Friday, June 14, 2013

မြန်မာကို ကုန်သွယ်ရေးအထူး ခံစားခွင့် ပြန်လည်ပေးဖို့ အီးယူဆုံးဖြတ်

ABC

မြန်မာနိုင်ငံရဲ့ ​စီးပွားရေး ​ဖွံ့ဖြိုးတိုးတက်ရေးကို ​မြှင့်တင်တဲ့အနေနဲ့ ​ဥရောပသမဂ္ဂ ​အီးယူက ​မြန်မာနိုင်ငံအပေါ် ​ကုန်သွယ်ရေးအထူးခံစားခွင့် ​အစီအစဉ် ​ပြန်လည်ပေးဖို့ ​ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံ ​စီးပွားရေးဖွံ့ဖြိုးမှုကနေတဆင့် ​ပြုပြင်ပြောင်းလဲရေးတွေ ​ဖြစ်ဖို့အတွက် ​ခုလို ​ပြန်လည်ပေးအပ်တာဖြစ်တယ်လို့ ​အီးယူအဖွဲ့က ​မနေ့က ​ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ​အရင်တုန်းက ​ကုန်သွယ်ရေး ​အထူးခံစားခွင့် ​အဖွဲ့ဝင်ဖြစ်ခဲ့ပေမယ့် ​စစ်အစိုးရလက်ထက်အတွင်း ​အတင်းအဓမ္မ ​လုပ်အားပေးခိုင်းစေမှုတွေ ​လုပ်ခဲ့တဲ့အတွက် ​မြန်မာနိုင်ငံကို ​အဖွဲ့ဝင်အဖြစ် ​၁၉၉၇ ​ခုနှစ်က ​ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် ​ခုအခါမှာ ​မြန်မာနိုင်ငံက ​လိုအပ်တဲ့ ​တိုးတက်ပြောင်းလဲမှုတွေ ​လုပ်လာပြီလို့ ​နိုင်ငံတကာအလုပ်သမားအဖွဲ့ ​ILO ​ရဲ့ ​အစီရင်ခံစာမှာ ​ဖော်ပြပြီးနောက် ​ခုအခါ ​ကုန်သွယ်ရေးအထူးခံစားခွင့် ​ပြန်ပေးလိုက်တာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ​ကုန်သွယ်ရေးအထူးခံစားခွင့် ​ပြန်လည်ပေးဖို့ ​နိုင်ငံပေါင်း ​၂၇ ​နိုင်ငံနဲ့ ​ဖွဲ့စည်းထားတဲ့ ​အဖွဲ့ကသဘောတူပြီး ​အီးယူ ​ပါလီမာန်ဥက္ကဌနဲ့ ​အီးယူဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ ​အိုင်ယာလန်နိုင်ငံတို့က ​လက်မှတ်ရေးထိုး ​အသိအမှတ်ပြုလိုက်တာ ​ဖြစ်ပါတယ်။

ဒီလိုကုန်သွယ်ရေးအထူးခံစားခွင့်ရတဲ့အတွက် ​မြန်မာနိုင်ငံအနေနဲ့ ​အီးယူနိုင်ငံနဲ့ ​ကုန်သွယ်ရေးမှာ ​လွတ်လွတ်လပ်လပ် ​ကုန်သွယ်ခွင့်တွေ၊ ​အခွန်ကင်းလွတ်ခွင့် ​ဒါမှမဟုတ် ​အခွန်လျော့ပေးပြီး ​ကုန်သွယ်ရေး ​ပြုလုပ်နိုင်မှာ ​ဖြစ်ပါတယ်။

အီးယူအဖွဲ့ဟာ ​ပြီးခဲ့တဲ့ ​ဧပြီလတုန်းကပဲ ​မြန်မာနိုင်ငံအပေါ် ​ထားရှိတဲ့ ​ကုန်သွယ်ရေး၊ ​စီးပွားရေးနဲ့ ​တသီးပုဂ္ဂလတွေအပေါ် ​ချမှတ်ထားတဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ဖယ်ရှားပေးခဲ့ပြီး ​ခုအခါမှာ ​စစ်လက်နက်ရောင်းဝယ်ရေးဒဏ်ခတ်ပိတ်ဆို့မှု ​တစ်ခုသာ ​ချမှတ်ထားကြောင်း ​သိရပါတယ်။

No comments: