ABC
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ မွတ်စလင်လူဦးရေ အဆမတန် တိုးပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အိမ်ထောင်စုတစုကို ကလေး ၂ ဦးနှုန်းမွေးဖွားဖို့နဲ့ တလင်တမယားစနစ်ကိုကျင့်သုံးဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒေသန္တရအမိန့်ထုတ်ပြန်ထားတာနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာ ထောက်ခံဆန္ဒပြပွဲတွေ မနေ့က ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲကို လူမှုကူညီမှုအသင်းတွေ၊ နိုင်ငံရေးပါတီတွေ ၊ ပြည်သူလူထုတွေ ၁ထောင်နီးပါး ထောက်ခံ ဆန္ဒပြခဲ့ကြ တယ်လို့ စစ်တွေဒေသခံတဦးဖြစ်တဲ့ ကိုထွန်းသိန်းက အခုလိုပြောပါတယ်။
ဘူးသီးတောင် မောင်တောဘက်မှာ အိမ်ထောင်စုတစုကို ကလေး၂ ယောက် ထက် ပိုပြီးတော့ မွေးလို့မရဘူးဆိုတဲ့ ဥပဒေပေါ့နော်၊ ပြည်နယ်အစိုးရက ပြဌာန်းလိုက်တယ်၊ ဒီဥပဒေကို ထောက်ခံပြီးတော့ ဆန္ဒဖော်ထုတ်တဲ့ပွဲပေါ့၊ ဒီနေ့လုပ်တာ။
ဘူးသီးတောင်၊မောင်တောဒေသမှာ နေထိုင်တဲ့သူအများစုဟာ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ရိုဟင်ဂျာတွေ ဖြစ်ကြပြီး ရခိုင် ပြည်နယ်အစိုးရ ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ပတ်သက်ပြီး ကန့်ကွက်တဲ့ အသံ တွေကြားလာရတဲ့အတွက် ရခိုင်ဒေသခံတွေက ဒီဥပဒေကို ထောက်ခံတဲ့အကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတာလို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရထုတ်ပြန်ခဲ့တဲ့ ဒီဥပဒေနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ကန့်ကွက်ခဲ့ပေမယ့် ရခိုင်ပြည် နယ်အတွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးခွဲ ၈ ခုကတော့ ရခိုင်ပြည်နယ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ အမိန့်ကို ထောက်ခံကြောင်း ကျေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂကလည်း ဒီဥပဒေဟာ လူ့အခွင့်အရေး ပဋိဥာဉ်စာချုပ်ပါ အခြေခံအခွင့်အရေးတွေ ချိုးဖောက် ရောက်နေတဲ့အတွက် ဒီဥပဒေကို ပြန်ရုတ်သိမ်းဖို့ တောင်းဆိုခဲ့တဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
ရိုဟင်ဂျာတွေကို ဘယ်နိုင်ငံကမှ ခေါ်ယူလက်ခံတာ မရှိလို့ ထိုင်းအစိုးရပြော
ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေကို ဘယ်နိုင်ငံကမှ ခေါ်ယူလက်ခံတာ မရှိဘူးလို့ ထိုင်းအစိုးရကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနောက်ပိုင်း ရိုဟင်ဂျာတွေ အိမ်နီးချင်းနိုင်ငံကို ထွက်ခွာကြပြီး ထိုင်းနိုင်ငံမှာလည်း လူပေါင်း နှစ်ထောင်လောက် သောင်တင်နေပါတယ်။
ကုလသမဂ္ဂ အစီအစဉ်နဲ့ တတိယနိုင်ငံ တခုခုက ခေါ်ယူလက်ခံဖို့ ထိုင်းအစိုးရက လိုလားပေမယ့် ခုချိန်ထိ ဘယ်နိုင်ငံကမှ လက်မခံသေးဘူးလို့ ဆိုပါတယ်။
ရိုဟင်ဂျာတချို့ကို လက်ခံရင် နောက်ထပ် ရိုဟင်ဂျာတွေ ရောက်လာပြီး ဒုက္ခသည် ခံယူကြမှာကို စိုးရိမ်နေကြတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
No comments:
Post a Comment