ဖြူဖြူကို
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်ရေးကို (၃) လ ဆိုင်းထားပြီးမှ စီစဉ်ပေးမည် ဖြစ်ကြောင်း၊ မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန် လိုက်သည်ဟု မြန်မာနိုင်ငံသားများ နေရပ်ပြန်ရေးကို အကူအညီ ပေးနေသူဦးအောင်ကြီးက ဆိုပါသည်။
“ပြသနာ မဖြစ်ခင်တုန်းက CM သွားလျောက်မယ် ဆိုရင် တစ်နာရီ နှစ်နာရီ အတွင်း ရတယ်။ ဘာအထောက်အထားမှ မရှိဘူး ဆိုရင်လည်း မလေး အာဏာပိုင်တွေကို ဒဏ်ငွေ (၄၀၀) ဆောင်ပြီး တစ်လအတွင်း ထွက်ခွါခွင့် ပေးတယ်။ အခုပြသနာဖြစ်ပြီးတဲ့ နောက်ပိုင်းမှာတော့ စပယ်ရှယ်ပ့ါကို တစ်ရက်လုံး သွားစောင့်တယ်၊ ဒါတောင်မရဘူး။ ရရင်တောင်မှ ဖြတ်သန်းခွင့် သုံးလ ပိတ်ထားတာ ဆိုတော့ ပြန်ချင်တဲ့ အလုပ်သမား အများစုက နောက်ထပ် သုံးလထပ်စောင့်ရဦး မယ်လေ” ဟု ဆိုပါသည်။
ပြီးခဲ့သည့် ရက်ပိုင်းက အကြမ်းဖက်များကြောင့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ချင်ကြသလို သမ္မတ ကိုယ်တိုင် ကလည်း ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးနှင့် ဒုတိယ အလုပ်သမား ၀န်ကြီးများ ပါဝင်သည့် အထူးအဖွဲ့ ဖွဲ့ပြီး ဖြေရှင်းပေးရန် မလေးရှားသို့ စေလွှတ်ခဲ့ပါသည်။
ဤကဲ့သို့ (၃) လကြာ ဆိုင်းငံ့ ထားခြင်းသည် မလေးရှား လုပ်ငန်းရှင်များ၏ မေတ္တာ ရပ်ခံချက်ကြောင့်ဟု ဆိုပါသည်။ တရုတ် လုပ်ငန်းရှင်များသည် ယခုကဲ့သို့ မြန်မာနိုင်ငံသားများ အစုလိုက် ပြန်သွားမည် ဆိုပါက စက်ရုံတွင် အစားထိုး မည့်သူမရှိသေးသည့် အတွက်စီးပွားရေး လုပ်ငန်းများ ထိခိုက် လာမည်ဖြစ်သည်။ ဤသို့ကြောင့် တရုတ် လုပ်ငန်းရှင်များနှင့် မလေး အစိုးရ ပူးပေါင်းပြီး ယခုကဲ့သို့ သုံးလ ဆိုင်းငံ့ ထားခြင်း ဖြစ်သည်ဟုဆိုပါသည်။
အကြမ်းဖက် လှုပ်ရှားမှုများသည် လောလောဆယ်တွင် ငြိမ်သက်နေသလို ဖြစ်သော်လည်း မြန်မာနိုင်ငံသားများသည် နေရပ်ပြန်လိုကြပါသည်။ ၄င်းတို့သည် အကြမ်းဖက်မှု အရှိန်များနေသည့် တချိန်ထဲတွင် မလေး အာဏာပိုင်များကလည်း မြင်မြင်သမျှကို လိုက်လံ ဖမ်းဆီး ခဲ့မှုကြောင့် စိုးရိမ်စရာ ကျီးလန့်စာ စားဖြစ်ခဲ့ရကြောင်း ဆိုပါသည်။
“လက်ရှိ အခြေအနေကတော့ ကွာလာလမ်ပူ အနီးတ၀ိုက်မှာတော့ ပြသနာက ငြိမ်သက်နေပါပြီး ၊ နယ်ဘက်တွေမှာလည်း အလော စတားစွန် ထိုင်းဘက်ထနီဘက်မှာ မွန်နှစ်ယောက် ဗမာနှစ်ယောက် အခုတ်ခံရတယ်လို့ သတင်းကြား နေပါတယ်။ ပြန်တဲ့သူတွေရဲ့အခြေအနေကတော့ အတော်လေးကို ပြသနာက တက်နေပါတယ်။ အစကတော့ ပြန်တဲ့ လူတွေကို မြန်မာ အစိုးရဘက်က လေယာဉ် လက်မှတ် အလကား ပေးမယ်ပြန်ဖို့ စရိတ်ပေမယ့်လို့ ပြောထားပေမယ့်လည်း လက်တွေ့မှာဖြစ်မလာပါဟု အလုပ်သမားများအား အကူအညီပေးနေသူ ဦးအောင်ကြီးက ဆိုပါသည်။
အလကား မရသည့် အပြင် ပတ်စပို့ဈေး၊ CM ကြေး၊ ဒါဏ်ရိုက်ခ၊ ကြားပွဲစားခ ပေါင်းလျှင် မြန်မာ သံရုံးပေါက်ဈေးသည် မလေးရှားရင်းဂစ် (၁၃၀၀) မှ (၁၅၀၀) ဖြစ်လာပြီး ကြားပွဲစားကပင် ဈေးတက်လာသဖြင့် ရင်းဂစ် (၁၈၀၀) တောင်း နေပါသည်။ ထို့အပြင် မလေးအစိုးရမှ ဖမ်းထားသော အထောက်အထား စာရွက် စာတမ်း မရှိသူများလည်း ဤရက် အတောအတွင်း ရုံးတင် စစ်ဆေးတော့မည် ဖြစ်ပါသည်။
မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားများသည်၊ အကြမ်းဖက် ခံထားရသည့် အပြင် မြန်မာသံရုံး၏ အစီအမံကြောင့် အခက်အခဲ ဖြစ်နေရကြောင်း မြန်မာ သမ္မတအား အသိပေး စေလိုပါသည်။ မလေးရှားနိုင်ငံထဲတွင် တရားမ၀င် မြန်မာ အလုပ်သမား (၂) သိန်းခန့် ရှိပြီး၊ တရားဝင် အလုပ်သမား (၂) သိန်းခန့် အပြင် UN စောင့်ရှောက်ခွင့်ရ မြန်မာ ဒုက္ခသည် တသိန်းခန့် ရှိကြောင်း မလေးရှား အာဏာပိုင်များ စာရင်းအရ သိရှိရပါသည်။

No comments:
Post a Comment