Wednesday, June 19, 2013

ရဟန်းပျိုသမဂ္ဂ ဥက္ကဌ အရှင်ခေမာစာရ အမေရိကန်ရောက် ရခိုင်အမျိုးသားများနှင့် ပထမဆုံး အကြိမ် တွေ့ဆုံ

မောင်ရမ္မာ

မြန်မာနိုင်ငံလုံး ဆိုင်ရာ ရဟန်းပျို သမဂ္ဂ အရှင်ခေမာစာရသည် အမေရိကန်ရောက် ရခိုင် အမျိုးသားများနှင့် ပထမဆုံး အကြိမ် တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး အခြေအနေများကို သုံးသပ်ပြောဆို ဆွေးနွေး သွားခဲ့သည်ဟု သတင်း ရရှိသည်။

ထိုသို့ သုံးသပ် ပြောဆိုရာတွင် ရခိုင်ပြည်တွင် ရခိုင်လူမျိုးရှိနေသရွှေ့ ရခိုင်ပြည် ဆိုသည်မှာ ဤကမ္ဘာပေါ်တွင် တည်ရှိနေမည် ဖြစ်ပြီး ရခိုင်လူမျိုးများက ရခိုင်ပြည်တွင် မနေထိုင်တော့မှ ရခိုင်ပြည်မှာ တည်ရှိနိုင်မည် မဟုတ်ကြောင်း အရှင် ခေမာစာရက မိန့်ကြားသည်ဟု ဆိုသည်။

“ ရခိုင်လူမျိုးတွေ အနေနဲ့ ရခိုင်ပြည်မှာ ၉၅ ရာခိုင်နှုန်း အနည်းဆုံး ရှိနေသရွေ့ကာလပတ်လုံး ရခိုင်ပြည်ဟာ ရခိုင် လက်ထဲမှာ ရှိနေမှာပါဘဲ။ ရခိုင်လူမျိုးတွေ အနေနဲ့ ကိုယ့်တိုင်းပြည်မှာ မနေကြဘဲ အခုလိုမျိုး ထွက်ခွါ သွားနေကြမယ် ဆိုရင်တော့ ရခိုင်ပြည်ဆိုတာ အနာဂတ်မှာ ရှိနိုင်မှာ မဟုတ်ဘူး” ဟု အရှင် ခေမာစာရက ဆိုသည်။

သို့အတွက် ရခိုင်အမျိုးသားများ အနေဖြင့် မိမိတို့ မွေးရာဇာတိ ရခိုင်မြေတွင် အခက်အခဲ အကျပ်အတည်းများ ရှိသော်လည်း မိမိမြေကို မစွန့်ခွာဘဲ နေထိုင်ကြရန်လိုကြောင်း ပြောဆိုသည်ဟု ဆိုသည်။

ဇွန်လ ၁၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ် (Iowa State) မာရှဲလ်တောင်း (Marshalltown) မြို့တွင် ဆွေးနွေးပွဲ တက်ရောက်လာသူ ရခိုင်အမျိုးသားများအား ထိုသို့ အမျိုးသားရေး နိုးကြားမူ စကားများကို ပြောဆို လိုက်ခြင်း ဖြစ်သည်။

၎င်းပြင် ဆွေးနွေးပွဲတွင် လက်ရှိ ဘင်္ဂလီလူမျိုးများနှင့် ပတ်သက်ပြီး ရခိုင်ပြည်တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဘင်္ဂလီများနှင့် ပတ်သက်ပြီး ဆရာတော် ဦးခေမာစာရက မိန့်ကြားရာတွင် “ ရှေ့ခေတ် ဘင်္ဂလီ လူမျိုးများက ရခိုင်များကို ခေါ်ရာတွင် ရခိုင်ကို ပီပီသသ မခေါ်နိုင်သဖြင့် ရော်ခင်၊ ရော်ဟင်ဟု ခေါ်ဆိုကြောင်း၊ ထိုနာမည်မှာ ရခိုင်လူမျိုးများကို ခေါ်ဆိုသော နာမည်ဖြစ်သော်လည်း ရခိုင်ပြည်နယ်ထဲတွင် နေထိုင်ကြသူ ဘင်္ဂလီ တချို့က သမိုင်းလိမ်ကာ သူတို့ကို ခေါ်သော နာမည်ဟု ဆိုကာ ရိုဟင်ဂျာလူမျိုး အဖြစ် ပြုလုပ်ခဲ့ကြောင်း၊ ယနေ့တွင် ကမ္ဘာက လက်ခံလာအောင် နည်း မျိုးစုံဖြင့် လိမ်ညာရေးသား လုပ်ဆောင်နေကြောင်း၊ ထိုအထဲတွင် မြန်မာ ကျောင်းသား တချို့လည်း ပါဝင်ကြောင်း မိန့်ကြားသည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ကိုခိုင်ထွန်းက နိရဉ္စရာသို့ ပြောသည်။

ပြည်တွင်း ရခိုင် နှစ်ပါတီပေါင်းစည်းကိစ္စနှင့် ပတ်သက်ပြီးလည်း ဆရာတော် ဦးခေမာ စာရက ပြည်တွင်း ရခိုင် နှစ်ပါတီပေါင်းစည်းရေးကို သူ့အနေဖြင့် ကြိုဆိုပါကြောင်း၊ ရခိုင်ပြည်သူ၏ ဆန္ဒကို အလေးထားသည့် ရခိုင်ခေါင်းဆောင်များကို ဂုဏ်ယူပါကြောင်း၊ ရခိုင်ပြည်အရေးကိစ္စကို သူ့အနေဖြင့် တတ်နိုင်သည့် ဖက်က လုပ်ဆောင်ပေးသွားရန် ဆန္ဒရှိကြောင်း မိန့်ကြားခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ ဦးခေမာစာရ နှင့် ရခိုင်တိုင်းရင်းသားများ ဆွေးနွေးပွဲမှာ ပထဆုံးအကြိမ်ဖြစ်ပြီး ရခိုင်အမျိုးသား ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်ဟု အခမ်းအနားမှူး ကိုစိုးထွန်းက ပြောသည်။

ဆွေးနွေးပွဲကို ဇွန်လ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီမှ စတင်က တက်ရောက်ဆွေးနွေးသူများ၏ မေးမြန်းချက် များကို အပြန်အလှန်ဆွေးနွေးကြရာ ညနေ ၃ နာရီတွင် အောင်မြင်စွာ ပြီးဆုံး ခဲ့သည်ဟု ပြောသည်။

ဆရာတော် အရှင် ခေမာစာရသည် တောင်ကုတ် ဇာတိ ဖြစ်ပြီး ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ အတွင်း စမ်းချောင်းမြို့နယ် ရဟန်းပျို သမဂ္ဂ ဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး အရေးအခင်း အပြီးတွင် ထိုင်း- မြန်မာ နယ်စပ်သို့ ထွက်ခွါခဲ့သည်။ မြန်မာ- ထိုင်းနယ်စပ်တွင် ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂတွင် ဥက္ကဌ အဖြစ်တာဝန်ယူကာ စစ်အာဏာရှင် စနစ် ပြုတ်ကျရေးနှင့် ဒီမိုကရေစီရေးတို့ အတွက် နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံကာ ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့သည်။ လက်ရှိ အချိန်တွင် အမေရိကန် ပြည်ထောင်စု အာရီဇိုးနားတွင် သီတင်းသုံး နေထိုင်သည်။

No comments: