Thursday, June 20, 2013

လျှပ်စစ်မီးစက်ရုံ တည်ဆောက်ရန် မြေဧက (၅၀) သိမ်းဆည်းရန် ရှိသည်

အဲာပိုန်

မွန်ပြည်နယ်၊ ရေးမြို့နယ် လျှပ်စစ် ဖူလှုံရေးအတွက် ၂၃၀၀၀၀ KBA ရှိ လျှပ်စစ် စက်ရုံ တည်ဆောက်ရာတွင် ခြံမြေ ဧက (၅၀) ခန့် သိမ်းဆည်း ရတော့မည်ဟု ပြည်နယ် လျှပ်စစ် တာဝန်ခံ တစ်ဦးက ဆိုပါသည်။

“ တည်ဆောက်မယ့် နေရာကတော့ ရေးမြို့နယ်၊ အဘော်ကျေးရွာနားက လေယာဉ်ကွင်းဟောင်းနေရာမှာပါ။ အဲဒါကို ပြည်နယ် လျှပ်စစ်ဌာနက လက်တွေ့ တိုင်းတာမှုတွေ လုပ်ပေးပြီးတော့ ဗဟို လျှပ်စစ်ဌာနကို ပို့လိုက်ပါပြီး၊ ဗဟိုအစိုးရက တာဝန်ယူ တည်ဆောက်ပေးမှာဖြစ်ပါတယ်” ဟု ဆိုပါသည်။

စက်ရုံ အတွက် ရာထားသည့် မြေဧက ၅၀ ခန့်သည် ရော်ဘာ စိုက်ပျိုးထားသော ခြံမြေဖြစ်ပါသည်။ ခြံရှင်ပေါင်း ၁၂ ဦးရှိပြီး သိမ်းဆည်းမြေအတွက် ကျပ်သန်းပေါင်း ၈၀ ခန့် အစိုးရဖက်မှ လျှော်ကြေး ပေးဆောင်သွားရန် ရှိကြောင်းဆိုပါသည်။ သို့သော် ကာလပေါက်ဈေးအားဖြင့် ကျပ်သန်းပေါင်း (၂၀၀)ခန့် ရှိနိုင်ကြောင်း၊ ခြံရှင်များက ဆိုပါသည်။

အစိုးရ လျှော်ကြေးသည် ရော်ဘာပင် ၁ နှစ်မှ ၄ နှစ်အထိ သက်တမ်းကို တစ်ပင်လျှင် ၇၅၀၀ ကျပ်ဖြင့် လည်ကောင်း၊ ၄ နှစ်မှ၆ နှစ်အထိ သက်တမ်းကို ၁၀၀၀၀ ကျပ်နှုနး ဖြင့်လည်ကောင်း၊ ခြစ်ပြီးသား အပင်အတွက် ၁၅၀၀၀ ကျပ်နှုန်း ဖြင့်လည်ကောင်း ရော်ဘာ အပင်ပေါင်း ၆၉၇၄ ပင်အတွက် ဗဟိုအစိုးရမှ လျှော်ကြေးများ ပေးဆောင်သွားကြမည်ဖြစ်ပါသည်။

ခြံအသိမ်း ခံရမည့် ခြံပိုင်ရှင် တစ်ဦးကမူ“မတတ်နိုင်ပါဘူးလေ၊ ဥပဒေက လယ်မြေကိုအစိုးရက ပိုင်တယ် ဆိုတော့ သူတို့ စီမံကိန်း ရှိလို့ ပြန်ယူတာ၊ ကျနော်တို့ ဖယ်ပေးရမှာပေါ့။မပေးချင်ပါဘူး။ အပြင်မှာ ပေါက်ဈေးနဲ့ရောင်းရင် မြေဈေးက သက်သက် တွက်ရပါတယ်။ ဒီတော့ အနည်းဆုံးသန်း (၂၀၀)ကျော်မယ်။ အခုတော့ စိုက်ပျိုးထားတဲ့ အပင်အ တွက်ဘဲ လျှော်ကြေး ပြန်ရတော့မယ်လေ” ဟုဆိုပါသည်။

ဤစီမံကိန်းကို ၂၀၁၃/၁၄ ခုနှစ်အတွက် ကြိုတင်ပြင်ဆင်မှု အဆင့်ဖြင့် သတ်မှတ်ထားပြီးပြည်နယ် အစိုးရ အဖွဲ့က တာဝန်ယူ ပြင်ဆင်ပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ပြည်နယ် အစိုးရသည် မိမိ၏ပြည်နယ် တိုးတက်ရေးအတွက် ဆုံးဖြတ် ပိုင်ခွင့် မရှိကြောင်း၊ ဗဟိုအစိုးရ၏ ၀န်ထမ်း အဆင့်သာ ရှိနေကြောင်း ပြည်နယ် လျှပ်စစ် တာဝန်ခံ တစ်ဦးကဆိုပါသည်။

“ပထမ အဆင့် ဖြစ်တဲ့ လိုအပ်ချက်တွေကို သွားရောက် လေ့လာ ကြည့်ရှု့ ပေးတဲ့ အပိုင်းမှာကျနော်တို့ ပြည်နယ် အစိုးရအဖွဲ့က လုပ်ဆောင်ပေးရတယ်။ စီမံကိန်း ဖော်ဆောင် တည်ဆောက်တဲ့နေရာမှာ ကျနော်တို့က လုပ်ပိုင်ခွင့် မရှိဘူး၊ ဗဟို အစိုးရ အဖွဲ့ကဘဲ သူတို့လုပ်သွားမှာပါ” ဟု ဆိုပါသည်။

စက်ရုံ တည်ဆောက်မှုကို လာမည့် ၂၀၁၄/၁၅ ခုနှစ်၌ စတင်မည် ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် အပြီး တည်ဆောက် သွားမည်ဟု ပြည်နယ် အစိုးရက မျှော်မှန်းထားပါသည်။

လက်ရှိ၌ အသုံးပြုနေသော ရေးမြို့ လျှပ်စစ်မီးသည် မြတ်သူရ ကုမ္ပဏီပိုင်ဖြစ်ပါသည်။ ယင်းကုမ္ပဏီသည် ၂၀၀၉ ခုနှစ်၌ တည်ဆောက်ခွင့် လိုင်စင်ရရှိထားပြီး တစ်ယူနစ်လျှင်၅၅၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေးနေကြောင်း ကုမ္ပဏီမန် နေဂျာက ဆိုပါသည်။

“အစိုးရ လျှပ်စစ်မီး စက်ရုံ တည်ဆောက်ပြီးစီး သွားရင် ကျနော်တို့ မီးစက်ကို အစိုးရထံပြန်လည်အပ်နှံ ရမှာဖြစ်တယ်။ အဲဒီအချိန်မှာ လမိုင်းမြို့နယ်ခွဲနဲ့ ဟံဂံ ဘက်မှာ ၃၃ KBA အားရှိတဲ့လျှပ်စစ်မီးစက်ကို အစိုးရဘက်က ပြန်လည်ချပေးဖို့ ရှိတယ်။ အစိုးရသတ်မှတ် ထားတဲ့နှုန်းနဲ့လုပ်ငန်းပြန်စ ရမဲယ့် အနေအထားမှာ ရှိနေတယ်” ဟု ဆိုပါသည်။

ပြည်သူများသည် လျှပ်စစ်မီး သုံးစွဲရန် လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သိမ်းဆည်းမြေအတွက် လျှော်ကြေးသည် အမှန်မရရှိခြင်းကြောင့် နစ်နာရပါသည်။ အစိုးရသည် ပြည်နယ် အစိုးရကို ရုပ်သေး အဆင့်သာ ထားရှိပြီး လုပ်ငန်း အမျိုးမျိုးကို ဗဟိုအဆင့်ကသာ အကောင်အထည်ဖေါ်နေသော ရှေးရိုးဟောင်း နည်းဥပဒေ အတိုင်း ကျင့်သုံးနေ ခြင်းဖြစ်ပါသည်။

No comments: