Tuesday, June 4, 2013

“ဘင်္ဂလီ” နွယ်ဖွားများကို လူဦးရေ ထိန်းချုပ်ရေး စစ်တွေတွင် ထောက်ခံဆန္ဒပြ

စနေလင်း


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှ ဒေသန္တရ အမိန့်အဖြစ် ထုတ်ပြန်သော ဘင်္ဂလီနွယ်ဖွားအမျိုးသားတစ်ဦးလျှင် ဇနီး ၁ ဦးနှင့် ကလေး ၂ ဦးသာယူရမည့် အမိန့်ကို ထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်ပွဲကို ကျင်းပခဲ့ကြသည်။

ဘင်္ဂလီနွယ်ဖွား လူဦးရေတိုးပွားမှုကို ကန့်သတ်ထိန်းချုပ်ရန်အတွက် ပြည်နယ်အစိုးရမှ ထုတ်ပြန်သော အမိန့်ကို ထောက်ခံသည့်အပြင် ရခိုင်ပြည်နယ် မောင်းတောမြို့နယ်တစ်ခုသာမက ရခိုင်တပြည်နယ်လုံးတွင်ပါ ထုတ်ပြန်ရန်နှင့် စွဲ၊ တင်၊ စစ် ဆိုသော လူဦးရေ စာရင်းကောက်ခံမှုများကိုပါ အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ရန် တောင်းဆိုကြောင်း အဆိုပါ ဆန္ဒ ဖော်ထုတ်ပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သည့် စစ်တွေမြို့မိ မြို့ဖတစ်ဦးဖြစ်သူ ဦးသာပွင့်က ဧရာဝတီသို့ ပြောသည်။

“ ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့နီးတဲ့အတွက် ဘင်္ဂလီလူမျိုးတွေကို ထိန်းချုပ်ဖို့ရာ လိုအပ်တယ်။ ဒါ့ကြောင့် ဒီဥပဒေကို ထောက်ခံတယ်။ ဒေသခံတွေအနေနဲ့က ဒီဒေသန္တရအမိန့်ကို ဆန့်ကျင်တာမှန်သမျှ ပြန်ပြီးဆန့်ကျင်သွားမယ်။ နောက် စွဲ၊ တင်၊ စစ် ဆိုတာကိုမှ အကောင်ထည်မဖော်နိုင်ရင် နောက်လာမယ့် ၂၀၁၄ ခုနှစ်မှာ လုပ်မယ့် သန်းခေါင်စာရင်း ကိစ္စတွေကို ဘယ်လိုလုပ်လို့ရမှာလဲ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ထိုလူဦးရေ ထိန်းချုပ်သည့် ကိစ္စကို လူ့အခွင့်အ ရေးရှုထောင့်မှ ကြည့်ပြီး လူ့အခွင့်အရေး ချိုးဖောက်ကြောင်းပြောဆိုခဲ့မှုကို အမေရိကန်နိုင်ငံနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့မှ မြန်မာအစိုးရပေါ် ဖိအားပေးလာလျှင် ပြည်သူလူထုမှလည်း ၎င်းတို့၏ ဆန္ဒကိုထုတ်ဖော်ပြသခြင်းဖြင့် တွန်းလှန်နိုင်ရန် ယခုလို လူထု ထောက်ခံဆန္ဒဖော်ထုတ်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် ဒေသခံ လူငယ်ခေါင်းဆောင် ကိုအောင်သစ်စိုးက ဆိုသည်။

ထို့အပြင် ကုလသမဂ္ဂမှ လူဦးရေ မပြန့်ပွားရေး အစီအစဉ်များ ဖော်ထုတ်လုပ်ကိုင်ခဲ့ခြင်းကလည်း လူဦးရေ ထိန်းချုပ်ခြင်း တမျိုးပင်ဖြစ်မည်ဟု ယူဆကြောင်း၊ ရခိုင်ပြည်နယ်အခြေအနေကို ရခိုင်လူထုက အသိဆုံးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင်း ဆင်းရဲမွဲတေလွန်းသော ရပ်ရွာများတွင် သားဆက်ခြားရေး မိသားစုစီမံကိန်းကို နိုင်ငံတကာ ကျန်းမာရေးအထောက်အကူပြု အဖွဲ့များက ပညာပေးဆောင်ရွက်မှုများ ရှိခဲ့သည်။

“ ဒီပွဲကိုလုပ်ဖို့ ဒီလ ၈ ရက်နေ့မှာ ကျရောက်မယ့် မောင်းတောမြို့နယ်မီးရှို့မှုတွေဖြစ်ခဲ့တဲ့ နှစ်ပတ်လည်နေ့နောက်ပိုင်းမှ လုပ်မလားလို့ စဉ်းစားသေးတယ်။ ဒါပေမယ့် အားလုံးက စောစောလုပ်ပြီး စောစောပြည်သူ့အသံ ထုတ်ဖော်တာက ပိုကောင်းမယ်လို့ ယူဆပြီး ဒီနေ့မှာ လုပ်လိုက်ကြတာ” ဟု စစ်တွေမြို့ခံ ဦးသာပွင့်က ဆိုသည်။

လူထုဆန္ဒထုတ်ဖော်ပွဲကို စစ်တွေမြို့ပေါ်ရှိ နိုင်ငံရေးပါတီမျိုးစုံမှ ပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖ များအား လုံး ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ပျမ်းမျှ လူဦးရေ တစ်ထောင်ဝန်းကျင်ရှိနိုင်ကြောင်း သိရသည်။ လူထုက အတွင်းမှနေပြီး ရဟန်းတော်များမှ လူအုပ်ကြီးကို ကာရံကာ လိုက်ပါလာခဲ့ကြောင်း သိရသည်။

နေ့လည် ၁ နာရီတွင် ဘုရားကြီးအနီးရှိ ၀င်္ကပါကွင်းတွင် စတင်လူစုထွက်ခွာခဲ့ပြီး နေ့လည် ၂ နာရီကျော်တွင် လူစုပြန်လည်ခွဲခဲ့ကြကြောင်း၊ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအတွက် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ခွင့်ပြုချက် တင်ပြခဲ့သေးကြောင်း သိရသည်။

“ အာဏာပိုင်တွေ ခွင့်ပြုချက်ပေးခဲ့လားတော့ ကျနော်မသိဘူး။ ကျနော် အဲဒီဘက်မှာ မစီစဉ်တော့ မပြောတတ်ဘူး။ ဒါပေမယ့် အားလုံးက ခွင့်မပြုလည်း ဒီဆန္ဒဖော်ထုတ်ပွဲကို လုပ်ကြမှာပဲ” ဟု ဦးသာပွင့်က ဆက်ပြောသည်။

ယခုလို ဆန္ဒဖော်ထုတ်ပွဲတွင် နိုင်ငံရေး ပါတီဝင်များ ပါဝင်ကြသော်လည်း ပါတီအနေဖြင့် ပါဝင်ခြင်းမျိုးမဟုတ်ပဲ ပြည်သူလူထုအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း ထိုကိစ္စအတွက် မည်သည့် ညွှန်ကြားချက်မျိုးမှ ပြုလုပ်ရန်မရှိကြောင်း ရခိုင်တိုးရင်းသားများတိုးတက်ရေးပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ဧရာဝတီသို့ ပြောသည်။

“တဦးချင်းစီရဲ့ ရခိုင်ပြည်သူတွေဆိုတာလည်း ပါတီဝင်တွေ ပါချင်ပါမှာပေါ့။ ဆန္ဒနဲ့ ပါကြတာဆိုတော့ ပါတီဘက်ကတော့ ဘာမှ လုပ်မှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

No comments: