ကော့လီ
ယမန်နေ့က ကျင်းပတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နှစ်ဦး ထပ်မံဖြည့်စွက်လိုက်တယ်လို့ သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအတွင်းကပဲ ပါတီတည်ထောင်သူ ၁၅ ဦးထဲမှာ ပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင်နှစ်ဦး နုတ်ထွက်သွားပြီးနောက်ပိုင်း အခုလို နောက်ထပ်အသစ်နှစ်ဦး ထပ်မံ အစားထိုးလိုက်တာ ဖြစ်ပါတယ်။
ထပ်မံထည့်သွင်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နှစ်ဦးကတော့ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်ဇောသန်း၊ မိုးနဲမြိုန့ယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်မြင့် တို့ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လက ပင်လုံမြို့မှာ နေထိုင်တဲ့ စဝ်ဆိုင်မိန်း က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကရော၊ ပါတီဝင် အဖြစ်ကရော အရင်နုတ်ထွက်ခဲ့ပြီး မေလနှောင်းပိုင်းမှာတော့ မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းပန် က ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထပ်မံနုတ်ထွက်ခဲ့ပါတယ်။ စိုင်းပန် ဟာ ပါတီဝင် အဖြစ်ကတော့ နုတ်ထွက်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ နုတ်ထွက်သွားကြတာဟာ ဒီတစ်ကြိမ်နဲ့ဆို စုစုပေါင်း လေးဦး ရှိသွားပြီးတော့ အားလုံးဟာ ပါတီကို စတင်တည်ထောင်သူ ၁၅ ဦးထဲမှာ ပါဝင်သူများဖြစ်ကြပါတယ်။
ပထမဦးဆုံး နုတ်ထွက်ခဲ့တာကတော့ မူဆယ်မြို့က စိုင်းယီဆိုင် ဖြစ်ပြီးတော့ ၎င်းနောက် မိုးကုတ်မှ စိုင်းထွန်းအေး က ထပ်မံနုတ်ထွက်ခဲ့တယ်လို့သိရရပါတယ်။ စိုင်းယီဆိုင် နဲ့ စိုင်းထွန်းအေး တို့ကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် သို့ ဝင်ရောက်ခဲ့ပြီး စဝ်ဆိုင်မိန်း ကတော့ မည်သည့်ပါတီမှ ထပ်မံဝင်ရောက်ခြင်း မရှိဘဲ တောင်သူလယ်သမား အရေးများကို လိုက်လံဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ စိုင်းပန် ကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဝင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အဖြစ် ဆက်လက် ရပ်တည်နေပါတယ်။

No comments:
Post a Comment