Thursday, June 13, 2013

ပဋိပက္ခတွေရပ်တန့်နိုင်ဖို့ သံဃာတော်တွေ ဆွေးနွေးကြမယ်

ABC

မြန်မာနိုင်ငံတ၀ှမ်းမှာ ​ဖြစ်ခဲ့တဲ့ ​ဘာသာရေး ​လူမျိုးရေး ​ပဋိပက္ခတွေကို ​ရပ်တန့်နိုင်ဖို့အတွက် ​တနိုင်ငံလုံးမှာရှိတဲ့ ​ဗုဒ္ဓဘာသာသံဃာတော်တွေက ​ဒီကနေ့မှာ ​တွေ့ဆုံဆွေးနွေးမှုတွေ ​ပြုလုပ်သွားဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

ဒီကနေ့ ​ပြုလုပ်မဲ့ ​အစည်းအဝေးကို ​သံဃာတော် ​အပါး ​နှစ်ရာကို ​ဖိတ်ခေါ်ထားတာဖြစ်ပြီးတော့ ​ရန်ကုန်မြို့ပြင်ဖက်မှာရှိတဲ့ ​ဘုန်းကြီးကျောင်းတကျောင်းမှာ ​တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကြမှာဖြစ်လို့ဆို ​ပါတယ်။ ​တွေ့ဆုံဆွေးနွေးမှုအတွင်းမှာ ​လက်ရှိဖြစ်နေတဲ့ ​ပဋိပက္ခအခြေအနေတင်းမာမှုတွေကို ​ဖြေလျော့နိုင်ဖို့ ​နည်းလမ်းတွေကို ​ရှာဖွေသွားမှာဖြစ်တယ်လို့ ​ဆရာတော် ​ဓမ္မပိယ ​ကမိန့်ကြားပါတယ်။

အခုဖြစ်နေတဲ့အကြမ်းဖက်မှုတွေမှာ ​ဗုဒ္ဓဘာသာ ​သံဃံတော်တွေကဦးဆောင်နေတယ် ​နိုင်ငံခြားသားတွေက ​ထင်မြင်ကြပေမယ့် ​အကြမ်းဖက်မှုမှာ ​သံဃာတော်တချို့သာပါဝင်ကြပြီး ​တချို့က ​အကြမ်းဖက်မှုတွေမဖြစ်အောင် ​ဟန့်တားဖို့ ​ပါဝင်နေတာကို ​အကြမ်းဖက်မှုမှာ ​ပါဝင်ကြတယ်လို့ ​နားလည်မှုမှားကြတဲ့အကြောင်း ​ဆရာတော်က ​မိန့်ကြားပါတယ်။

သံဃာတော်တွေက ​လူတွေကို ​အကြမ်းဖက်မှုတွေ ​မလုပ်တော့အောင် ​ဘယ်လိုမျိုး ​တားဆီးနိုင်မဲ့ ​အကြောင်းနဲ့ ​အစိုးရကပြဿနာဖြေရှင်းတဲ့နေရာမှာ ​သံဃာတော်တွေအနေနဲ့ ​ဘယ်လိုကူညီ ​ဆောင်ရွက်ပေးရမလဲ ​ဆိုတာတွေကို ​ဆွေးနွေးသွားမှာဖြစ်တယ်လို့ ​ဆိုပါတယ်။

အခုစည်းဝေးပွဲမှာ ​မွတ်စလင်တွေကို ​တိုက်ခိုက်တဲ့အထဲမှာ ​ပါဝင်သူလို့ ​ထင်မြင်ကြတဲ့ ​မန္တလေးမြို့က ​ဆရာတော် ​ဦးဝီရသူလည်းတက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။

အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ​မြန်မာနိုင်ငံအရှေ့ဖက်ပိုင်း ​ရှမ်းပြည်နယ်က ​ ဗုဒ္ဓဘာသာဝင် ​အမျိုးသမီးတဦးကို ​တိုက်ခိုက်ခဲ့တဲ့ ​မွတ်စလင်အမျိုးသားကို ​မနေ့က ​ထောင်ဒဏ် ​၂၆နှစ် ​ချမှတ်လိုက်တယ်လို့လည်း ​သိရပါတယ်။

အခုလိုဖြစ်ခဲ့တဲ့ ​တိုက်ခိုက်မှုကြောင့် ​ပြီးခဲ့တဲ့လက ​ရှမ်းပြည်နယ် ​လားရှိုးမြို့မှာ ​အကြမ်းဖက်မှုတွေ ​ဖြစ်ပွားခဲ့တာ ​ဖြစ်ပါတယ်။

လားရှိုးမြို့ ​တရားရုံးက ​ဗုဒ္ဓဟူးနေ့မှာ ​နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တဲ့ ​အမျိုးသားဟာ ​အသက် ​၄၈နှစ်ရှိပြီး ​မူးယစ်ဆေးဝါးသုံးစွဲသူတဦးဖြစ်တယ်လို့ ​အစိုးရသတင်းဌာနမှာဖော်ပြထားပါတယ်။ ​သူ့ကို ​လူသတ်ဖို့ကြံရွယ်မှု၊ ​ဆဲဆိုတိုက်ခိုက်မှုနဲ့ ​မူးယစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ ​တရားရုံးက ​ပစ်ဒဏ် ​ချမှတ်ခဲ့တာဖြစ်တယ်လို့ ​ရဲအရာရှိတဦးက ​အေအက်ဖ်ပီသတင်းဌာနကို ​တယ်လီဖုန်းကနေတဆင့် ​ပြောပြခဲ့ပါတယ်။

အကြမ်းဖက်မှုအတွင်းမှာပါဝင်တဲ့လူ ​အယောက် ​၆၀ကိုလည်း ​အာဏာပိုင်တွေကဖမ်းဆီးထားတယ်လို့ ​ရဲအရာရှိကဆက်လက်ပြောပြပါတယ်။

ပြီးခဲ့တဲ့ ​မတ်လတုန်းက ​မိထ္ထီလာ ​ပဋိပက္ခအတွင်းမှာ ​လူ၄၀ကျော်သေဆုံးခဲ့ပြီးတော့ ​ပဋိပက္ခနဲ့ ​ဆက်နွယ်တဲ့ ​မွတ်စလင်အမျိုးသား ​၁၀ဦးကိုလည်း ​ထောင်ဒဏ် ​၂၈နှစ်အထိ ​ပစ်ဒဏ်ချမှတ် ​ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်က ​ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​ဘာသာရေး ​လူမျိုးရေး ​ပဋိပက္ခကြောင့်လည်း ​လူပေါင်း ​၂၀၀ ​လောက်သေဆုံးခဲ့ပြီး ​တစ်သိန်းလေးသောင်းကျော် ​အိုးအိမ်မဲ့ ​ဒုက္ခသည် ​စခန်းမှာ ​နေထိုင်ရပါတယ်။

အခုဆိုရင် ​မိုးရာသီရောက်လာပြီးဖြစ်တဲ့အတွက် ​ဒုက္ခသည်စခန်းမှာ ​နေထိုင်တဲ့သူတွေဟာ ​လုံခြုံတဲ့ ​နေရာကို ​ပြောင်းရွေ့ရမှာဖြစ်ပြီးတော့ ​စခန်းထဲမှာ ​ဆေးဝါးကုသမှုတွေနဲ့ ​သန့်ရှင်းမှုမရှိတဲ့အတွက် ​ငှက်ဖျားရောဂါ၊ ​၀မ်းပျက်ဝမ်းရောဂါ၊ ​သွေးလွန်ထုတ်ကွေးရောဂါတွေဟာ ​ဒုက္ခသည်တွေအတွက် ​အဓိကရင်ဆိုင်နေရတဲ့ ​ပြဿနာတွေ ​ဖြစ်နေပါတယ်။

No comments: