Sunday, June 9, 2013

ခိုကိုးရာဘ၀မှ အများအားကိုးရာဘ၀သို့ ကြိုးစားတက်လှမ်းကြဖို့ ဇေယျသုခ ဆရာတော် မိန့်ကြား

အာရ်ကန်တိုင်းမ်စ်

အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်နိုင်ငံတွင် ခိုကိုးအခြေချနေထိုင် ရုန်းကန်လှုပ်ရှားနေရသော်လည်း တနေ့တချိန်တွင် အမေရိကန် နိုင်ငံအတွက်သာမက မြန်မာနိုင်ငံအတွက်ပါ ယုံကြည်အားကိုးထိုက်သည့် နိုင်ငံ့သားကောင်း သမီးကောင်း ရတနာများဖြစ်နိုင်အောင် ကြိုးစားတက်လှမ်းကြဖို့ မြန်မာကျောင်းသား ကျောင်းသူများအား ဇေယျသုခ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံက တိုက်တွန်း မိန့် ကြားလိုက်သည်။

ဇွန်လ ၈ ရက် စနေနေ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ဆေးဗစ် စင်တာ (civic center) ခန်းမ၌ ကျင်းပသော ပါလိုဒူရို အထက်တန်းကျောင်း ဘွဲ့နှင်းသဘင် (Palo Duro High School Graduation) သို့ ထေရ၀ါဒဗုဒ္ဓဘာသာ ကရင်ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးဥတ္တမသာရနှင့် ဇေယျသုခ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံတို့ က မြန်မာကျောင်းသား ကျောင်းသူများ၏ ပင့်ဖိတ်ချက်အရ ကြွရောက် ချီးမြှင့်အားပေးခဲ့ကြပြီး ထိုအခမ်းအနားအပြီးတွင် အာရ်ကန်တိုင်းမ်စ်မှ မေးမြန်းရာ တက္ကသိုလ် ကောလိပ်ဝင်တန်း အောင်မြင်သည့် မြန်မာကျောင်းသား ကျောင်းသူများနှင့် ထူးချွန်ပညာသင်ဆုရရှိသည့် မြန်မာကျောင်းသား ကျောင်းသူများအား ထိုသို့တိုက်တွန်း မိန့် ကြားလိုက်ခြင်းဖြစ်သည်။

ဇေယျသုခ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံက " အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိဖို့ အတွက် ရှေ့ဆက်ပြီးတော့ ကြိုးစားတက်လှမ်းနိုင်အောင် တွန်းအား၊ တနည်းအားဖြင့် ခွန်အားပေးလိုက်တာလို့ ဘုန်းဘုန်းက ရှုမြင်ပါတယ်။ လောလောဆဲမှာ အမေရိကန် အစိုးရကို မှီခိုအားကိုးပြီးနေနေရတဲ့ ဘ၀ကနေ တနေ့နေ့ တချိန်ချိန်မှာ အမေရိကန်အစိုးရနှင့် ကိုယ့်နိုင်ငံက ယုံကြည်အားကိုးလောက်တဲ့ နိုင်ငံ့သားကောင်း သမီးကောင်း ရတနာတွေဖြစ်ဖို့ထိ ရည်ရွယ် အားပေးပါတယ်။ " ဟု မိန့် ကြားတော်မူသည်။

၂၀၁၂-၂၀၁၃ ခုနှစ် ပညာသင်နှစ်တွင် ပါလို ဒူရို အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့်ကျောင်းသား ကျောင်းသူအရေအတွက်မှာ ၄၀၀ ခန့် ရှိပြီး ၉၈ ဦးမှာ ထူးချွန်ပညာသင်ဆု အသီးသီးတို့ ရရှိခဲ့ကြသည်။ ထို ၉၈ ဦးအထဲတွင် မြန်မာကျောင်းသား ကျောင်းသူ ၅ ဦးပါဝင်ပြီး ၄င်း ၅ ဦးထဲမှ ကျောင်းသားတဦးနှင့် ကျောင်းသူတဦးမှာ ထူးချွန်ပညာသင်ဆု အသီးသီးတို့ ရရှိခဲ့ကြသည်။

အမာရီလိုမြို့ ပါလိုဒူရို အထက်တန်းကျောင်းမှ ယခုနှစ် တက္ကသိုလ်ဝင်တန်းကို ထူးထူးချွန်ချွန်ဖြင့် ထိပ်ဆုံးမှ အောင်မြင်သည့်စရင်းတွင် အာရှလူမျိုးများပါဝင်လာကြသည်ကို တွေ့ မြင်ရကြောင်း ထူးချွန်ပညာသင်ဆု ၂ ဆုဖြင့် အောင်မြင်သည့် မြန်မာကျောင်းသူ မသမီးထွေးက အာရ်ကန်တိုင်းမ်စ်သို့ ပြောဆိုသည်။

အခမ်းအနားသို့ ကျောင်းသား ကျောင်းသူများ၏ မိသားစုများ စုစုပေါင်း ၃၀၀၀ နီးပါးခန့်  တက်ရောက် ချီးမြှင့်အားပေးခဲ့ကြကြောင်း သိရှိရသည်။ ၄င်းအခမ်းအနားကို နေ့ လည် ၂ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ၃ နာရီခွဲတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းလည်း သိရှိရသည်။

No comments: