Monday, June 17, 2013

မလေးသွား ခိုးလှေနစ်၍ ၂ ဦးသေ၊ ၂၆ ဦး အသက်ဘေးမှ လွတ်မြှောက်

နိရဉ္စရာ

လူ ၂၈ ယောက်ကို တင်ဆောင်လာသော မလေးရှားသို့ တရားမ၀င်သွားသည့် စက်လှေ တစ်စီး မြန်မာ- ဘင်္ဂလာနယ်စပ်တွင် နစ်မြုပ်သွားရာ လူ ၂ ယောက် သေဆုံးပြီး ၂၆ ယောက်မှာ ရေကူးကာ အသက်ဘေးမှ လွတ်မြောက် လာခဲ့ကြသည်ဟု သတင်း ရရှိသည်။

သေဆုံးသူ နှစ်ယောက်၏ အလောင်းကို တက်ကနက် မြို့နယ် ဆားပြင်အုပ်စု ကာတာဘိုနီယာနှင့် မိုဟီခါလီယာ ပါရာ ပင်လယ်ပြင်တွင် ယမန်နေ့ (တနင်္ဂနွေ) နေ့လည်က ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

တက်ကနက် အခြေစိုက် အမှတ် (၄၂) ဘီဂျီဘီ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဂျာဟစ် ဟူစိန်က New Age သတင်းစာကို မလေးကို ခိုးသွားသည့် စက်လှေ တစ်စီး နစ်မြုပ်ရာမှ သေဆုံးသွားသူများ ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

အဆိုပါ သစ်သား စက်လှေသည် မလေးရှားကို ခိုးသွားမည့် လူ ပေါင်း ၂၈ ယောက်ကို တင်ဆောင်လာကြောင်း၊ တနင်္ဂနွေနေ့ နံနက် ၂ နာရီခန့် အချိန်တွင် ကာတာဘိုနီယာ ပင်လယ်တွင် နစ်မြုပ်သွားခဲ့ကြောင်း၊ လူ ၂၆ ဦးမှာ ကမ်းပေါ်သို့ ရေကူး ပြန်လာခဲ့ကြကြောင်း၊ နှစ်ဦးမှာ ရေနစ် သေဆုံးသွားကြောင်း ဗိုလ်မှူးကြီးက ပြောဆိုသည်ဟု ဖေါ်ပြသည်။


သေဆုံးသွားသူ နှစ်ယောက်၏ အလောင်းကို ဒေသခံများက ဆယ်ယူထားသည်ဟု ပြောသည်။ ကော့စ်ဘဇား ခရိုင် ရဲဌာနက လွန်ခဲ့သော တစ်ပတ် အတွင်း မလေးရှားကို ခိုးသွားရန် ကြံစည်သူ လူပေါင်း ၇၇ ယောက် ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

No comments: