သိင်္ဂီထွန်း | တနင်္လာနေ့၊ ဇွန်လ ၁၇ ရက် ၂၀၁၃
အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကိုးကြိမ်ပေးထားသော်လည်း အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေဆဲဖြစ်ရာ ၎င်းတို့အနက် လက်ကျန်နိုင်ငံရေးအကျဉ်းသား ၁၅၅ ဦးသည် ပြန်လွတ်လာနိုင်ချေရှိပြီး ထိုအထဲတွင် လက်ပန်တောင်းအရေး လှုပ်ရှားသူများလည်းပါသည်ဟု အစိုးရကဖွဲ့ပေးထားသော နိုင်ကျဉ်း စိစစ်ရေးကော်မတီဝင် ကိုဘိုကြည်ကပြောသည်။
နိုင်ကျဉ်းစိစစ်ရေးကော်မတီ၏ လေးကြိမ်မြောက်အစည်းအဝေးကို ရန်ကုန်ရှိ ငြိမ်းချမ်းရေးစင်တာရုံးခန်းတွင် ဇွန် ၁၆ ရက်က ကျင်းပအပြီး ထိုင်းအခြေစိုက် နိုင်ကျဉ်းပြန်လည်စောင့်ရှောက်ရေးအသင်း (မြန်မာ)၏ တွဲဖက် အတွင်းရေးမှူးလည်း ဖြစ်သူကိုဘိုကြည်က ယခုလိုပြောကြားလိုက်ခြင်းဖြစ်သည်။
''အဲဒီ့ ၁၅၅ ယောက်ကို လွတ်မြောက်ရေးအတွက် ဆက်ပြီးတော့ အလုပ်လုပ်ကြမှာပါ။ အဲလိုလုပ်တဲ့အခါမှာ အစိုးရအဖွဲ့နဲ့လည်း အနီးကပ်ပူးပေါင်းပြီး လွတ်မြောက် ဖို့အတွက်လုပ်သွားမယ်။ ဘယ်တော့ လွတ်မယ်ဆိုတာတော့ ကျွန်တော်တို့မပြောနိုင်ပါဘူး။ ဒါပေမယ့် တတ်နိုင်သမျှ အမြန်ဆုံးလွှတ်မယ်လို့ ကျွန်တော်ထင်ပါတယ်'' ဟု သူက ဆိုသည်။
သို့သော် ကိုဘိုကြည်တို့၏ နိုင်ကျဉ်း ပြန်လည်စောင့်ရှောက်ရေး ကော်မတီက ထုတ်ပြန်ထားသည်မှာ လက်ပန်းတောင် အရေးလှုပ်ရှားသဖြင့် အကျဉ်းကျသူ သုံးဦးမပါဝင်လျှင်သော်မှ အကျဉ်းကျဆဲနိုင်ကျဉ်း စုစုပေါင်း ၁၈၃ ဦးရှိဆဲဟု ထုတ်ပြန်ထားသည်။
ထို့ကြောင့် ယင်းစာရင်းဇယားနှင့် အစိုးရကဖွဲ့ပေးထားသည့် နိုင်ကျဉ်းစိစစ်ရေးကော်မတီက ပြန်လွှတ်ရန်ညှိမည့်နိုင်ကျဉ်းစာရင်းကြားတွင် ၃၁ ဦးကွာဟလျက်ရှိသည်။ ထိုသို့ဖြစ်ရသည်မှာ နိုင်ကျဉ်းဦးရေစာရင်းကောက်ခံမှုမှာ ပြီးပြည်စုံမှုမရှိသေးသဖြင့် ကော်မတီတွင် ကိန်းဂဏန်းအတိအကျမရသေး၍ဖြစ်ကြောင်း ကိုဘိုကြည်က ဆိုသည်။
အစိုးရကဖွဲ့ပေးလိုက်သည့် နိုင်ကျဉ်းစိစစ်ရေးကော်မတီသည် ပြီးခဲ့သည့်ဖေဖော်ဝါရီက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး သမ္မတရုံးဒုဝန်ကြီး၊ ပြည်ထဲရေးနှင့် အကျဉ်း ဦးစီးဌာနမှ အရာရှိများ ပါဝင်သည်။
ထို့ပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားများအဖွဲ့၊ နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ထိုင်းအခြေစိုက်နိုင်ကျဉ်း ပြန်လည်စောင့်ရှောက်ရေးကော်မတီ(မြန်မာ)မှ ခေါင်းဆောင်များလည်း ထိုကော်မတီတွင်ပါဝင်သည်။
ယင်းကော်မတီသည် နိုင်ငံရေးအကျဉ်းသားဆိုသည့် အဓိပ္ပာယ်ကိုဖွင့်လှစ်ရပြီး လွှတ်ခွင့်ပြုမည့် နိုင်ကျဉ်းများ၏ သတ်မှတ်ချက်ကိုညှိနှိုင်းရေးဆွဲခြင်း၊ လက်ရှိ နိုင်ကျဉ်းများကို စိစစ်၍ လွှတ်ပေးသင့်သူများကို လွှတ်ပေးရေး ညှိနှိုင်းခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရသလို ကော်မတီ၏ စစ်ဆေးတွေ့ရှိချက်များကို သမ္မတဦးသိန်းစိန်ထံ တင်ပြရသည်။
No comments:
Post a Comment