Thursday, June 13, 2013

ပြည်တော်ပြန်မည့် မြန်မာလုပ်သားများ၏ လျော်ကြေးကိစ္စပါ ဒုဝန်ကြီးများက ဖြေရှင်းမည်ဟုဆို

ကေဇင်ဦး | ကြာသပတေးနေ့၊ ဇွန်လ ၁၃ ရက် ၂၀၁၃

မလေးရှားမှ မိခင်နိုင်ငံသို့ ပြန်လာမည့်မြန်မာများက ၎င်းးတို့၏ အလုပ်ရှင်များကို လျော်ကြေးပေးရမည့် ကိစ္စကို မလေးရှားသို့သွားသည့် ဒုဝန်ကြီးနှစ်ဦးက ဖြေရှင်းပေးလိမ့်မည်ဟု အလုပ်သမားဝန်ကြီးဌာန၏ ဒုညွှန်မှူး ဒေါ်အေးမွန်စိုးက မဇ္ဈိမကို ပြောသည်။

မလေးရှားနိုင်ငံရှိ မြန်မာလုပ်သားများကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ မိခင်နိုင်ငံသို့ပြန်ရန် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ထောက်ပံ့မှုများပြုလုပ်လျက်ရှိသော်လည်း လတ်တလော ၎င်းတို့ ပြန်လာပါက အလုပ်ရှင်များကို လျော်ကြေး ပေးရမည်ဖြစ်သဖြင့် ပြန်လာရန်အခက်အခဲ ရှိနေသည်ဟု ပြောကြသည်။

အလုပ်သမားများအနေဖြင့် မိမိသဘောဖြင့် လုပ်ငန်းခွင်ကိုစွန့်ကာ နေရပ်သို့ ပြန်လိုပါက မလေးရှားအစိုးရ ကို ပေးသွင်းထားရသော အလုပ်သမားအခွန်၊ လေယာဉ် လက်မှတ်ခ စသည်တို့ကို အလုပ်ရှင်ထံ
လျှော်ကြေးပေးရမည်ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတို့က ဆိုကြသည်။

မြန်မာလုပ်သားများ၏ ထိုလျော်ကြေးကိစ္စများကို မြန်မာများ အကြမ်းဖက်ခံနေရမှုနှင့် ပတ်သက်၍ မလေးရှား သို့သွားမည့် အလုပ်သမားနှင့် နိုင်ငံခြားရေးဌာနမှ ဒုဝန်ကြီးနှစ်ဦးက ဖြေရှင်းပေးမည်ဟု အလုပ်သမား ဝန်ကြီးဌာနမှ ဒုညွှန်မှူးက ရှင်းပြခြင်းဖြစ်သည်။ "ဟိုဘက်က အစိုးရ၊ ကုမ္ပဏီ၊ တွေနဲ့ ညှိနှိုင်းဖြေရှင်းမှာပါ" ဟု ဒုညွှန်မှူး ဒေါ်အေးမွန်စိုးက ဆိုသည်။

မလေးရှားတွင် မြန်မာများအတွက် အလုပ်ရှာပေးနေသည့် သုခစုစံ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှဒေါ်ဥမ္မာမြင့် က စာချုပ်မပြည့်မီ ပြန်လာမည့် မြန်မာလုပ်သားများပေးချေရမည့်လျော်ကြေးသည် မလေးရှား ရင်းဂစ်ငွေ နှစ်ထောင်ခန့်ရှိသည်ဟု ဆိုသဖြင့် မြန်မာကျပ်ငွေနှင့်ဆိုလျှင် ခြောက်သိန်းကျော် ကျသင့်သည်။

မလေးရှားနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော အကြမ်းဖက်မှုများကြောင့် မြန်မာအလုပ်သမားများပြန်လာရန်MAI လေကြောင်းလိုင်းက လေယာဉ်လက်မှတ်ဈေးနှုန်းကို တစ်လတိတိ ထက်ဝက်လျှော့ချပေး နေပြီး၊ ဧရာဝတီဖောင်ဒေးရှင်းမှ လူဦးရေတစ်ထောင်အတွက် လေယာဉ်လက်မှတ်ဖိုး ကျခံပေးခဲ့သည်။

ထူးထရေးဒင်းပိုင်ရှင် ဦးတေဇကလည်း မလေးရှားရောက် မြန်မာများပြည်တော်ပြန်ရန် ကန်ဒေါ်တစ်သိန်း လှူဒါန်းထားသည်။

အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော် တို့သည် မလေးရှားရောက် မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံနေရမှုနှင့် ပတ်သက်၍ စီမံဆောင်ရွက်ရန် ဇွန် ၁၁ ရက် ညနေ ၄ နာရီ ၄ဝ မိနစ်က မြန်မာနိုင်ငံမှ မလေးရှားသို့ ထွက်ခွာသွားပြီဖြစ်သည်။

1 comment:

Anonymous said...

အဲ့ဒီသုခစုစံ အေဂျင့်တို့ ရှိုင်းဟေး အေးဂျင့်တို့က မလေးရှားက အေးဂျင့်နှင့်ပေါင်းပြီး လုပ်ခ ၁၃၀၀ ရင်းဂစ်လောက်ရင် မြန်မာပြည်မှာ ရင်းဂစ် ၇၅၀ အနည်းဆုံးရစေရမယ် ဆိုပြီး စာချုပ်တယ် မလေးရောက်တော့ ၈၀၀ လောက်ရတယ် တကယ်တမ်း အလုပ်ရှင်က ပေးတာက တလကို ၁၃၀၀ ခောက်ပေးတာ ကျနိတဲ့ ရင်းဂစ် ၅၀၀ လောက်ကိုအေးဂျင့်က အထူးသဖြငိ့ ရှိုင်းဟေး အေးဂျင့်သူဌေး ဦးကျော်လှဲလွန်တို့က စားတယ် ကျေးင်္ရာတွေက တက်သွားတဲ့ အလုပ်သမားတွေက တလကို ၇၀၀ ၈၀၀ ရင်းဂစ်ဆိုတော့လည်း မြန်မာငွေနဲ့ င်္တက်ကြည့်ရင် ၂၀၀၀၀၀ကျော်လောက်ဆိုတော့လည်း မဆိုဘူးဆိုပြီး အေးဂျင့်က ၈ သိနိးပေးပြီးလက်မှတ်ထိုးတယ် မလေးရောက်မှ လုပိအားခ ခေါင်းပုံဖြတ်ခံရမှန်းသိတယ် အစိုးရအနေနဲ့ ပြနိလာတဲ့ သူတွေရဲ့ ခေါင်းပပုံဖြတ် ခံရမှု ကို စစ်ဆေးမေးမြန်းပြီး ခေါင်းပုံဖြတ် အမြတ်ကြီးစားတဲ့ အေးဂျင့်တွေကို အရေးယူသင့်တယ်