ဖြူဖြူကို
ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် မူးရစ်ဆေးဝါး တိုက်ဖျက်ရန် အဆင်သင့် ဖြစ်သော်လည်း အစိုးရဖက်မှ အကောင်အထည် ဖေါ်ရန် အဆင်သင့် မရှိသေးသဖြင့် ပြည်သူများနှင့် ဆက်လက် တိုင်ပင်သွားတော့မည် ဖြစ်ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူး ဆိုင်းလောဝ်စိုင်က ဆိုပါသည်။
“ သဘော တူထားတာကြာပြီး၊ လက်တွေ့ မလုပ်နိုင်သေးလို့ အစိုးရ မူးရစ်ဗဟိုကို သွားညှိတယ်။ မူးယစ်ဗဟိုကတော့ ရှမ်းပြည်နယ် မူးရစ်ဌာနကို မေးကြည့်ပေါ့လို့ ဆိုတယ်။ ရှမ်းပြည်နယ်က မူးရစ်ဌာနကို မေးကြည့်တော့လည်း အထက်အမိန့် မရသေးလို့ ပြောပါတယ်။ ဒီတော့ သူတို့ဖက်က အကောင်အထည်ဖေါ်မယ့် လက္ခဏာ မတွေ့ရပါဘူး” ဟုဆိုပါ သည်။
ဤသို့ကြောင့် RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နက်ဖြန် ဇွန်လ (၁၉) ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ သွားရောက်ပြီး ပြည်နယ် အစိုးရ အပါအ၀င် ဒေသခံ ပြည်သူလူထု များနှင့် တွေ့ဆုံပြီး မူးယစ်ဆေးဝါး တိုက်ပျက်ရေး ကိစ္စကို အကောင်ထည် ဖော်ရန်အတွက် ထပ်မံ ဆွေးနွေး သွားမည်ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါ သည်။
RCSS ဥက္ကဌသည် အစိုးရနှင့် တွေ့ဆုံရန် ပြီးခဲ့သည့် ဇွန်လ (၁၀) ရက်နေ့တွင် ရန်ကုန်ရှိ MPC ရုံးသို့ ရောက်ရှိခဲ့ပါသည်။ ၄င်းသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲစဉ်က သဘော တူခဲ့သော သဘော တူညီချက် အချက် (၄၀) ထဲမှ အကောင်အထည် မဖေါ်ရသေးသည့် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်ကို တင်ပြရာ အကောင်အထည် ဖော်မည် ဖြစ်ကြောင်း အစိုးရ ဘက်က ဆိုပါသည်။
RCSS သည် မူးရစ်ဆေးဝါး တိုက်ဖျက်ရန် အစိုးရနှင့် သဘောတူညီမှု ရရှိစဉ် ကတည်းက အကောင်အထည် ဖေါ်ခဲ့သော်လည်း ရှမ်းပြည်နယ် မူးယစ်ဗဟိုကမူ အထက် အမိန့် မရသေးဟု အကြောင်းပြပြီး အကောင်အထည် မဖေါ်ခဲ့ပေ။ ဤသို့ကြောင့် RCSS သည် အစိုးရ ယန္တရား မပါဘဲ ဒေသခံ သဘော တူညီချက်ဖြင့် ပညာပေး အဆင့်ဖြင့်သာ အကောင်အထည် ဖေါ်နေရပါသည်။
“ အစိုးရဘက်က ပူးပေါင်းမှု မရှိဘူးဆိုရင် အကောင်ထည်ဖော်ဖို့ အခက်အခဲ ရှိပါတယ်။ ပြည်သူလူထုကလည်း အစိုးရ ခွင့်ပြုချက် မရရင် လုပ်လို့လဲ မရဲကြဘူး ဖြစ်နေတယ်။ ကျနော်တို့ပဲ လုပ်ရင် ကျနော်တို့ အားက နည်းနေတယ် ကျနော်တို့ တတ်နိုင်တာက ရပ်ရွာ ပြည်သူလူထုကို ပညာပေးတဲ့ အဆင့်လောက်ပဲပေါ့” ဟု ဆိုပါသည်။
RCSS အဖွဲ့သည် ရန်ကုန်၌ ရောက်ရှိစဉ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာ ( UNODC ) အဖွဲ့နှင့်လည်း မူးရစ် ဆေးဝါးတိုက်ဖျက်ရေး ကိစ္စကို ပြီးခဲ့သည့် ဇွန်လ (၁၃) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အတွင်း မူယစ်ဆေးဝါး လျော့ချနိုင်ရေး၊ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး စီမံကိန်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဖေါ်ဆောင်ရန် ဆွေးနွေးခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာများအား ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။
UNODC အဖွဲ့၏ မြန်မာနိုင်ငံ တာဝန်ခံ မစ္စတာ Mr.Jason Eligh ကလည်း"ကျနော်တို့ ရှမ်းပြည်နယ် တောင်ပိုင်းကို အဓိက အာရုံ စူးစိုက်ပြီး လုပ်ကိုင်သွားဖို့ညှိနှိုင်းနေပါတယ်။ အထူးသဖြင့် ဘိန်းကိုမှီခိုနေတဲ့ မိသားစုတစ်သိန်းလောက်ကို ဘယ်လို လုပ်ဆောင်ပေးမလဲဆိုတာကို ရည်မှန်းချက် ထားပြီးလုပ်ဆောင်သွားဖို့ ရှိပါတယ်" ဟု ဆိုပါသည်။
မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် ပြီးလျှင် မူးယစ်ဆေးဝါးစိုက်ပျိုး ထုတ်လုပ်မှုတွင် ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး ဤအထဲတွင် ရှမ်းပြည်နယ်သည် ၉၀ ရာနှုန်းခန့် ထုတ်လုပ်နေခဲ့ပါသည်။ ဘိန်းစိုက်ပျိုးမှုကို မှီခိုနေရသည့် မိသားစု ၃ သိန်း ကျော် ရှိနေပြီး ဤအထဲမှ မိသားစု တသိန်းခန့်ကို ပြန်လည် ထူထောင်ရေး ပြုလုပ်နိုင်ရန် RCSS နှင့် ညှိနှိုင်းခဲ့သည်ဟု UNODC ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

No comments:
Post a Comment