Saturday, June 8, 2013

ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် ကာလအတွင်း တခြားပဋိပက္ခ ပြဿနာများ မဖြစ်ပွားစေလိုဟု အစိုးရပြော

ဖဲဘူး ၊ ဝီလျံရှိန်း

ကယားပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလအတွင်း ငြိမ်းချမ်းရေးကို အနှောက်အယှက်ဖြစ်ပေါ် စေမည့် ပဋိပက္ခပြဿနာများ မဖြစ်ပေါ်စေလိုကြောင်း ပြည်နယ်အစိုးရကအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ပြောပါတယ်။

“ပြည်နယ်အစိုးရ အဖွဲ့အနေနဲ့တော့ ကျနော်ဆန္ဒသဘောထားနဲ့ ပြောမယ်ဆိုရင် ပြဿနာက တစ်ခုမှ မဖြစ်စေချုင်ဘူးပေါ့. ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးကို ပီပြင်အောင်ဆောင်ရွက်နေတဲ့ အချိန်မှာ တခြားကိစ္စပေါ့နော် . မကျေမလည် မဖြစ်စေချုင်ဘူးပေါ့."

မေလ ၂၇ ရက်နေ့ မော်ချီးမြို့မှာ မူဆလင်ဝင်အိမ်တွေကို မော်ချီးသတ္တု တူးဖော်နေကြတဲ့ ဗမာလုပ်သားတွေက ဖျက်ဆီးခဲ့တဲ့ ပဋိပက္ခပြဿနာတွေကြောင့် အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မထိခိုက်စေလိုကြောင်း ပြောသွား တာပါ။

"ကယားပြည်နယ်လည်းပဲ တချိန်လုံးလွတ်လွတ်လပ်လပ် မနေခဲ့ရဘူး၊ မငြိမ်းချမ်းခဲ့ဘူး. အခု ဒီနေ့ဒီချိန်မှာ ငြိမ်းချမ်းခါစ ဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့ တိုင်းရင်းသားအားလုံး ကျနော်တို့ ပြည်နယ်မှာ နေတဲ့လူ အားလုံး ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းပြီး အင်တိုက်အားတိုက်ဆောင်ရွက် ရမယ့်အချိန်မှာ ဒီလိုပြဿနာမျိုးတွေ ဆုံးရှုံးမှုတွေ နစ်နာမှုတွေ အထင်လွှဲမှုတွေ စိတ်ပူ ပင်သောက ဖြစ်ရတဲ့ အဖြစ်မျိုးတော့ မရောက်စေချင်တော့ဘူးပေါ့လေ"

လက်ရှိကယားပြည်နယ်အနေနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ အစိုးရအပစ်အခတ်ရပ်စဲထားတာ တနှစ်ကျော်ရှိနေပါပြီ။

ယခုလိုအရေးကြီးနေသည့် အချိန်ကာလအတွင်း မော်ချီးမှာဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ ဆက်လက် မကူးစက် သွားနိုင်ဖို့အတွက် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်တိုင်းမှာလည်း အလည်အပတ် ရောက်လာသည့်သူတိုင်းကို ဧည့်စရင်းတိုင်ကြားခြင်း၊ ပြည်မဘက် မှရောက်ရှိတဲ့ မူဆလင်ဝင်ဧည့်သည်တွေကို စောင့်ကြည့်ထားရှိခြင်း နှင့် မော်ချီးဘက်မှနေထိုင်သူကို နေရပ်သို့ ပြန်ပို့ထားကြောင်း သိရပါတယ်။

"ဒီိလိုကာကွယ်လောက်အောင် ကျနော်တို့အခုကတော့ နည်းနည်းကြပ်ထားတာပေါ့၊ ကြပ်တယ်လို့ ပြောရမှာပေါ့ လူဝင်လူထွက်လူပိုပေါ့နော်. ဘယ်လိုလှုပ်ရှား ဘယ်လိုသွားလာနေသလဲ. ဒီမူဆလင်ပဲ ပြောပြော ပေါ့. ဒီလို ဒီကိစ္စမျိုးနဲ့ ဆက်နွယ်ပြီးတော့မှ ပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေ ပေါ့နော်. မပြောနိုင်အောင် မစည်းရုံး မတိုက်တွန်းနိုင်အောင်တော့ ကျနော်တို့ ဧည့်စရင်းတို့ ဘာတို့ပေါ့. ဒါလည်းပဲ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကျနောတို့ နည်းနည်းတော့ ဧည့်စရင်းတွေ လုပ်ထားခိုင်းပါတယ်"

No comments: