ဂျွန်မိုးနိုင်
ယမန်နေ့က ကရင်နီဒုက္ခသည်စခန်းမှာ ကရင်နီသက်ကြီးရွယ်အို တစုမှ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာရ မြေစောင့်နတ် ပူဇော်ပွဲ အခမ်းအနားတရပ် ပြုလုပ်ပါတယ်။
လူသားတို့ရဲ့ ခေတ်မှီဖွံ့ဖြိုးလာတဲ့ နည်းပညာတွေကြောင့် တဖြည်းဖြည်းနဲ့ ပျက်သုဉ်းစ ပြုနေတဲ့ ကမ္ဘာမြေကြီးကို ထိန်းသိမ်း စောင့်ရှောက်ရန် လိုတဲ့အတွက် ထုံးတမ်းအစဉ်အလာအရ ယခုလို ပူဇော်ပသရတာဖြစ်တယ်လို့ ရပ်မိရပ်ဖ အဖိုး ခူးလော်ရယ်က ပြောပါတယ်။
“ကျနော်တို့  ဒီလိုပူဇော်တာ ကျနော်တို့ ကရင်နီအမျိုးသားတခု အတွက် ပဲရည်ရွယ်ပြီးတော့ လုပ်တာမဟုတ်ဘူး။ အခု ကျနော်တို့ လုပ်တာက ကမ္ဘာမြေကြီးတစ်ခုလုံးနဲ့ ဆိုင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ က သူ့ကို အင်မတန်မှီခိုနေရတယ်၊ ကမ္ဘာ မရှိရင် ကျနော်တို့ က ဘယ်လို အသက်ရှင်နိုင်မလဲ၊ ဒါကြောင့် သူ့ ကို ပြန်ပြီး ပူဇော်ရတာ ဖြစ်တယ်”
သစ်ပင်ကြီးတပင်အောက်မှာ ဆောက်လုပ်ထားတဲ့ ၃ပေ ပတ်လည်အရွယ်အစားရှိတဲ့ နတ်စင်မှာ ဖယောင်းတိုင်မီး၊ ခေါင်၊ အသားစိမ်းနဲ့ အမွေးတိုင်တွေထန်းညှိပြီး သက်ကြီးရွယ်အို သုံးလေးဦးကနေ ဦးဆောင်ပြီး ပူဇော်တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲက ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းမှာ ကျင်းပပြုလုပ်တာဖြစ်ပြီး ပူဇော်ပွဲကို လူဦးရေ ၂၀ တက်ရောက်ကြပါတယ်။
“ကျနော်တို့  ဒီလို မြေကြီး ပူဇော်ပွဲလုပ်တာ လူငယ်….အတွက်ကတော့ ထူးဆန်းတာပေါ့၊ ဘာဖြစ်လဲဆိုတော့ ဒီလိုလုပ်တာ ကျနော်တို့  ငယ်ငယ်ကတည်းက မမြင်ဖူးဘူးလေ အခုမှပဲ သိရတာပေါ့” လို့ ပူဇော်ပွဲကို လာရောက်ကြည့်ရှုတဲ့ လူငယ် စေရယ် ကနေပြောပါတယ်။
ပွဲလုပ်တဲ့အချိန်နဲ့ ကာလကတော့ များသော အားဖြင့် ဇွန် လတွင် ပြုလုပ်ပြီး နှစ်စဉ် နှစ်တိုင်းပြုလုပ်လေ့ တော့ မရှိပါဘူး။ ၂ နှစ် ၃ နှစ်ကြာမှ တခါ ပြုလုပ်လေ့ရှိကြပါတယ်။ ယခုပြုလုပ်ခဲ့တာလည်း ၂၀၁၁ မှ စတင်ကာ ယခု ၂၀၁၃ ခုနှစ်အထိ ဆိုရင်တော့ သုံးကြိမ်ရှိသွားပြီလို့ သိရပါတယ်။

No comments:
Post a Comment