်း သွားမူ ရပ်ဆိုင်းနေပြီး အဓိကအားဖြင့် အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု ဆိုသည်။

သေဆုံးသွားသူ မသီတာထွေး (၂၆) နှစ်အား ယနေ့ နေ့လည်ပိုင်းတွင် သဂြိုလ်မည် ဖြစ်ရာ ပြဿနာများ မပေါ်ပေါက်အောင် ရပ်မိ ရပ်ဖများ နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ကြပ်မတ် ဆောင်ရွက် နေကြောင်း သိရသည်။

မသီတာထွေးသည် သူမနေထိုင်ရာ သပြေချောင်ကျေးရွာသို့ ကျောက်နီမော်ကျေးရွာမှ အပြန်တွင် မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ် သုံးဦး မုဒိမ်းကျင့် သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်။ မျက်မြင်များ အပြော အရ သူမလည်ပင်းအား လှီးဖြတ် ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ်ထိုးသတ်ကာ အမျိုးသမီး အင်္ဂါစပ်များအားလည်း ဓါးဖြင့် ချေမွထားကြောင်း သိရသည်။

ယခုကဲ့သို့ လူမဆံစွာ ကျူးလွန်ထားမူအပေါ် ဒေသခံ ရခိုင်များက အထူး ဒေါသထွက်လျှက်ရှိနေကြောင်း သိရသည်။

( အမှားပြင်ချက်။ ။ ယခင် သတင်းတွင် မသီတာထွေး အသက်အား ၁၆ နှစ်ဟု မှားယွင်းစွာ ဖေါ်ပြ ပါရှိသွားပါသည်။ သူမမှာ သေဆုံးချိန်တွင် အသက် ၂၆ နှစ်ရှိပြီ ဖြစ်ကြောင်း သိရပါသည်။)

စက်ရုံလုံခြုံရေးနှင့် ဆန္ဒပြအလုပ်သမားများ ရုန်းရင်းဆန်ခတ်ဖြစ်

နော်နိုရင်း

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ၁ မှာရှိတဲ့ တော်ဝင်မြန်မာ ဇာထိုးပန်ထိုး စက်ရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ စက်ရုံ တာဝန် ရှိသူတွေ အကြား ဒီနေ့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံရှေ့မှာ လစာတိုးမြှင့်ရေး ဆန္ဒပြနေတဲ့ အလုပ်သမားတွေထဲက အမျိုးသမီး ၃ ယောက်ကို စက်ရုံ လုံ ခြုံရေးက ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့တဲ့အတွက် ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့တာပါ။

အခင်းဖြစ်ပွားရပုံနဲ့ ပတ်သက်ပြီး ကျူးလွန်ခံရတဲ့ မအေးမြက “ပထမဆုံး ဂိတ်စောင့် အဒေါ်ကြီး တယောက် ထွက်လာပြီးတော့ သမီးတို့ကို လမ်းဖယ်ပေးဖို့ ပြောပါတယ်။ လူထွက်ရင် ဖယ်ပေးမယ် ပစ္စည်း ပုံးတွေ ဘာတွေ သယ်ခွင့် မရှိဘူးလို့ သမီးတို့က ပြောတဲ့အချိန်မှာ အဲဒီ အ ဒေါ်ကြီးက ပြန်ဝင်သွားပြီးတော့ ဂိတ်စောင့် ဦးမောင်နိုင် အပြင်ကို ထွက်လာပါတယ်။ မိန်းကလေးတွေ စားသောက်နေတဲ့ ထမင်း ဝိုင်းကို တက်နင်းပြီးတော့ သွားပါတယ်။ ပြီးတော့ နောက်က ကျော်ဇင်ထက် ဆိုတဲ့သူက ဇာပုံးတပုံးကို ထမ်းပြီးတော့ အပြင်ကို ထွက်လာပါတယ်။ ထွက်လာတဲ့အထိ မသဲဖြူမာက အပြင်ကို ဇာပုံးပေးထွက်လို့ မရဘူး။ လူထွက်ချင်ရင် ထွက်ဆိုပြီးတော့ ဇာပုံးကို လှမ်းဆွဲလိုက်တယ်။ လှမ်းဆွဲ တဲ့အချိန်မှာ အဲဒီအစ်ကိုက ပုံးကို ပစ်ချပြီးတော့ မသဲဖြူမာရဲ့ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပါတယ်။ ဆုပ်ကိုင်ပြီးတော့ သူတို့ ၂ ယောက် သတ် ပုတ်နေကြပါတယ်။

“သတ်ပုတ်နေတဲ့အချိန်မှာ သမီးက ဝင်ဆွဲတယ်။ ဝင်ဆွဲတဲ့အချိန်မှာ ပထမဆုံးထွက်လာတဲ့ ဦးမောင်နိုင်ကနေပြီးတော့ မသဲဖြူမာရဲ့ နောက်က နေ ဆံပင်ကို ရစ်ပြီးတော့ ပါးရိုက် လိုက်ပါ တယ်။ ပါးရိုက်တဲ့ အချိန်မှာ ပြည့်စုံမွှေးကနေပြီးတော့ သူ့ကို မလုပ်ဖို့တားတော့ ပြည်စုံမွှေး ကို ခြေ ထောက် နဲ့ စောင့်ကန်လိုက်ပါတယ်။ မသဲဖြူက မြေပေါ် ဖင်ထိုင်လဲကျသွားပါတယ်။ အဲဒီနှစ်ယောက်က သမီး ဝိုင်းဆွဲနေလို့ ဆိုပြီး သမီး အင်္ကျီ ကိုခါးကနေ သိုင်းပြီးတော့ ရင်ဘတ်ရောက်တဲ့အထိ စုတ်ဖြဲလိုက်တယ်။ အဲဒီမှာ ဦးမောင်နိုင်က သမီးကို တွန်းလှဲလိုက်တယ်။ သမီး မြေပြင်ပေါ် ပက်လက် လဲသွား တယ်ပေါ့ နော်။”

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စက်ရုံတာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရပါဘူး။ တော်ဝင်မြန်မာ စက်ရုံမှာ အလုပ်သမား ၂ ထောင်လောက်ရှိပြီး ၁ ထောင်က အခြေခံ လစာ ၃ သောင်းတိုးပေးဖို့၊ တနင်္ဂနွေမှာ အလုပ်ပိတ်ပေးဖို့နဲ့ စနေနေ့မှာ ၄ နာရီခွဲပဲ အလုပ်ဆင်းရရေး အတွက် ပြီးခဲ့တဲ့ စနေ နေ့က စတင် ဆန္ဒပြခဲ့ကြတာပါ။

စက်ရုံ လုံခြုံရေးတွေရဲ့ ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး လှိုင်သာယာရဲစခန်းကို သွားရောက် အမှုဖွင့်ထားတယ် လို့ ပြောပါတယ်။

လှိုင်သာယာစက်မှုဇုန် အမှတ် ၁ မှာရှိတဲ့ Hall Mark အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ လောက်က လည်း လစာတိုးမြှင့်ရေး ဆက် လက် ဆန္ဒပြနေကြပါတယ်။

အလားတူ လှိုင်သာယာစက်မှုဇုန်တွေမှာရှိတဲ့ မြန်မာစန္ဒီ၊ အက်စကွဲ၊ နယူးနဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေ ဟာ မေ ၂၉ ရက်နေ့က စပြီး အခြေခံ လစာတိုးမြှင့်ရေး ဆက်လက် ဆန္ဒပြနေကြပါတယ်။

အလုပ်သမား ၁၂၀၀ လောက်ရှိတဲ့ မြန်မာစန္ဒီဖိနပ်စက်ရုံက အလုပ်သမားတွေကတော့ သူတို့အနေနဲ့ အခြေခံ လစာ ၁၈,၀၀၀ ကနေ ၃၀,၀၀၀ အထိ တိုးပေးဖို့ ဆန္ဒပြတာလို့ အလုပ်သမား တဦးက ပြောပါတယ်။

ဆန္ဒပြမှုများတွင် ပါတီများမပတ်သက်ရန် ခေါ်ယူသတိပေး

ခင်ဦးသာ on May 30, 2012

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး (ဓာတ်ပုံ - Reuters)

လျှပ်စစ်မီး ရရှိရေးနှင့်လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုနေကြသည့် လူထုလှုပ်ရှားမှု များ၌ နိုင်ငံရေးပါတီ များ ပါဝင် ပတ် သက်ခြင်း မပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေး လိုက်သည်။

နိုင်ငံရေးပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာပါမည်ဟု ၀န်ခံကတိပြုထားပြီး ဖြစ်ကြောင်း၊ ထို ၀န်ခံချက်အား ပါတီဝင် တဦးဦးက ချိုးဖောက်လျှင် ၎င်းအား ပါတီဝင် အဖြစ်မှ ထုတ်ပယ်နိုင်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပါတီ များ နှင့်တွေ့ ဆုံစဉ် ပြောဆိုခဲ့သည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ရေးသားထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်း သား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) စသည့် ပါတီများ ကို နေပြည် တော်သို့ ယမန်နေ့က ခေါ်ယူတွေ့ဆုံ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က တွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံ၌ ပါဝင်သည့် မူဝါဒများကို ဖတ်ပြကြောင်း၊ လက်ရှိဆန္ဒပြမှုများ၌ ပါတီတချို့ပါဝင် ပတ်သက်သည်ဟု တိုင် ထားကြကြောင်းနှင့် မဖြစ်နိုင်သည့်အရာများကို ပါတီများ အနေဖြင့် တွန်းအား မပေး ကြရန် ဦးတင်အေး ရှင်းပြကြောင်း NDF ပါတီ၏ ဗဟိုအဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးစိုးဝင်းက ဧရာဝတီကို ပြောသည်။

၎င်းက “စက်ရုံ၊ အလုပ်ရုံ ၂၀ လောက်ဆန္ဒပြနေကြတာမှာ ၁၃ ရုံလောက်က ညှိနှိုင်းလို့ရပြီ၊ ၄ ရုံကတော့ နိုင်ငံရေးပါတီတွေက အားပေးနေ တဲ့အတွက် ညှိမရ ဖြစ်နေ တယ်ဆိုပြီး တိုင်တာတွေရှိတယ်၊ အဲဒီအထဲမှာ နာမည်ထုတ်ပြောတာက NLD၊ NDF တို့ ပါနေတယ်” ဟု ဆိုသည်။

နိုင်ငံရေးပါတီများသည် ပြည်သူ့ ကိုယ်စားပြုဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ပြည်သူတို့၏ အခက်အခဲများကို ကူညီဖြေရှင်း ပေးရန် တာဝန်ရှိကြောင်း၊ အလုပ်သမားရော၊ အလုပ်ရှင်ပါ ပြည် သူများ ဖြစ်သည့်တိုင် ဒုက္ခ အခက်အခဲ ခံစားနေရသူများမှာ အလုပ်သ မား များသာ ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောသည်။

“ကျနော်ကိုယ်တိုင် လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ အလုပ်သမားတွေနဲ့ တွေ့ဖို့ရှိပါတယ်။ သူတို့ကို ဘာလုပ်ပေးနိုင်မလဲပေါ့။ လွှတ်တော် အနေနဲ့လည်း ဖြေရှင်းပေးဖို့ လိုတာပေါ့” ဟု သူက ဆက်ပြောသည်။

နိုင်ငံရေးပါတီများသည် ဥပဒေ ပုဒ်မ ၄၀၄ (ခ) အရ “နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်” ဆိုသည့်အချက်နှင့် ပုဒ်မ ၄၀၅ (ခ) ၌ ပါဝင်သော “ဤဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမည်” ဟု ပါတီ မှတ်ပုံတင်စဉ်ကပင် ၀န်ခံကတိ လက် မှတ်ထိုးပြီး ဖြစ်ကြောင်း၊ ၀န်ခံချက်အား ချိုးဖောက်လျှင် ပါတီမှ ထုတ် ပယ်သည်အထိ အရေးယူနိုင်ကြောင်း ဦးတင်အေးက ဆိုသည်။

လျှပ်စစ်မီး ပြဿနာသည် ယခုမှ ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း၊ ထိုကိစ္စအား အစိုးရသတင်းစာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြမပေးဘဲ သတင်းထိန်ချန် ထားကြောင်း စသည့် ကိစ္စတို့ကို ပြန်လည်ဆွေးနွေးခဲ့သည်ဟု NLD ပါတီ၏ ပြောခွင့်ရသူနှင့် လွှတ်တော်ကိုယ်စားလှယ် ဦး အုန်းကြိုင်က ပြောသည်။

၎င်းက “မီးပြဿနာက ကြာပြီ၊ ဒါကို အဓိက ဖြေရှင်းပေးဖို့ တာဝန်က အစိုးရဖြစ်တယ်၊ အစိုးရ သတင်းစာတွေကလည်း သ တင်းတွေ အ မှောင် ချထားတော့ အ ကြောင်းစုံကို အခု ခေါ်ပြောတော့မှပဲ ကျနော်တို့က သိရတာပါ” ဟု ဆိုသည်။

မိမိတို့၏ လိုအပ်ချက်များ တောင်းဆိုခြင်းသည် ပြည်သူတို့၏ လွတ်လပ်ခွင့်ဖြစ်ကြောင်း၊ ပြည်သူတို့၏ လွတ်လပ်ခွင့် အား ကာကွယ်ပေးရေး တာဝန်သည် ၎င်းတို့ပါတီ၏ အခြေခံမူပင် ဖြစ်ကြောင်း ဦး အုန်းကြိုင်က ပြောသည်။

လူထု ဆန္ဒပြပွဲများသည် ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာ၊ ပုသိမ် စသည့် ဒေသများ၌ ဆက်တိုက်ဖြစ်ပေါ်နေပြီး တပြည်လုံး အုံကြွမှု ဖြစ်လာမည့် အရေးကို အစိုးရ အာဏာပိုင်များက စိုးရိမ်လျှက် ရှိသည်။ မှော်ဘီမြို့နယ် သံမဏိစက်ရုံမှ အစာငတ်ခံ ဆန္ဒပြသည့် အလုပ်သမား တချို့ ကို လည်း ဆေးရုံ သို့ ပို့ဆောင် ခဲ့ရသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းစ၊ နုနယ်သော ကာလတွင် လိုအပ်ချက်များ ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပြီး နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု ပူးပေါင်း ဆောင်ရွက်နေသည့် ကာလတွင် မလိုလားအပ်သောဆူပူ အကြမ်း ဖက်မှု ကြောင့် တုံ့နှေးသွားမည့် အခြေအနေမျိုး မဖြစ်ရန် အလေးထားဖို့ လိုကြောင်း ဦးတင်အေးက ဆိုသည်။

ဦးတင်အေးက “မဖြစ်နိုင်သေးတာတွေကို ဆန္ဒစော အတင်းတွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် မိမိအတွက်ရော နိုင်ငံအ တွက်ပါ အကျိုးမရှိ၊ မလိုလား အပ်တဲ့ ဆူပူမှု တွေ ဖြစ်လာရင် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး ကိုထိခိုက် စေတယ်” ဟုဆိုကြောင်း သတင်းစာ များ၌ ဖော်ပြ ထားသည်။

နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ရှင်းလင်းရာတွင် ဦးတင်အေးနှင့်အတူ အမှတ် ၂ လျှပ်စစ်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်သန်းဦး၊ အလုပ်သမား ဒု ၀န်ကြီး ဦးမြင့်သိန်းတို့ကလည်း လက်ရှိ ဆန္ဒပြမှု အခြေအနေများ၊ ၎င်းတို့ဌာနများမှ ဖြေရှင်းပေးနေသည့် အခြေအနေများ၊ အခက် အခဲ များကို ရှင်းလင်းပြခဲ့ကြကြောင်း ပါတီ ခေါင်းဆောင်များက ပြောသည်။

အစိုးရ အာဏာပိုင်တို့၏ ခေါ်ယူဆွေးနွေး အသိပေးခြင်းသည် ၎င်းတို့၏ မူဝါဒကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်ပြီး ပြည်သူတို့၏ အခက် အခဲ များကို ကူညီ ဖြေရှင်း ပေးရေး ကိစ္စသည် နိုင်ငံရေးပါတီများ၏ မူဝါဒ ဖြစ်ကြောင်းလည်း နိုင်ငံရေး ပါတီများက ဆို သည်။