Thursday, June 6, 2013

အစိုးရတပ်နဲ့ ပလောင်တပ်ဖွဲ့ကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွား

ABC

ရှမ်းပြည်နယ်မြောက်ပိုင်း ​နမ့်ဆန်မြို့နယ်ထဲမှာ ​အစိုးရတပ်တွေနဲ့ ​TNLA ​ခေါ် ​ပလောင်တပ်ဖွဲ့တွေအကြား ​ဒီရက်ပိုင်းမှာ ​မကြာခဏဆိုသလို ​ တိုက်ပွဲတွေ ​ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ​သတင်းရရှိပါတယ်။

တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့အစည်းတွေ ​တော်တော်များများဟာ ​အစိုးရတပ်တွေနဲ့ ​တိုက်ပွဲဖြစ်ပွားတာ ​မရှိသလောက်ဖြစ်သွားပေမယ့် ​ပလောင်နယ်မြေအတွင်းမှာတော့ ​ဇွန်လ ​၄ ​ရက်နေ့ကစပြီး ​ပလောင်တပ်ဖွဲ့တွေနဲ့ ​အစိုးရတပ်တွေ ​တိုက်ပွဲဖြစ်ခဲ့တယ်လို့ ​ဒေသခံရွာသား ​တစ်ယောက်က ​ပြောပါတယ်။

“ကြားတယ် ​လောလောဆယ် ​ကျနော်တို့ ​အသေးစိတ်တော့ ​မသိသေးဘူး ​ဒါပေမဲ့ ​နမ့်ဆမ် ​မန်လွယ်တောင်ကျော်ပေါ့နော် ​အဲဒီရွာကြားမှာဖြစ်တယ်။ ​ဒီနမ့်ဆမ်မြို့နယ်ထဲက ​အထက်မန်လွယ်နဲ့ ​တောင်ကျော်ကျေးရွာ ​အဲဒီကြားထဲမှာပေါ့။”

ဒေသခံ ​နောက်တစ်ဦးကတော့ ​သေနတ်သံတွေ ​ကြားရပေမယ့် ​ထိခိုက်သေဆုံးမှု ​အခြေအနေတွေကိုတော့ ​မသိရဘူးလို့ ​ဆိုပါတယ်။

ပလောင်နယ်မြေအတွင်းမှာ ​အစိုးရတပ်တွေနဲ့ ​ပလောင်တပ်ဖွဲ့တွေဟာ ​နေရာအတော်များများမှာ ​တိုက်ပွဲ ​တွေဆက်တိုက်ဆိုသလို ​ဖြစ်ပွားနေပြီး ​ရှေ့ဆက်ဖြစ်ဖို့ ​အခြေအနေတွေလည်း ​ရှိနေတယ်လို့ ​ပလောင်ပြည်နယ် ​လွတ်မြောက်ရေးအဖွဲ့ရဲ့ ​အထွေထွေအတွင်းရေးမှူး ​မိုင်ဘုန်းကျော် ​က ​အခုလို ​ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေကတော့ ​ကွတ်ခိုင်၊ ​နမ့်ခမ်း၊ ​မန်တုံ ​ခု ​နမ့်ဆန်ဘက်မှာလဲ ​ဖြစ်တယ် ​ဟိုဘက် ​ကျောက်မဲ ​မိုင်းလုံဘက်က ​ကျနော်တို့တပ်ရင်း ​၇၁၇ ​နဲ့လဲ ​ဖြစ်တယ် ​ထိုးစစ်တွေက ​တအားများနေတယ် ​အခုထက်ထိ ​ဆက်တိုက်ပဲ၊ ​ထိုးစစ်တွေ ​ထပ်ရှိနေလို့ကတော့ ​တိုက်ပွဲတွေက ​ထပ်ဖြစ်အုံးမှာပဲ”

ပြည်တောင်စု ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီ ​ဒုဥက္ကဌ ​၀န်ကြီး ​ဦးအောင်မင်း ​ခေါင်းဆောင်တဲ့အဖွဲ့ဟာ ​ပြီးခဲ့တဲ့နှစ် ​ဖေဖေါ်ဝါရီလက ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​ပလောင်ပြည်နယ်လွတ်မြောက် ​ရေးအဖွဲ့ ​ဥက္ကဌ ​မိုင်းအိုက်ဖုန်း ​နဲ့ ​အလွတ်သဘောတစ်ကြိမ်တွေ့ဆုံခဲ့ပေမယ့် ​ဒီကနေ့အချိန်ထိ ​ထပ်မံတွေ့ဆုံဆွေးနွေးတာ ​မရှိခဲ့ဘူးလို့ ​သိရကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: