Thursday, June 13, 2013

နတ်တလင်း ထွန်တုံးတိုက်ပွဲ ၅ ဦး ဖမ်းဆီး တရားစွဲခံရ

ညိမ်းပြည့်စံ


ပဲခူးတိုင်း ဒေသကြီး ၊ နတ်တလင်း မြို့နယ် တွင် စစ်တပ် နှင့် ရဲတပ်ဖွဲ့က သိမ်းယူထားသော လယ်မြေဧက ၁၂၁ ဧက ပြန်လည်ရရှိရေး အတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြသူများအနက်မှ ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆို လိုက်ကြောင်း သတင်းရရှိသည်။

ယခင်စစ်အစိုးရလက်ထက် ၁၉၉၅ ခုနှစ်က နတ်တလင်းမြို့နယ်၊ သဲနှုတ်ခမ်းကျေးရွာအုပ်စုမှ တောင်သူလယ်သမား ၆၅ ဦး ပိုင်ဆိုင်သော လယ်မြေ ၁၂၁ ဧကကို ၀န်ထမ်းသက်သာ ချောင်ချိရေး အတွက် ဟုဆိုကာ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းက လယ်မြေ ၈၃ ဧက၊ နတ်တလင်းမြို့နယ်ရဲတပ်ဖွဲ့က လယ်မြေ ၃၈ ဧက သိမ်းယူခဲ့ကြောင်း၊ အဆိုပါ လယ်မြေများ ပြန်လည်ရရှိရေး အတွက် ဒေသခံ တောင်သူလယ်သမားက ထွန်တုံးတိုက်ပွဲ ဆင်နွှဲကြစဉ် ဖမ်းဆီးအရေးယူ မှုများ ဖြစ်ပွားဖြစ်ကြောင်း သိရှိရသည်။

နတ်တလင်းမြို့တွင် ဇွန်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ အထိ သိမ်းဆည်းခံထားရသော လယ်မြေများ ပြန်လည်ရရှိရေး ဒေသခံ တောင်သူလယ်သမားများက ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြရာ ထွန်တုံးတိုက်ပွဲဆင်နွှဲမှုနှင့် ဆက်စပ်ပြီး နတ်တလင်းမြို့တွင် ရောက်ရှိနေသော မိတ္ထီလာ ပြည်သူ့ အကျိုး ဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင် နှင့် ကိုသန့်ဇင်ချစ် တို့ ၃ ဦးနှင့် တောင်သူလယ်သမား ၂ ဦး ဖြစ် သော ဦးရင်ကြည် နှင့် ဒေါ်စန်းနွဲ့ တို့ကို ဇွန်လ ၁၁ ရက်နေ့ ညပိုင်းတွင် နတ်တလင်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ပေါင်းတည်ထောင် သို့ ပို့ဆောင်လိုက် ကြောင်း သိရှိရသည်။

အဖမ်းဆီးခံထားရသော မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ အဖွဲ့ဝင် ၃ ဦးကို နတ်တလင်းမြို့နယ်ရဲတပ်ဖွဲ့က တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းခြင်း ဥပဒေပုဒ်မ ၆ ဖြင့် အမှုဖွင့် ထားပြီး တောင်သူလယ်သမား ၂ ဦးကိုမူ ပုဒ်မ ၄၇၇ ပိုင်နက် ကျူးလွန်မှုဖြင့် အမှုဖွင့် တရားစွဲထားကြောင်း သိရှိရသည်။

ဖမ်းဆီးခံထားရသော မိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေးက “ကျမတို့ကို ဖမ်းလိုက်လို့၊ တရားစွဲလိုက် လို့ ဒီထွန်တုံး တိုက်ပွဲက မရပ်သွားဘူး။ ထွန်တုံးတိုက်ပွဲကို ရွာသားတွေက လုပ်နေတာ။ ကျမတို့က လုပ်နေတာ မဟုတ်ဘူး။ ဒီတော့ ကျမတို့ကို တရားစွဲလို့ ဒီတိုက်ပွဲက ရပ်သွားမှာ မဟုတ်ဘူး”ဟု ဇွန်လ ၁၁ ရက်နေ့ အဖမ်းမခံ ရမီ ဧရာဝတီသို့ ပြောဆိုခဲ့သည်။

ထွန်တုံးတိုက်ပွဲနှင့်ပတ်သက်ပြီး တရားစွဲသော ဥပဒေပုဒ်မများသည် အာဏာပိုင်များက လိုရာစွဲ အမှုဖွင့်ထားသော ဥပဒေ ပုဒ်မများဖြစ်ပြီး အာဏာပိုင်များက အထက်အမိန့် အရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း ဖမ်းဆီးခံထား ရသူများ ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်ဟန်ဆုယာဉ်က ပြောသည်။

“ဒီလို မဆိုင်တဲ့ ပုဒ်မနဲ့ တရားစွဲထားလို့ ကျမက ရဲစခန်းမှာ သွားမေးတယ်။ သူတို့ပြောတာ ကတော့ အထက်က အမိန့်အရ လုပ်တာပါလို့ ခပ်ညံ့ညံ့ ဖြေသွားခဲ့တယ်။ အသင်းအဖွဲ့ဥပဒေပုဒ်မ တွေက ဘယ်လိုပါလာတာလဲ။ အမှန်ဆို ဒါတွေကို တရားစွဲရင် ပိုင်နက် ကျူးလွန်မှု လောက်နဲ့ပဲ စွဲလို့ ရတယ်။ ပိုင်နက် ကျူး လွန်မှု ဆိုရင် အလွန်ဆုံး ပြစ်ဒဏ်က ထောင်ဒဏ် ၃ လပဲ ”ဟု ဒေါ်ဟန်ဆုယဉ်က ဆိုသည်။

ဧရာဝတီသတင်းဌာနက နတ်တလင်းမြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဖမ်ဆီး အရေးယူမှုများကို အထက်အမိန့် အရ လုပ်ဆောင်ရခြင်းဖြစ်ပြီး လယ်သမားများ ၀င်ရောက်ထွန်ယက်သည့် လယ်မြေ များတွင် နတ်တလင်းရဲတပ်ဖွဲ့ ပိုင် မြေများပါဝင်ကြောင်း တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောဆိုသည်။

နတ်တလင်းမြို့တွင် ထွန်တုံးတိုက်ပွဲ ပါဝင်ဆင်နွှဲခဲ့သော တောင်သူ ဦးကျော်ခိုင်က “ကျနော်တို့လည်း ဒီလို မလုပ်ချင်ဘူး။ မလုပ်ချင်လို့ အေးအေး ဆေးဆေး ပြီးသွားအောင် တိုင်စာ ပို့တယ်။ အသိပေးတယ်။ မဖြေရှင်းပေးဘူး။ ဒီတော့ ထွန်တုံးတိုက်ပွဲ လုပ်ရတယ်။ သူတို့သာ အစကတည်းက ဖြေရှင်းပေးရင် ဒီလိုတွေ ဖြစ်မလာဘူး။ အခုလိုလုပ်တာက ကျနော်တို့ နစ်နာခဲ့တာ ကို တပြည်လုံးနဲ့ နိုင်ငံတော်က သိအောင် လုပ်လိုက်တာပါ။ နောက်တခုက ဒီမြေတွေက ကျနော်တို့ကို ပြန်ပေးရမယ့်မြေတွေ။ အဲဒါကို မပေးဘဲ စစ်တပ်ပိုင်မြေကို ရဲတွေက သူတို့ပိုင်တာပါဆိုပြီး လုပ်လာတယ်”ဟု ပြောသည်။

ယခင် စစ်အစိုးရ လက်ထက် လယ်ယာမြေများကို မတရားသိမ်းယူခဲ့သည့် အတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် လယ်မြေများ ပြန်လည်ရရှိရေး ထွန်တုံး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

No comments: