Monday, June 17, 2013

မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဌ နိုင်ရဿ ကွယ်လွန်ခြင်း

ရွှေဟင်္သာ

မွန်ပြည်သစ် ပါတီဒုတိယ ဥက္ကဥ နိုင်ရဿသည် ယမာန်နေ့ ဒေသ စံတော်ချိန် ည (၈) နာရီ (၂၃) မိနစ်တွင် ထိုင်းနိုင်ငံ စံခလဘူရီမြို့ ဆေးရုံ၌ အဆုတ် ကင်ဆာရောဂါဖြင့် ကွယ်လွန် သွားပါသည်။ ၄င်းကွယ်လွန်ချိန်တွင် ဇနီးသည် မိတနိုင်း ဗလိုနှင့် သမီး (၄)ဦး သား(၁) ဦး ကျန်ရစ်ခဲ့ပါသည်။ ဈာပဏကိုမူ ဇွန်လ (၂၁) ရက်နေ့တွင် ထိုင်းနိုင်ငံ ဘုရားသုံးဆူမြို့ရှိ ဂျပန် ရေတွင်း ကျေးရွာ၌ သင်းဂြိုဟ်ကြမည်ဖြစ်သည်။

ဒုတိယ ဥက္ကဌသည် အသက် (၆၇) နှစ် ရှိပြီး၊ ပြီးခဲ့သည့် ဇန္နာဝါရီ လတွင် သင်္ကန်းကျွန်း စံပြဆေးရုံ၌ တက်ရောက် ကုသခဲ့ ရပါသည်။ ထိုမှတဆင့် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံသို့ တက်ရောက် ကုသ ခဲ့ရပါသည်။ ဘန်ကောက် ဆေးရုံတွင်လည်း အခြေအနေ ထူးခြားလာခြင်း မရှိသဖြင့် ဧပြီလနှောင်းပိုင်းတွင် ထိုင်းနိုင်ငံ စံခလဘူရီ ဆေးရုံသို့ ပြောင်းရွှေ့လာရာမှ ယမာန်နေ့ည (၈) နာရီ (၂၃) မိနစ်တွင် ကွယ်လွန် သွားခဲ့ခြင်း ဖြစ်ပါသည်။

ဒုတိယ ဥက္ကဌသည် ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းဆင်း ဖြစ်ပြီး ၄င်းအသက် (၂၅)နှစ် ဖြစ်သည့် (၁၉၇၁) ခုနှစ် တွင် မွန်ပြည်သစ် ပါတီသို့ ရောက်ရှိ လာခဲ့ပါသည်။ သူသည် (၁၉၈၁)ခုနှစ် မွန်ပြည်သစ် ပါတီ နှစ်ခြမ်းကွဲစဉ် ပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး (၂၀၀၆) ခုနှစ်တွင် ပါတီ ဒုတိယ ဥက္ကဌ ဖြစ်လာ ခဲ့ပါသည်။

No comments: